Dotcom Boom ဖြစ်စဉ်အပြီးတွင် ဆုံးခန်းတိုင်ပြီဟုထင်ပြီး စွန့်ပစ်ထားခြင်းခံရသည့် မထင်မရှား အင်တာနက်ကုမ္ပဏီတစ်ခု၏ အထင်ကြီးလေးစားဖွယ်ပြန်လည်ထူထောင်မှုအကြောင်းကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
Dotcom Boom ဖြစ်စဉ် . . .
နည်းပညာဆိုင်ရာ အစုရှယ်ယာဝင်များအနေနှင့် Dotcom Boom ဖြစ်စဉ်စတင်သည့် ဆယ်စုနှစ်တစ်ခု၏ အချိုးအကွေ့ကာလကတည်းက ဤမျှလောက် ထိခိုက်နစ်နာခဲ့ခြင်း မရှိပေ။ ဇူလိုင်လ ၁၉ ရက်နေ့တွင် S & P 500 ၏ ညွှန်ကိန်းများအရ IT ခေါ် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာအစုရှယ်ယာဈေးနှုန်းများသည် စံချိန်တင်ထိုးတက်သွားခဲ့သည်။ နောက်ဆုံး၊ အမြင့်ဆုံးဖြစ်ခဲ့သော ၂၀၀၀ ပြည့်နှစ် မတ်လ၏ စံချိန်ထက်မြင့်သည့် ဈေးနှုန်းဖြင့်ပိတ်ခဲ့သည်။ အမှန်မှာ Google ၊ Facebook နှင့် Amazon တို့ကဲ့သို့ အလွန်ကြီးမားသည့် ကုမ္ပဏီကြီးများ ဇာတ်စင်မီးရောင်အောက်တွင် ကြီးစိုးခဲ့ကြပြီး အခြားကုမ္ပဏီများ မထင်မရှားဖြတ်ကျော်သွားခဲ့ကြရသည်။ ပိုမိုအာရုံစိုက်ခြင်းခံရသင့်သည့် ကုမ္ပဏီတစ်ခုမှာ ကမ္ဘာ့အကြီးဆုံး Online ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် Priceline ကုမ္ပဏီဖြစ်သည်။
Priceline ၏ အစ . . .
Dotcom Boom ဖြစ်ရပ်ကို ပြန်လည်မှတ်မိလောက်အောင် အသက်အရွယ်ကြီးရင့်သည့်သူများအနေနှင့် Priceline ကုမ္ပဏီနှင့် ဆက်လက်ပတ်သက်ကောင်း ပတ်သက်နေလိမ့်ဦးမည်ဖြစ်သည်။ Priceline Co. ကို ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး သုံးစွဲသူများအား ဟိုတယ်အခန်းများ၊ လေယာဉ်ခရီးစဉ်များကို ကိုယ်တိုင်ဈေးနှုန်း ရွေးချယ်ခွင့်ပေးသည့် "name your own price" (ဈေးနှုန်းကို ကိုယ်တိုင်သတ်မှတ်ပါ) ဆိုသည့် ဆောင်ပုဒ်ဖြင့် လူသိများခဲ့သည်။ ယင်းသည် ယနေ့အင်အားကြီးမားသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်နေပေပြီ။ ကုမ္ပဏီသည် ဟိုတယ်အခန်း၊ မော်တော်ကားငှားရမ်းခြင်း၊ လေယာဉ်ခရီးစဉ်၊ စားသောက်ဆိုင် စသည်တို့အား ကြိုတင် Booking လုပ်ခြင်းကိစ္စရပ်များကို ကမ္ဘာတစ်ဝန်း ဝန်ဆောင်မှုပေးခြင်းနှင့်အတူ Booking.com ၊ Kayak ၊ Agoda ၊ Open Table စသည့် Website များဖြင့်လည်း လုပ်ငန်းလည်ပတ်နေပြီ ဖြစ်သည်။
ကုမ္ပဏီတန်ဖိုးနဲ့ လက်ရှိအစုရှယ်ယာတန်ဖိုး . . .
ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုက Priceline Co. ၏ အခွန်မဆောင်မီဝင်ငွေမှာ စုပေါင်းနှစ်စဉ် နှုန်းထားအရ ၄၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ဤသည်မှာ Apple ၊ Amazon ၊ Netflix နှင့် Alphabet ကုမ္ပဏီတို့ထက် မြန်ဆန်သည့်နှုန်းဖြစ်သည်။ (ပုံစံဇယားကိုကြည့်ပါ)။ ၉၆ ရာခိုင်နှုန်း အသားတင်အမြတ်ငွေစံချိန်အဖြစ်လည်း ဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့သည်။
အလားတူပင် လွန်ခဲ့သည့် ၁၂ လအတွင်း ၎င်း၏အစုရှယ်ယာတန်ဖိုးမှာ ၅၀ ရာခိုင်နှုန်းတက်သွားခဲ့သည်။ ဇူလိုင်လ ၂၆ ရက်နေ့တွင် ကုမ္ပဏီ၏လုပ်ငန်းလည်ပတ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာဘီလီယံတစ်ရာ ကျော်လွန်သွားခဲ့သည်။
ထိုသို့မြန်ဆန်စွာ တိုးတက်ရသည့်အကြောင်းရင်းများထဲမှ တစ်ချက်မှာကုမ္ပဏီသည် Silicon Valley တွင်မဟုတ်ဘဲ Connecticut တွင် အခြေစိုက်ထားသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ သို့သော် လုပ်ငန်းလည်ပတ်မှုတန်ဖိုး ဒေါ်လာသုံးဆယ်ဘီလီယံတန်ဖိုးရှိ Airbnb Co. ကိုသာ မျက်စိကျနေခဲ့သည့် ပညာရှင်များ၊ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများသည် Priceline Co. ကို သတိမထားမိဘဲ ကျော်လွှားသွားခဲ့ကြသည်။
San Francisco ရှိ Venture Capitalist များကို Priceline Co. အကြောင်း မေးမြန်းကြည့်မည်ဆိုလျှင်တောင် အတိအကျသိသူနည်းလိမ့်မည်။ တချို့သောအတွင်းသိ ပုဂ္ဂိုလ်များကသာ ကုမ္ပဏီအကြောင်း ပို၍သိကြသည်။ လုပ်ငန်းတူယှဉ်ပြိုင်ဘက်များကတော့ Priceline အကြောင်းပိုသိကြမည်။
''ဒါကတော့ တခြားဘယ်သူမှမလုပ်နိုင်တဲ့အရာတစ်ခုပဲဆိုပြီး လက်ညှိုးထိုးပြောပြလို့ရလောက်တဲ့ကိစ္စတော့ မည်မည်ရရ ဘာမှမရှိပါဘူး။ ဒါပေမဲ့ Priceline ဟာ အဘက်ဘက်မှာ တခြားသူတွေထက် အရာအားလုံးကို ပိုပြီးကောင်းအောင်လုပ်နေတယ်ဆိုတဲ့ အချက်တစ်ခုပါပဲ'' ဟု အခြား Online ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် Hipmunk ၏ ပိုင်ရှင်ဖြစ်သူ Adam Goldstein က မှတ်ချက်ပေးဖူးခဲ့သည်။
အောင်မြင်မှုရစေတဲ့အချက်တွေ . . .
