မြန်မာနိုင်ငံမှာ Pokemon Go ဂိမ်း ခေတ်စားလာပြီးနောက်ပိုင်း ဂိမ်းနဲ့ပတ်သက်တဲ့ လုပ်ငန်းငယ်လေးတွေ ပေါ်ပေါက်လာပါတယ်။ ဒါအပြင် သိပ်မကြာသေးခင်က တယ်လီနောကုမ္ပဏီက စနေ၊ တနင်္ဂနွေနေ့တွေမှာ ပိုကီမွန်ဖမ်းထွက်ဖို့ Telenor Game On ဘတ်စ်ကားကြီးကို စီစဉ်ပေးတာမျိုး၊ Lure Module ကြဲမယ့်အချိန်တွေ ၊ Pokestop နေရာတွေကို ကြေညာပေးတာမျိုးတွေနဲ့ Promotion Campaign တွေ ပြုလုပ်ပါတယ်။ နောက်ပြီး ဂိမ်းကစားရာမှာအသုံးဝင်မယ့် Tips တွေ ၊ Tickets တွေကိုလည်း ရက် ၃၀ အခမဲ့ပို့ပေးတဲ့ ဝန်ဆောင်မှုပေးတာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ Pokemon Go ဂိမ်းကြောင့် ဖြစ်ပေါ်လာတဲ့ Marketing Trens ၊ Marketing ပြုလုပ်ရာမှာ အဓိကကျတဲ့ Lure Module အကြောင်းနဲ့အတူ ထူးခြားတဲ့ လုပ်ငန်းဖြစ်တဲ့ ပိုကီမွန် အကောင်လေးတွေဖမ်းဖို့ သီးသန့်Tour ထွက်ရှိတဲ့ Poke Bus Myanmar အကြောင်း ဖော်ပြလိုက်ပါတယ်။
နိုင်ငံတကာမှာ Pokemon Go ဂိမ်းကြာင့် ဖြစ်ပေါ်လာတဲ့ Marketing Trend . . .
Pokemon Go ဂိမ်းကို စပြီးမိတ်ဆက်တာ လပိုင်းပဲရှိနေသေးပေမဲ့ ဒီဂိမ်းကို Download ဆွဲတဲ့ လူဦးရေသန်းတစ်ရာကျော်နေပြီ၊ ဆက်လည်း Download ဆွဲနေဆဲပဲလို့ လေ့လာမှုတစ်ခုက ဖော်ထုတ်ထားပါတယ်။ ရှေ့ပိုင်းမှာ နာမည်ကျော်လူကြိုက်များခဲ့တဲ့ Angry Bird ဂိမ်း၊ Candy Crush ဂိမ်းတို့ကို Download ဆွဲတဲ့နှုန်းနဲ့ Pokemon Go ဂိမ်းကို Download ဆွဲတဲ့နှုန်းကို ယှဉ်ကြည့်ရင် လေးဆလောက် ကွာတာကိုတွေ့ရပါတယ်။
Pokemon ဂိမ်းကို ဆော့ကစားတဲ့ လူတွေဟာ သူတို့တကယ်ရောက်ရှိနေတဲ့ နေရာပေါ်အခြေခံပြီး ကစားရတာဖြစ်တာကြောင့် ကစားသူတွေ အများဆုံးသွားလေ့ရှိတဲ့ Pokestop တွေနားကို ရွေ့လျားစနစ်နဲ့ အရောင်းအဝယ်လုပ်နေတဲ့ လုပ်ငန်းငယ်တွေက ဆိုင်တွေ ပြောင်းရွှေ့ဖွင့်လှစ်ကုန်ပါပြီ။ ဒါအပြင် ကုမ္ပဏီတွေဟာ Pokestop တွေနားမှာ ကြော်ငြာတွေ၊ Promotion တွေ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲ စတာတွေကိုလည်း ပြုလုပ်လာနေတာကို တွေ့ရပါတယ်။ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေကလည်း ‘Pokemon Trainer Discount Here’ ဆိုတဲ့ ဆိုင်းဘုတ်တွေချိတ်ဆွဲထားပြီး ဆိုင်နားမှာ ပိုကီမွန်ကောင်လေးတွေ ဖမ်းမိတဲ့အခါ Discount ပေးတာတွေ ပြုလုပ်ကြပါတယ်။
