၁၉၉၀ ပြည့်နှစ်ရဲ့အစပိုင်း အင်တာနက်တွေကစပြီး ခေတ်စားတဲ့အချိန်မှာ ကျွန်တော်တို့လည်း Website တီထွင်ဖို့နဲ့ Website ရှိဖို့ ဖိအားပေးခံရတယ်။ အဲဒီအချိန်လေးကို ပြန်စဉ်းစားလိုက်ရင် သတိရမိတာက Goldman Sachs က ထွက်လာတဲ့လူတစ်ယောက် ရုံးကိုရောက်လာတယ်။ သူက အင်တာနက်နဲ့ပတ်သက်ပြီး ပြောတာက ''ခင်ဗျားတို့ စီးပွားရေးရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ဝင်ငွေသုံးနှစ်စာ ဖြစ်လာမှာပါ။ တစ်ဆက်တည်းမှာပဲ တခြားသူတွေက ပုံစံအမျိုးမျိုးနဲ့ အဆိုပြုချက်တွေ ပေးလာပါတယ်။ တချို့က အင်တာနက်နဲ့ပတ်သက်ပြီး လုပ်သင့်ကြောင်းနဲ့ ဒေါ်လာသန်း ၅၀ အထိ သုံးသင့်တယ်ဆိုတာတွေလည်း ပါလာပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့အုပ်စုထဲက ကုမ္ပဏီဖွဲ့ပြီး အများပိုင်ကုမ္ပဏီအဖြစ် အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်တာလည်း ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လုံးဝနားမလည်နိုင်တာက လူတွေက ကျွန်တော်တို့ရဲ့ Website ကို ဘာကြောင့် ကြည့်မှာလဲ ဆိုတာကိုပါပဲ။ အဲဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ကုမ္ပဏီကို အင်တာနက်မှာ ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေမိတယ်။ အဲဒါကလည်း ကျွန်တော်ကိုယ်တိုင်က ဂဃနဏ မသိတာရယ်၊ အမြော်အမြင်မရှိတာရယ်ကြောင့် ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း အမှတ်တံဆိပ် (Brand) က ပိုအရေးပါတယ်လို့ လက်ခံထားတာကလည်း တစ်ကြောင်းပေါ့လေ။
စဉ်းစားမိတာက ''ဘယ်လိုအမှတ်တံဆိပ်တစ်ခုကို အင်တာနက်ကတစ်ဆင့် လူသိအောင် လုပ်နိုင်မှာလဲ ဆိုတာပါပဲ။ လုပ်ရိုးလုပ်စဉ်အတိုင်း ပိုက်ဆံအများကြီးသုံးပြီး ကြော်ငြာရမယ်လို့ နားလည်ထားတယ်။ ပြီးတော့ ဘယ်တော့မှ အမြတ်ရမယ်ဆိုတာ မသေချာတဲ့ အလုပ်မျိုးကို စပြီးလုပ်ဖို့လည်း ဆန္ဒမရှိဘူးလေ။ ကျွန်တော် သင်ခဲ့ရတဲ့၊ နားလည်ခဲ့တဲ့ စီးပွားရေးပုံစံတွေနဲ့ လုံးဝကွဲပြားတော့ ရင်းနှီးမြှုပ်နှံဖို့ မစဉ်းစားခဲ့ပါဘူး။
အဲဒီနောက်ပိုင်း သုံးလေးနှစ်ကြာတဲ့အထိ အင်တာနက်ထဲကို ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့ကို တိုက်တွန်းကြတာတွေ ရှိပေမဲ့ ကျွန်တော်တို့ မဝင်ခဲ့ဘူး။ လက်ရှိလုပ်နည်းလုပ်ဟန်တွေနဲ့ ကျွမ်းကျင်မှုတွေနဲ့ အောင်မြင်နိုင်တယ်လို့ လုံးဝယုံကြည်ထားတာလေ။ ကျွန်တော်တို့ဘက်မှာ ဖောက်သည်တိုင်းသိတဲ့ အမှတ်တံဆိပ်ရှိနေတယ်။ ကိုယ့်ကုန်ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ပြသနိုင်တဲ့ ကျွမ်းကျင်မှုတွေရှိတယ်။ အဲဒီကုန်ပစ္စည်းတွေကို ဘယ်လိုဓာတ်ပုံရိုက်ပြီး ဖောက်သည်တွေကို ဘယ်လိုအသိပေး ရောင်းချရမယ်ဆိုတာ သိနေတယ်။ အများသိအောင် ဘယ်လိုသတင်းဆောင်းပါး ရေးရမယ်ဆိုတာ နားလည်ထားတယ်။ ဖောက်သည်တွေ ဆက်သွယ်လို့ရတဲ့ Call Center တွေရှိမယ်။ ပစ္စည်းတွေကို ဖြန့်ပေးနိုင်တဲ့ စင်တာတွေနဲ့ နည်းလမ်းတွေရှိတယ်။ အဆုံးစွန်ပြောရရင် ဖောက်သည်တွေကို ဘယ်လိုဝန်ဆောင်မှုမျိုးပေးရမယ်ဆိုတာ ကျွန်တော်တို့မှာရှိပြီးသားလေ။ ဉာဏ်စမ်းအရုပ်ဆက်ပြီးဆော့သလိုပဲ။ ကျွန်တော်တို့မှာ အပိုင်းအစတွေက ပြည့်စုံနေပါပြီ။ အချိန်ပဲစောင့်ရမယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ လက်တွေ့မှာလည်း ကံကောင်းစွာနဲ့ ကျွန်တော်တို့ မှန်သွားပါတယ်။ ကျွန်တော်တို့ အင်တာနက်လုပ်ဖို့ ဆုံးဖြတ်တဲ့အချိန်မှာ Williams Sonoma အမှတ်တံဆိပ်အတွက် မင်္ဂလာဆောင်မှတ်ပုံတင်တာနဲ့ပတ်သက်တဲ့ Website နဲ့ ပထမဆုံး စခဲ့ပါတယ်။ အဲဒီ Williams Sonoma အမှတ်တံဆိပ်နဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ရဲ့ တခြားအမှတ်တံဆိပ်တွေထိ တဖြည်းဖြည်းချဲ့နိုင်ခဲ့တယ်။ မနှစ်က အင်တာနက်ကတစ်ဆင့် ကျွန်တော်တို့ ဒေါ်လာ သန်းခြောက်ရာလောက်ထိ ရောင်းခဲ့ရတယ်။ ပြောရရင်တော့ စလုပ်ခဲ့တဲ့နေ့ကစပြီး အမြတ်အစွန်း ရခဲ့ပါတယ်။ အမြတ်အစွန်းရရှိတဲ့အနေအထားကို ကြည့်မယ်ဆိုရင် တခြားနည်းလမ်းတွေထက် အမြတ်များပြားခဲ့ပါတယ်။ ကျွန်တော်တို့အတွက် အောင်မြင်တဲ့အတွေ့အကြုံကောင်းတစ်ခုပါပဲ။
ကျွန်တော့်အတွက် သင်ခန်းစာကတော့ ပြန်ပြီးဆန်းစစ်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ဆင်ခြင်တုံတရားကို အပြည့်အဝယုံကြည်ဖို့ပါပဲ။ ခေါင်းဆောင်လုပ်ပြီဆိုတာနဲ့ အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်အပေါ် ပြတ်ပြတ်သားသား ရပ်တည်ဖို့ လိုတယ်ဆိုတာရယ်၊ ကိုယ့်အနားမှာ အမြဲတမ်း ''ဟုတ်ကဲ့'' ဆိုပြီး ခေါင်းညိတ်တဲ့လူတွေ ရှိမှာမဟုတ်ဘူးဆိုတာရယ် နားလည်ထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့အယူအဆ၊ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်ကို စိန်ခေါ်မယ့်သူတွေ၊ အတိုက်အခံပြုမယ့်သူတွေ အမြဲရှိနေမယ်ဆိုတာပါပဲ။ အောင်မြင်တဲ့ခေါင်းဆောင်တိုင်းမှာ ခိုင်မာတဲ့ခံယူချက်တွေရှိတတ်ပါတယ်။ ကျွန်တော်တို့လို ခေါင်းဆောင်တိုင်းမှာ ကိုယ်လုပ်ရမယ့်ကိစ္စတွေအတွက် သေသေချာချာစဉ်းစားပြင်ဆင်ထားဖို့ တာဝန်ရှိပါတယ်။ လူတိုင်းကို မေးစရာရှိတာမေးမယ်၊ လေ့လာမယ်။ ဖြစ်နိုင်ခြေမျိုးစုံစဉ်းစားထားမယ်။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်ရဲ့ခံယူချက်နဲ့ပတ်သက်ပြီး ပြင်လို့မရဘူးဆိုရင် ကျွန်တော်မှန်တယ်လို့ လက်ခံထားပါတယ်။ ကျွန်တော့်အနေနဲ့ ခိုင်မာတဲ့ခံယူချက်ရှိဖို့နဲ့ အဲဒီခံယူချက်အပေါ် သတ္တိရှိရှိရပ်တည်ဖို့ လိုတယ်ဆိုတာ ခံယူထားပါတယ်။
မှတ်သားဖို့ရာ
၁။ အခြေအနေအမျိုးမျိုးမှာ စီးပွားရေးခေါင်းဆောင်တွေအနေနဲ့ ငွေကြေးအမြတ်အစွန်းအများကြီး ရနိုင်တဲ့ခေတ်ပေါ်အလုပ်တွေလိုက်လုပ်ဖို့ ပြင်းပြင်းထန်ထန်ဖိအားပေးတာ ခံရတတ်ပါတယ်။