Priceline Co. အား အောင်မြင်မှုရစေသည့် အရေးကြီးဆုံးအချက်တစ်ခုမှာ ဝယ်ယူမှုများပြုလုပ်ရာတွင် ရှင်းလင်းပြတ်သားပြီး ခိုင်မာသည့်ဆုံးဖြတ်ချက်ကောင်း ချမှတ်နိုင်ခြင်း ဖြစ်သည်။ ဟိုတယ်အသေးစိတ်စာရင်းများအားစုစည်းသည့် Dutch Website တစ်ခုဖြစ်ပြီး၊ British Travel Site တစ်ခုဖြစ်သော Active Hotel ဟုခေါ်သည့် အခြားကုမ္ပဏီတစ်ခုနှင့် ပေါင်းစပ်ခဲ့သည့် "Booking.com Co" အား ၂၀၀၅ ခုနှစ်က ဒေါ်လာ ၁၃၅ သန်းဖြင့် ဝယ်ယူခဲ့သည်။ ယနေ့ Booking.com သည် ဟိုတယ်အခန်းများ ငှားရမ်းခြင်းနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် အကြီးမားဆုံးဝန်ဆောင်မှုပေးနေပြီး Priceline Co. တစ်ခုလုံး၏ ဝင်ငွေနှင့် ကုမ္ပဏီဈေးကွက်တန်ဖိုး၏ကြီးမားသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပြီဖြစ်သည်။ ရင်းနှီးမြှုပ်နံှမှုဘဏ် RBC Capital မှ Mark Mahaney ဆိုသူက ''Booking.com ကုမ္ပဏီအားဝယ်ယူခဲ့ခြင်းသည် အင်တာနက်ရာဇဝင်တွင် အကောင်းဆုံးရောင်းအဝယ်များအနက်တစ်ခုဖြစ်သည်'' ဟု ဆိုခဲ့သည်။
Priceline Co. အနေနှင့် Orbits ၊ Travelocity ၊ Trivago ၊ Hotel.com စသည့် Websites များအား လည်ပတ်နေသည့် အပြိုင်အဆိုင် Online ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် Expedia ထက် အမြတ်အစွန်းပိုရပြီး ပိုမိုတန်ဖိုးထားခြင်းခံရသည့် အကြောင်းရင်းမှာ နေရာထိုင်ခင်း/တည်းခိုမှုများအပေါ် ပိုမိုအာရုံစိုက်မှုကြောင့်ဖြစ်သည်။ Expedia အနေနှင့် လေယာဉ်ခရီးများ Booking လုပ်ခြင်းဝန်ဆောင်မှုအား ပိုမိုအသားပေးလုပ်ဆောင်လျက်ရှိပြီး ယင်းလုပ်ငန်းမှာ အကျိုးအမြတ်မများလှပေ။ ရင်းနှီးမြှုပ်နံှမှုဘဏ်တစ်ခုဖြစ်သည့် Morgan Stanley ပိုင် Brian Nowak ဘဏ်၏အဆိုအရ Online ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများသည် ဟိုတယ်ငှားရမ်းခြင်းလုပ်ငန်းမှ အကျိုးဆောင်ခကော်မရှင် ၁၅.၁၈ ရာခိုင်နှုန်းကို တစ်လုံးတစ်ခဲရရှိနေသောအချိန်တွင် လေယာဉ်လက်မှတ်ဖိုးမှ အကျိုးဆောင်ခ ၃.၄ ရာခိုင်နှုန်းသာ ရရှိကြသည်ဟု သိရသည်။
နည်းပညာကို လိမ္မာပါးနပ်စွာသုံးခြင်း . . .
Priceline သည်၊ Google နှင့် Amazon တို့ကဲ့သို့ အဆင့်မြင့်နည်းပညာကုမ္ပဏီဖြစ်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ နည်းပညာကို လိမ္မာပါးနပ်စွာအသုံးချနိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကောလာဟလတစ်ရပ်က ၎င်းသည် Google အသုံးပြုသူများတွင် ငွေကြေးအများဆုံးသုံးစွဲသူ ဖြစ်သည်ဟုဆိုသည်။ ပြီးခဲ့သည့်နှစ်က ကုမ္ပဏီသည် "Performance Marketing" ကဏ္ဍတွင် ဒေါ်လာ ၃.၅ ဘီလီယံသုံးစွဲခဲ့သည်။ Booking.com သည် ကဏ္ဍအသစ်များကိုလည်း အစဉ်မပြတ်တင်ဆက်နိုင်ရန် ကြိုးစားလျက်ရှိသည်။ သုံးစွဲသူများအနေနှင့် "Book" ဆိုသည့် စာလုံးအားနှိပ်ရန် မည်သည့်အချက်က စေ့ဆော်နေသနည်းဆိုသည်ကိုသိရန် တစ်နေ့လျှင် စမ်းသပ်မှုပေါင်းတစ်ထောင်ခန့် ပြုလုပ်လျက်ရှိသည်။ ဤစမ်းသပ်မှုများတွင် Booking အခမဲ့ပယ်ဖျက်ခြင်းနှင့် ဟိုတယ်များအား ၎င်းတို့၏ Free Wi-Fi အရည်အသွေးများပေါ်မူတည်၍ အဆင့်သတ်မှတ်ခြင်းများသည် အမြဲတမ်းပါဝင်သည့်ကဏ္ဍများ ဖြစ်လာကြသည်။
တည်ထောင်သူများ၏ အရည်အချင်းကြောင့် ပိုအောင်မြင် . . .