ဒါအပြင် လူတွေဟာ Pokemon Go App ကို Facebook ထက်တောင် ပိုပြီးအသုံးပြုလာတာကြောင့် Online ကြော်ငြာလုပ်ငန်းတွေကလည်း မျက်စိကျနေတာကို တွေ့ရပါတယ်။ Buzzfeed လို Website မျိုးတွေကလည်း Pokemon Go ဂိမ်းကစားသူတွေ စိတ်ဝင်စားမယ့် ဆောင်းပါးတွေကို စဉ်ဆက်မပြတ်တင်ရင်း သူ့ website ကို လူများများလာကြည့်အောင် လုပ်ပါတယ်။
ဂျပန်နိုင်ငံမှာ Pokemon Go ဂိမ်းထုတ်လုပ်တဲ့ Niantic ကုမ္ပဏီဟာ McDonald နဲ့ ပေါင်းပြီး ဂိမ်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာ ဂိမ်းကုမ္ပဏီအနေနဲ့တခြားလုပ်ငန်းနဲ့ပါတနာအဖြစ် ပထမဆုံးပူးပေါင်းတာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း Corporatre Sponsor တွေ ထပ်ရှာဖို့ ရှိတယ်လို့ သိရပါတယ်။ Nike အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစုကလည်း ဂျပန်အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ လက်ရှိဘောလုံးရာသီမှာ အသုံးပြုမယ့်ဘောလုံးကို Pokemon Go ဂိမ်းမှာပါရှိတဲ့ Pokeball ဒီဇိုင်းနဲ့ ပုံဖော်ဖန်တီးပေးလိုက်တယ်လို့သိရပါတယ်။
Lure Module ဆိုတာ . . .
ကိုယ့်ဆိုင်ကို Customer များများလာအောင်လို့ နိုင်ငံခြားမှာတော့ ဈေးဆိုင်ငယ်တွေဟာ Lure Module တွေ သုံးပြီး ဆွဲဆောင်နေကြပါတယ်။ Pokemon Go ဂိမ်း ကစားသူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် အကောင်းဆုံးဂိမ်းကစားသူဖြစ်ဖို့ ဆော့နေကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ မနက်နှစ်နာရီလို အချိန်မျိုးမှာတောင် Pokestop (Pokemon ဖမ်းတဲ့နေရာမှာ အသုံးပြုရတဲ့ ပစ္စည်းတွေ ရယူနိုင်တဲ့နေရာ) မှာ တွေ့နေရပါတယ်။ ဂိမ်းကစားသူတွေဟာ Pokestop တွေမှာ Lure Module သုံးထားရင် Pokemon တွေကို ပိုဆွဲဆောင်နိုင်ပြီး အဲဒီအချိန်မှာ Pokemon ဖမ်းရင် Double Experience ရတဲ့အတွက်ကြောင့် Lure Module သုံးထားတဲ့ Pokestop တွေကို အပြေးအလွှား သွားနေကြပါတယ်။ ဒါကို သတိထားမိတဲ့ ဈေးဆိုင်ငယ်တွေက ကိုယ့်ရဲ့ဆိုင်ကို Customer တွေ ပိုလာအောင်ဆိုပြီး ဆိုင်မှာ Pokestop ရှိတယ်၊ Lure Module သုံးပေးထားတယ်ဆိုတဲ့ စကားလုံးတွေနဲ့ ဆွဲဆောင်နေကြပါတယ်။ Lure Module တစ်ခါသုံးရင် မိနစ် ၃၀ ထိခံတဲ့အတွက် ဈေးဆိုင်ငယ်တွေဟာ Niantic ကုမ္ပဏီကို သူတို့ဆိုင်ပတ်ဝန်းကျင်မှာ Pokestop တွေ ထားပေးဖို့ အလုအယက်တောင်းဆိုနေတဲ့အပြင် Lure Module တွေကိုလည်း အလုအယက် ဝယ်ယူနေကြပါတယ်။ ဒါပေမဲ့ ကြားရတဲ့သတင်းတွေအရ Niantic ကုမ္ပဏီက Pokestop ထားတဲ့နေရာတွေဟာ အရင်ကတည်းက သတ်မှတ်ထားပြီးသားဖြစ်တယ်လို့ ပြန်ပြောခဲ့ပေမဲ့ အခုချိန်မှာတော့ Pokestop ကို ကိုယ့်ဆိုင်ပတ်ဝန်းကျင်မှာ ရှိနေစေချင်ရင် https://support.pokemongo.nianticlabs.com/hc/en-us/requests/new?ticket_from_id=319928 ကနေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
[caption id="attachment_27537" align="alignnone" width="720"]Telenor ရဲ့ Game on ဘတ်စ်ကား[/caption]
ကိုထူးပြည့်အောင်နဲ့ ကိုရှိုင်းထွဋ်ဦး
Founders
Poke Bus Myanmar
လုပ်ငန်းစဖြစ်ခဲ့ပုံ . . .
ဒီလုပ်ငန်းကို ကျွန်တော်တို့က စီးပွားရေးပုံစံနဲ့စဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် ဒီဂိမ်းဆော့ရတာကို နှစ်သက်တဲ့အတွက် ကျွန်တော်တို့လို ဒီဂိမ်းဆော့ရတာနှစ်သက်တဲ့ သူငယ်ချင်းတွေနဲ့အတူတူ ဆော့နိုင်ဖို့ရည်ရွယ်ပြီး ဒီလုပ်ငန်းကိုစတင်ဖို့ အကြံဉာဏ်ရခဲ့တာပါ။ ဒီဂိမ်းကရွေ့လျားသွားလာပြီး ဆော့ရတဲ့ဂိမ်းဖြစ်တော့ ဂိမ်းဆော့တဲ့လူတွေအနေနဲ့ရွေ့လျားနေဖို့ လမ်းချည်းပဲ အမြဲတမ်းလျှောက်နေဖို့က အဆင်မပြေဘူး။ Bus ကားစီးပြီးဆော့မယ်ဆိုလည်း ကားက ကိုယ်သွားချင်တဲ့ နေရာ၊ ကိုယ်ရပ်ချင်တဲ့နေရာကို ကိုယ်သွားလိုတဲ့အရှိန်မျိုးနဲ့ သွားမပေးနိုင်ဘူး။ စီးရတာလည်း အဆင်မပြေဘူး။ Taxi နဲ့ သွားရင်လည်း ဈေးကတအားကြီးသွားရော။ ဒါကြောင့် သွားရတာလည်း အဆင်ပြေမယ်၊ ကားစီးရတာလည်း သက်သောင့်သက်သာဖြစ်မယ်၊ ကိုယ်သွားချင်တဲ့နေရာလည်း အလွယ်တကူ သွားလို့ရမယ်၊ ကားစီးရင်း Pokemon ကောင်လေးတွေကိုလည်း ဥဖောက်လို့ရမယ်ဆိုရင် ဂိမ်းကစားတဲ့သူတွေအတွက် ပိုအဆင်ပြေမယ်ဆိုတဲ့ စိတ်ကူးရယ်၊ နိုင်ငံတကာမှာလည်း Poke Bus တွေ ရှိနေပြီဆိုတာကို တွေ့ရတာကြောင့်ရယ် ဒါကို စလုပ်ဖြစ်ခဲ့တာပါ။
အဓိကကတော့ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့မဟုတ်ဘဲ ကိုယ့်လိုဒီဂိမ်းဆော့တဲ့၊ ကိုယ်နဲ့ဝါသနာတူတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းပြီးဆော့နိုင်ဖို့အတွက်လုပ်ဖြစ်ခဲ့တာပါ။
ဘယ်အချိန်ကစပြီး ဝန်ဆောင်မှုပေးနေတာလဲ၊ ဘယ်လိုဝန်ဆောင်မှုတွေ ပေးနေလဲ . . .