၂။ ရှင်းလင်းပြတ်သားတဲ့ရည်ရွယ်ချက်၊ သို့မဟုတ် လုပ်ထုံးလုပ်နည်းတွေမရှိဘဲ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘာမှဆက်မလုပ်သင့်ပါဘူး။ အခွင့်အရေးတွေ ဘယ်လောက်ပဲများပါစေ၊ အခြေအနေတွေ ဘယ်လောက်ပဲကောင်းနေပါစေ ငွေကြေးအကျိုးအမြတ်ရဖို့ မသေချာရင် လုပ်ငန်းသစ်တစ်ခုကို လုံးဝမစသင့်ပါဘူး။
၃။ အလုပ်တစ်ခုကို ဆက်လုပ်ဖို့ ဖိအားတွေ ဘယ်လိုပဲပြင်းထန်ပါစေ၊ ခေါင်းဆောင်တွေအနေနဲ့ ဆင်ခြင်တုံတရားနဲ့ ကိုယ့်ရဲ့ယုံကြည်ချက်၊ ခံယူချက်ကို စွဲစွဲမြဲမြဲလက်ကိုင်ထားဖို့ လိုအပ်ပါတယ်။
Williams Sonoma
Charles E. Williams က သူ့ရဲ့ Hardware စတိုးဆိုင်တစ်ခုကို ၁၉၄၇ ခုနှစ် California ပြည်နယ်ရှိ Sonoma မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့ရာ ပြင်သစ်နိုင်ငံရဲ့ ကြေးနီနဲ့ပြုလုပ်ထားတဲ့ အိမ်တွင်းမီးဖိုချောင်သုံးပစ္စည်းတွေကို သဘောကျခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူဟာ ဒီကုန်ပစ္စည်းတွေကို အမေရိကန်ကို တင်သွင်းဖို့ အစီအစဉ်ရေးဆွဲခဲ့ပြီး ၁၉၅၆ ခုနှစ်မှာတော့ သူ့ဆိုင်ကိုလည်း မီးဖိုချောင်သုံး ပစ္စည်းအရောင်းဆိုင်အဖြစ် ပြုပြင်ခဲ့ပါတယ်။ မကြာခင်မှာပဲ Williams Sonoma ဟာ အိမ်တွင်းသုံးအတွက်သာမက စားသောက်ဆိုင်ကြီးတွေအတွက်ပါ မီးဖိုချောင်သုံးပစ္စည်းတွေကို ရောင်းချပေးတဲ့လုပ်ငန်းအဖြစ် နာမည်ရလာပါတယ်။
၁၉၇၃ ခုနှစ်မှာတော့ သူ့ရဲ့ ဒုတိယခြေလှမ်းတစ်ခုအနေနဲ့ Bevery Hills မှာ နောက်ထပ်ဆိုင်အသစ်တစ်ခုကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ ကုန်ပစ္စည်းအသစ်တစ်ခုဖြစ်တဲ့ ကြိတ်စက်ကို မိတ်ဆက်ခဲ့ပြီး အမေရိကန်ဈေးကွက်ထဲကို ထိုးဖောက်ခဲ့ပါတယ်။ လုပ်ငန်းပိုင်ရှင် Williams ဟာ သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို Oklahma မြို့က စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်သူ W.Howard Lester နဲ့ James McMahan တို့ဆီ ရောင်းခဲ့ပြီး အဲဒီအချိန်မှာ လုပ်ငန်းရဲ့အမြတ်ဝင်ငွေဟာ ဒေါ်လာလေးသန်းခန့် ရှိနေခဲ့ပါတယ်။
အများပိုင်ရှယ်ယာရောင်းချမှုကို ၁၉၈၃ ခုနှစ်မှာ Williams Sonoma Inc အမည်နဲ့ စတင်ခဲ့ပြီး OTC မှာ ရှယ်ယာတစ်စောင်ကို ၂၃ ဒေါ်လာနှုန်းနဲ့ အစောင်ရေပေါင်းတစ်သန်း ရောင်းချခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ တစ်နှစ်ကို စတိုးဆိုင် ၁၂ ခုနှုန်းနဲ့ တိုးတက်လာခဲ့ပြီး အမေရိကန်နိုင်ငံအတွင်းမှာပဲ ဆိုင်ပေါင်း တစ်ရာကျော်ရှိလာတဲ့အထိ ဖြစ်လာပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ လုပ်ငန်းရှယ်ယာတွေကို New York Stock Exchange မှာရောင်းချနိုင်ဖို့ မှတ်ပုံတင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဆိုင်ပေါင်းခြောက်ရာကျော်ရှိပြီး အမေရိကန်၊ သြစတေးလျ၊ အရှေ့အလယ်ပိုင်းဒေသတွေနဲ့ အင်္ဂလန်အထိ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်လျက် ရှိပါတယ်။
ဒေါက်တာသာထွန်းဦး