ခေါင်းဆောင်ပိုင်း၏ တည်ငြိမ်စွာအုပ်ချုပ်နိုင်သည့် အရည်အချင်းကလည်း ကုမ္ပဏီကိုများစွာ အထောက်အကူပြုခဲ့သည်။ ယခင်အုပ်ချုပ်သူဟောင်းဖြစ်သူ Darren Huston သည် လက်အောက်အမှုထမ်းတစ်ဦးနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်သည့်ကိစ္စဖြင့် ရာထူးမှနုတ်ထွက်ခဲ့ရပြီး နောက်ဇန်နဝါရီလအတွင်းက Glenn Fogel ဆိုသူက Priceline Co. ၏ အုပ်ချုပ်သူဖြစ်လာခဲ့သည်။ သို့သော် ယခင်ကရင်းနှီးမြှုပ်နှံမှုကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ဖူးသူ Mr. Fogel သည် Priceline Co. တွင် ၁၆ နှစ်ကြာ လုပ်ကိုင်ခဲ့သူလည်းဖြစ်သလို Booking.com သဘောတူညီမှုကိစ္စတွင် စတင်လှုပ်ရှားသူတစ်ဦးအဖြစ်ပါ ဂုဏ်သတင်းတက်ခဲ့သည်။ Mr. Fogel ကို လုပ်ငန်းအောင်မြင်ခဲ့သည့် အကြောင်းရင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် လုပ်ငန်းခွဲအား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စီမံလုပ်ကိုင်စေခဲ့ခြင်းများက အောင်မြင်မှု၏ အကြောင်းရင်းအချို့အဖြစ်ပြောဆိုခဲ့သည်။ Priceline Co. က ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၁.၈ ဘီလီယံနှင့် ဝယ်ယူခဲ့သော ခရီးသွားလာမှုများအား စုစည်းမှတ်သားသည့် Kayak ကုမ္ပဏီသည် ယင်း၏ဌာနချုပ်ကို Priceline Co. နှင့် ခြောက်မိုင်မျှသာ ကွာဝေးသောမူလနေရာတွင် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ကိုယ်တိုင်သင်ယူဆဲသင်ခန်းစာများ . . .
ကုမ္ပဏီ၏ ကိုယ်ပိုင်ဖြစ်ရပ်ဟောင်းများမှ ရရှိခဲ့သည့် သင်ခန်းစာများလည်း ရှိသေးသည်။ သင်ခန်းစာတစ်ခုမှာ အကြောင်းအရာများစွာကို တစ်ပြိုင်တည်း သိမ်းကျုံးမလုပ်မိရန်ဖြစ်သည်။ ကုမ္ပဏီသည် Dotcom Boom ကာလအတွင်းက စားသုံးသူလူထုအား ဓာတ်ဆီ၊ စားသောက်ကုန်နှင့် အပေါင်ထားသည့်ကိစ္စများမှအစ ကိုယ်တိုင်တန်ဖိုးဖြတ် ခွင့်ပေးခဲ့သည့် သင်ကိုယ်တိုင်တန်ဖိုးဖြတ်ပါဆိုသည့် အယူအဆကို လွန်ကဲစွာသုံးစွဲခဲ့သည်။ နောက်ဆက်တွဲဖြစ်ရပ်များမှာ အခြေအနေမကောင်းလှပေ။ Priceline Co. ၏ ဈေးကွက်တန်ဖိုးမှာ ၉၉ ရာခိုင်နှုန်းကျော်၊ ဒေါ်လာ ၁၉၀ သန်းသို့ ကျဆင်းခဲ့သည်။ (အစုရှယ်ယာဈေးနှုန်းမှာ ထိုအနိမ့်ဆုံးအချိန်မှစတင်၍ ၃၀,၀၀၀ ရာခိုင်နှုန်း အဆသုံးရာတက်ခဲ့သည်)။ ထိုအတွေ့အကြုံက အုပ်ချုပ်ရေးအဖွဲ့အား စည်းကမ်းထိန်းသိမ်းရေးနှင့် အမြတ်အစွန်းများအား တန်ဖိုးထားဖို့ သင်ခန်းစာပေးခဲ့သည်။
တောက်ပနေသည့်အနာဂတ် . . .