၂၀၁၆ ခုနှစ်၊ သြဂုတ်လနောက်ဆုံးပတ်ကစပြီး တနင်္ဂနွေနေ့တိုင်း မနက် ၉ နာရီကနေ ညနေ ၇ နာရီအထိ တစ်ရက်ကို ဆယ်နာရီလောက် ဝန်ဆောင်မှုပေးပါတယ်။ ခရီးစဉ်မှာ လိုက်ပါချင်တယ်ဆိုရင် လူတစ်ယောက်၊ လက်မှတ်တစ်စောင်ကို ခြောက်ထောင်ကျပ်၊ နေ့လယ်စာအပါဆိုရင် ၇,၅၀၀ ကျပ်နဲ့ ခရီးစဉ်တစ်ခုကို အများဆုံး လူအယောက် ၄၀ သတ်မှတ်ထားပါတယ်။ ဒါအပြင် ကားပေါ်မှာ Activity လေးတွေလုပ်ပြီး ဆော့တယ်။ သောက်ရေသန့်၊ အဆာပြေစားစရာ မုန့်တွေပံ့ပိုးပေးထားတဲ့အပြင် ကားပေါ်က တီဗီမှာလည်း Pokemon ခွေတွေ တောက်လျှောက်ဖွင့်ပေးထားတယ်။ Pokemon ဆော့တဲ့လူတွေ အဆင်ပြေစေဖို့ ကားရပ်တဲ့နေရာတိုင်းမှာ Pokemon တွေကို ဆွဲဆောင်ပေးတဲ့ Lure Module လည်း ကြဲပေးပါတယ်။ ကျွန်တော်တို့ကကားကို Tour Grade ပြည့်တဲ့ ကားကိုပဲသုံးထားသလို ကားပေါ်မှာ နိုင်ငံခြားသားတွေလည်း ပါလာတတ်တဲ့အတွက် အင်္ဂလိပ်စကားပြော Tour Grade လည်း ပံ့ပိုးပေးထားပါတယ်။ နောက်ပြီး ကားနံပါတ်ပြားကိုလည်း ကားရပ်တာကအစ အဆင်ပြေအောင် အပြာရောင်ကို အသုံးပြုပေးထားပါတယ်။
Pokemon တွေကို ဘယ်နေရာတွေမှာ အများဆုံးတွေ့နိုင်လဲ၊ ဘယ်လမ်းကြောင်းတွေကို အဓိကသွားလဲ . . .
အဓိကကတော့ ဆူးလေခန်းမရှေ့၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ အနောက်ဘက်မုခ်၊ ရွှေတိဂုံဘုရားပေါ်၊ ကန်တော်ကြီး မျှော်စင်ကျွန်း၊ မိုးကောင်းဘုရား၊ မြကျွန်းသာ၊ ဖူဆန်တရုတ်ဘုံကျောင်း၊ ကြားတောရလမ်း စတဲ့ နေရာတွေကို အသွားများပါတယ်။ အဲဒီနေရာတွေမှာ Pokestop တွေကိုလည်း အများဆုံးတွေ့နိုင်ပါတယ်။
Tour တစ်ခုစီစဉ်ရင် ကုန်ကျစရိတ်အနေနဲ့ ဘယ်လောက်ရှိပါသလဲ . . .
အဓိကကတော့ Marketing ကြေးနဲ့ ကားခကုန်ကျတာပါ။ တစ်ပတ်စာကုန်ကျစရိတ်ဆိုရင် နှစ်သိန်းနဲ့ ၂၅၀,၀၀၀ ဝန်းကျင်ကြားမှာ ရှိပါတယ်။
ခရီးစဉ်ကို ဘယ်လို Manage လုပ်ပါသလဲ . . .