လေ့လာဆန်းစစ်သူများ၏ တွက်ချက်မှုများသာ မှန်ကန်မည်ဆိုလျှင် Priceline ၏ အနာဂတ်သည် အလားအလာကောင်းသည့် အနေအထားတွင်ရှိသည်။ ပြီးခဲ့သည့်နှစ်က ခရီးသွားလုပ်ငန်းလည်ပတ်မှုသည် တစ်ကမ္ဘာလုံး GDP ၏ ၁၀ ရာခိုင်နှုန်း ဒေါ်လာ ၇၆ ထရီလီယံရှိခဲ့သည်။ သို့ရာတွင် ယင်းတန်ဖိုး၏ သုံးပုံတစ်ပုံသာလျှင် Online မှ Booking လုပ်ခြင်းဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခုတွင် ဤကဏ္ဍသည် e-commerce လုပ်ငန်းနှင့် တစ်ပြိုင်တည်းလိုပင် ပိုမိုကျယ်ပြန့်စွာလာမည်၊ Points အားဖြင့် နှစ်စဉ်ရာခိုင်နှုန်း အနည်းငယ်တက်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ လူအများ ငွေကြေးပိုမိုအဆင်ပြေလာကြသည်နှင့်အမျှ ခရီးပိုသွားလိုကြလိမ့်မည်ဖြစ်ပြီး အသစ်ထွက်ပေါ်လာသည့် ဈေးကွက်များအနက်အများစုမှာ နိုင်ငံရပ်ခြားသို့ ပထမဆုံးအကြိမ် စွန့်စားသွားရောက်ကြခြင်းဖြစ်သည်။
ဈေးကွက်သစ်များ . . .
ဈေးကွက်သစ်များကလည်း ဖိတ်ခေါ်လျက်ရှိသည်။ နေရာထိုင်ခင်းအပြောင်းအလဲဆိုသည့် အခြေခံသဘောသဘာဝဖြစ်သည့် တိုက်ခန်းများ၊ ဗီလာများ၊ လုံးချင်းအိမ်များ ငှားရမ်းခြင်းကို Airbnb ၊ Home Away ၊ VRBO တို့ကဲ့သို့သော ကုမ္ပဏီများ (Home Away ၊ VRBO ကို ယခုအခါ Expedia Co. က ပိုင်ဆိုင်ထားသည်) က ရေပန်းစားနိုင်စေဖို့ ကြိုးစားကြသည်။ သို့သော် Priceline သည် ယင်းနယ်ပယ်တွင် ကြီးထွားလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်က 'နေရာထိုင်ခင်းအပြောင်းအလဲ' အရေအတွက်ပေါင်း ၅၆၈,၀၀၀ ဈေးကွက်တွင်ရှိခဲ့ပြီး အများစုမှာ အိမ်ကြီးတစ်လုံးအတွင်းရှိ သီးသန့်အခန်းတစ်ခုခုကို ငှားရမ်းခြင်းသာဖြစ်သည်။ ထိုအချိန် Priceline ၏ ဈေးကွက်တွင် အိမ်တစ်ဆောင်လုံးကို ငှားရမ်းခြင်းများရှိနေပြီး အများစုမှာ ကျွမ်းကျင်သူများနှင့် ကြိုတင်ပြင်ဆင်မွမ်းမံထားပြီး ဖြစ်သည်။ Mr. Fogel က ''ဟိုတယ်နှင့် အခြားနေရာထိုင်ခင်း၊ နှစ်မျိုးလုံးအား Priceline ၏ ဈေးကွက်တင်သည့်ပုံစံက ပို၍လက်တွေ့ကျကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရွေးချယ်စရာမျိုးစုံကို တစ်နေရာတည်းတွင် တစ်ချိန်တည်းရရှိသည့်အခွင့်အရေးကို လူအများသဘောကျလေ့ရှိသောကြောင့်ဖြစ်ကြောင်း'' ပြောဆိုခဲ့သည်။ သို့သော် Priceline အနေနှင့် Airbnb နှင့် ဆက်လက်ယှဉ်ပြိုင်နေရမည်သာ ဖြစ်သည်။ နောက်တစ်နှစ်ခန့်အကြာတွင် Public Listed လုပ်ဖို့ အစီအစဉ်ရှိသည့် Airbnb သည် တန်ဖိုးမြှင့်တင်ရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ခေတ်ဆန်သားနားသည့် ဟိုတယ်များ၊ ညအိပ်စရာနှင့် နံနက်စာဝန်ဆောင်မှုပေးသည့် တည်းခိုခန်းများကိုပါ တိုးချဲ့ဝန်ဆောင်မှုပေးရန်နှင့် လေကြောင်းခရီးစဉ်များ ဝန်ဆောင်မှုပေးရေးကိုလည်း ကြံစည်ထားသည်ဟု သိရသော်လည်း အသေးစိတ်အစီအစဉ်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။
အားကောင်းသော ယှဉ်ပြိုင်ဘက် . . .
Priceline နှင့် Airbnb တို့သည် သုံးစွဲသူများ ခရီးသွားလာနေသည့်ကာလအတွင်း ငွေကြေးပိုမိုသုံးစွဲကြစေရန် ဆွဲဆောင်နိုင်ရေးအပေါ်တွင်လည်း ဆက်လက်ယှဉ်ပြိုင်နေကြဦးမည်ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် Airbnb Co. က ခရီးသွားများအတွက် လမ်းပြများစီစဉ်ပေးခြင်းဖြင့် ဒေသတွင်းအတွေ့အကြုံ ဗဟုသုတများရစေနိုင်ရန် စီစဉ်ပေးခဲ့သည်။ Booking.com ကလည်း မြို့ပေါင်းများစွာတွင် 'လည်ပတ်ကြည့်ရှုခြင်းနှင့် ဒေသခံလူထုနှင့်အတူ အခြေခံကျသည့် လှုပ်ရှားမှုအစီအစဉ်များတွင် ပါဝင်စေခြင်းစသည့် ဝန်ဆောင်မှုများ' အား စမ်းသပ်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ ''ခရီးသွားခြင်းအတွက် လုံးဝဥဿုံပြီး ပြည့်စုံသည့် ဝန်ဆောင်မှုပေးခြင်းဖြင့် လူအများဟိုတယ်များတွင် တန်းစီစရာမလိုဘဲ Check-in လုပ်နိုင်ခြင်း၊ (လေယာဉ်အတက်တွင် ပြုလုပ်သကဲ့သို့) မိမိ၏ Hand-phone အား လက်ဖြင့် တစ်ချက်ပွတ်ဆွဲလိုက်ရုံဖြင့် မိမိ၏ဟိုတယ်အခန်းထဲသို့ ဝင်နိုင်ခြင်း၊ Open Table Website ဖြင့် ညစာကြိုတင်စီစဉ်ခြင်းများ စသည့်ဝန်ဆောင်မှုပေးနိုင်မည့် အကြံဉာဏ်ဖြစ်သည်'' ဟု Mr. Fogel က ပြောကြားခဲ့သည်။ ထိုကဲ့သို့ ဝန်ဆောင်မှုများအားဖြင့် ကုမ္ပဏီအနေနှင့် လူအများကို ၎င်းတို့၏ ဝန်ဆောင်မှုအားသုံးစွဲရန် ပိုမိုဆွဲဆောင်နိုင်ခြင်းကိုသာမက အသုံးပြုသူများအနေနှင့် ဟိုတယ်နှင့် စားသောက်ဆိုင်များသို့ တိုက်ရိုက်မဟုတ်တော့ဘဲ ကုမ္ပဏီ၏ Website ကို ဆက်လက်အသုံးပြုခြင်းအား သေချာစေမည် ဖြစ်သည်။
သို့သော် ခရီးသွားလာမှုတွင် လိုအပ်မည့်အရာအားလုံးအတွက် တစ်နေရာတည်းမှ ဝန်ဆောင်မှုအလုံးစုံပေးခြင်းသည် လွယ်ကူမည့်ကိစ္စတော့မဟုတ်ပေ။ Priceline ကုမ္ပဏီ၏ အောင်မြင်မှုအနည်းဆုံးကဏ္ဍမှာ ၂၀၁၄ ခုနှစ်က ဒေါ်လာ ၂.၆ ဘီလီယံသုံးစွဲခဲ့ရသည့် Open Table ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က စားသောက်ဆိုင်များသို့ ကြိုတင် Booking လုပ်ခြင်းတွင် မျှော်လင့်ထားသလောက် တိုးတက်မှုမရှိခဲ့သည့်အတွက် Priceline Co. မှ ၎င်းပိုင်လုပ်ငန်းတန်ဖိုး၏ သုံးပုံတစ်ပုံကို လျှော့ချခဲ့ရသည်။ ဤအချက်က 'စားသုံးသူများအနေနှင့် ဟိုတယ်ခန်းများ၊ လေယာဉ်ခရီးစဉ်များကို ဘက်စုံအသုံးပြုနိုင်သည့် Site များ အသုံးပြု၍ Booking လုပ်ခြင်းအားဖြင့် သက်သောင့်သက်သာရှိကြသော်လည်း ဒေသဆိုင်ရာအကြံပြုချက်များကို တကယ့်သက်ရှိအကူဝန်ထမ်းများထံ မေးမြန်းလိုကြသေးကြောင်း' ပြဆိုနေပေသည်။