ကျွန်တော်တိုY ခရီးစဉ် Plan ဆွဲထားပြီးသားရှိပါတယ်။ အဲဒါကို Tour Guide က ခရီးသည်တွေကို ရှင်းပြပေးတယ်။ ခရီးသည်တွေနဲ့ စကားပြောပေးတယ်။ နောက်ပြီး ကားသမားနဲ့လည်း Pokestop မိတဲ့နေရာမှာ ရပ်ပေးဖို့ ညှိထားရပါတယ်။ ကားသမားစိတ်ရှည်ဖို့ကလည်း အရေးကြီးပါတယ်။
Promotion ၊ Marketing နဲ့ Advertising တွေကို ဘယ်လိုလုပ်လဲ . . .
Promotion အနေနဲ့ ကားလက်မှတ် ဆယ်စောင်ဝယ်ရင် လက်မှတ်အခမဲ့ပို့ပေးတဲ့အပြင် ၁၀ ရာခိုင်နှုန်းလည်း Discount ပေးပါတယ်။ ကြော်ငြာအတွက်ကိုတော့ Facebook ကိုပဲ အဓိကအသုံးပြုထားပါတယ်။ ရွှေတိဂုံဘုရားတို့၊ ဆူးလေတို့မှာလည်း တစ်ပတ်ကို သုံး၊ လေးရက်လောက် Flyer ဝေလေ့ရှိပါတယ်။ နောက်ပြီး Pokemon နဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းရောင်းတဲ့ ဆိုင်တွေနဲ့လည်း သူတို့ရဲ့ပစ္စည်းကို ကျွန်တော်တို့ ရောင်းပေး၊ ကျွန်တော်တို့ ကားလက်မှတ်ကိုလည်း သူတို့ဆိုင်တွေမှာ ရောင်းပေးဖို့ ချိတ်ထားတာတွေ ရှိသလို ကားလက်မှတ်ရောင်းသလိုမျိုး ဆိုင်တွေမှာ Percentage ပေးပြီး ရောင်းပေးဖို့ ပြုလုပ်ထားတာတွေလည်း ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့နဲ့အတူ Pokemon လိုက်ဖမ်းတဲ့သူတွေထဲမှာ အကောင်းဆုံး Pokemon အကောင်ကို ဖမ်းနိုင်တဲ့သူကို နောက်တစ်ပတ်အတွက် ကားလက်မှတ် လက်ဆောင်တစ်စောင်ပြန်ပေးတဲ့ အစီအစဉ်လည်း ထည့်သွင်းထားပါတယ်။
နောက်ထပ်ဘာတွေ ဆက်လုပ်သွားဖို့ရှိလဲ . . .
ကျွန်တော်တို့ Poke Bus အပြင် Bus ကားလိုမျိုး နေ့တိုင်းပြေးနေမယ့် ကားမျိုးကိုလည်း ဝန်ဆောင်မှုပေးသွားနိုင်ဖို့ စီစဉ်နေတာရှိပါတယ်။ လူတိုင်းကြိုက်တဲ့အချိန် တက်စီးနိုင်အောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဒါကိုစီစဉ်နိုင်ဖို့ Bus ကား ရှာဖွေနေပါတယ်။
ဆက်သွယ်လို့ရနိုင်မယ့် လိပ်စာ . . .
www.facebook/PokeBusMM ကနေ ဆက်သွယ်နိုင်ပါတယ်။ အမှတ် ၁၂၇(အေ) ၊ ၅ လွှာ၊ အသောကလမ်း၊ အုတ်ကျင်း၊ လှိုင်မြို့နယ်မှာလည်း ရုံးခန်းဖွင့်လှစ်ထားပါတယ်။ ဖုန်းနံပါတ်က ၀၉-၇၉၀၁၈၉၃၆၇ ပါ။
အယ်ဒီတာအဖွဲ့