Priceline Co. က စိုးရိမ်ပူပန်ရမည့်ပြိုင်ဘက်မှာ Airbnb တစ်ခုတည်းမဟုတ်ပါ။ နည်းပညာကုမ္ပဏီများကလည်း ပိုမိုထိရောက်သည့် တိုက်ခိုက်မှုများပြုလုပ်မည်ဖြစ်သည်။ Google မှနေ၍ Priceline ၏ Kayak ထံမှ သုံးစွဲသူများလွှဲပြောင်းယူရန်အတွက် လေယာဉ်ခရီးစဉ်များနှင့် လမ်းကြောင်းများကို လေ့လာရှာဖွေနိုင်သည့် အရည်အချင်းနှင့် အခွင့်အရေးဖန်တီးပေးနေပြီဖြစ်သည်။ ရှာဖွေရေးစနစ်ကြီးအနေနှင့် သုံးစွဲသူများနှင့် ပတ်သက်သည့် အချက်အလက်များစုစည်းထားသည့် ၎င်း၏ရတနာသေတ္တာကြီးကို ခရီးသွားလုပ်ငန်းအား ပိုမိုအတွင်းကျကျလေ့လာနိုင်ရန် အသုံးပြုနိုင်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အန္တရာယ်အကြီးမားဆုံးပြိုင်ဘက်သည် အခြားတစ်နေရာမှလည်း လုံးလုံးလျားလျား ထွက်ပေါ်လာနိုင်ပေသည်။ တရုတ်ကုမ္ပဏီကြီးတစ်ခု ဝင်ရောက်လာပြီး ဈေးကွက်နေရာဝင်ယူသွားမယ့်အချိန်ကို ကျွန်တော်တို့ စောင့်ကြည့်နေကြပါတယ်ဟု Expedia Co. ၏ အုပ်ချုပ်သူဟောင်းတစ်ဦးဖြစ်သူ Erik Blachford က ပြောဆိုခဲ့သည်။ Shanghai မြို့တွင် အခြေစိုက်ထားသည့် Ctrip ဆိုသည့် ခန့်မှန်းခြေတန်ဖိုး ဒေါ်လာဘီလီယံသုံးဆယ်ရှိသော အလွန်ကြီးမားသည့်ကုမ္ပဏီကြီးက ထင်ရှားသည့် ပြိုင်ဘက်တစ်ခုပင် ဖြစ်သည်။ သို့သော် ယင်းကုမ္ပဏီဘက်မှ အမှန်တကယ်လှုပ်ရှားလာခဲ့လျှင်လည်း Priceline အနေနှင့် ထိခိုက်စရာမရှိပါ။ Priceline ပိုင်ဆိုင်သည့် တရုတ်နိုင်ငံတွင်းရှိလုပ်ငန်းများ ကောင်းစွာလည်ပတ်နေရုံသာမက Ctrip ကုမ္ပဏီ၏ အကြွေးနှင့် အစုရှယ်ယာတန်ဖိုး ဒေါ်လာနှစ်ဘီလီယံကိုပါ ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။
ထို့ကြောင့် အလုံးစုံသော ခြုံငုံသုံးသပ်မှုများကို လေ့လာပြီးနောက်တွင် အချို့သောလေ့လာဆန်းစစ်သူများက Amazon ပြီးလျှင် Priceline အား အကောင်းဆုံးလည်ပတ်နေသည့် နိုင်ငံတကာကုမ္ပဏီတစ်ခုအနေနှင့် သတ်မှတ်ကြသည်မှာ အံ့သြစရာတစ်ရပ်တော့ မဟုတ်ပေ။
အောင်ကို (တောင်ငူ)