ကျင့်ဝတ်ဆိုတာ နေရာတကာမှာ ရှိပါတယ်။ နိုင်ငံထဲမှာ နေတော့လည်း နိုင်ငံသားကျင့်ဝတ်၊ အိမ်မှာနေတော့လည်း အိမ်ရှင်ကျင့်ဝတ်၊ ကျောင်းရောက်တော့ ဆရာတပည့်ကျင့်ဝတ်၊ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ရောက်ရင်လည်း စေ့စပ်ညှိနှိုင်းဖော်ကျင့်ဝတ်ကိုတော့ လိုက်နာရမှာပါ။ စေ့စပ်ညှိနှိုင်းဖော်ကလည်း ကိုယ့်လိုပဲ နားလည်တတ်သူဖြစ်ရင်၊ ဒါမှမဟုတ် ကိုယ့်အပြုအမူကို ချက်ချင်းအကဲခတ်နိုင်သူဖြစ်တယ်ဆိုရင်၊ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းက ဘယ်လောက်ကြီးမားတဲ့ အခက်အခဲတွေရှိရှိ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးအောင်မြင်သွားမှာပါ။ များသောအားဖြင့် အတွေ့အကြုံရှိတဲ့ စေ့စပ်ညှိနှိုင်းသူတိုင်းဟာ ဒီကျင့်ဝတ်ကို ပြောစရာမလိုအောင် အလိုလိုလိုက်နာပြီးသား ဖြစ်နေလေ့ရှိပါတယ်။
ကျွန်တော်တို့ လူအများစုဟာ အလုပ်တွေကို ဘယ်လိုပြီးစီးအောင် လုပ်ကြရမလဲဆိုတာကိုပဲ အဓိကထား သင်ကြားခဲ့ကြရပြီး ကျွန်တော်တို့ကိုယ်တိုင်ဟာ ဘယ်လိုလူစားမျိုး ဖြစ်သင့်သလဲဆိုတာကိုတော့ နည်းနည်းပါးပါးပဲ ဂရုပြုမိတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲကို ရောက်သွားပြီဆိုရင် ကြွပ်ဆတ်ဆတ် မာကျောကျော ဖြစ်ချင်ဖြစ်၊ ပေကလတ်ပေကလတ်နဲ့ ယောင်တိယောင်ချာ ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ဟာ ကျင့်ဝတ်တစ်ခုခုကို လိုက်နာကျင့်သုံးနေမှသာလျှင် ကျွန်တော်တို့ရဲ့အပြုအမူ၊ အပြောအဆိုကို အစီအစဉ်တကျ ဆောင်ရွက်သွားနိုင်မှာပါ။ ဒါပေမဲ့ စေ့စပ်ညှိနှိုင်းရေးလုပ်ရာမှာ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့ ယတြာချေသလို ပုံသေကားကျနည်းစနစ်တွေကိုတော့ သိပ်အားမကိုးသင့်ပါဘူး။ ကိုယ်နဲ့အကိုက်ညီဆုံး၊ ကိုယ်တိုင် တီထွင်ဖန်တီးထားတဲ့ကျင့်ဝတ်ကို ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့တွေ့ပြီး အကောင်းဆုံးအလုပ်ဖြစ်စေတဲ့ စကားလုံးတွေ၊ ကျွန်တော်တို့ရဲ့မျက်နှာ၊ ခန္ဓာကိုယ်နဲ့ အချိုးကျလိုက်ဖက်တဲ့၊ မပိုမလိုတဲ့ အပြုအမူတွေကို သုံးစွဲရမှာ ဖြစ်ပါတယ်။
ကျင့်ဝတ်အကြောင်း ရှင်းရှင်းလင်းလင်းပြောနိုင်ဖို့အတွက် စေ့စပ်ညှိနှိုင်းဖော် နှစ်ဦးတည်းရဲ့အကြားမှာ ထားရှိသင့်တဲ့ကျင့်ဝတ်ပုံစံကို စဉ်းစားကြည့်ကြရအောင်။ ကျွန်တော်ကတစ်ယောက် စေ့စပ်ညှိနှိုင်းဖော်က တစ်ယောက်နဲ့ နှစ်ယောက်တည်းရှိတယ် ဆိုပါစို့။ လူဆိုတာ တစ်ယောက်နဲ့ တခြားတစ်ယောက် ထပ်တူညီတာ မရှိပါဘူး။ ဒီနှစ်ယောက်အကြားမှာ ကွဲပြားခြားနားချက်တွေ ရှိနေပါတယ်။ ရုပ်ပိုင်းမှာသာမက စိတ်ပိုင်းမှာ ပိုပြီးကွဲပြားခြားနားနိုင်ပါတယ်။ စေ့စပ်ညှိနှိုင်းဖို့ စကားစပြောကြတဲ့အခါမှာ ကွဲပြားခြားနားမှုတွေ ထပ်တွေ့ရဦးမှာပါ။ ပုဂ္ဂိုလ်ရေးစတိုင်လ်ကစလို့ ပန်းတိုင်တွေ၊ အစီအစဉ်တွေ၊ လိုက်လျောမှုတွေ၊ အချိန်ကန့်သတ်ချက် မူဘောင်တွေ အများကြီးကွာခြားကြမှာပါပဲ။ ကျွန်တော်တို့ဟာ ဘယ်အကြောင်းအရာကို ဆွေးနွေးနေကြသည်ဖြစ်စေ ''သဘောထားချင်းမတူညီမှုတွေကနေ အယူအဆသစ်တွေ ထွက်ပေါ်လာနိုင်တဲ့ အခွင့်အရေး ရှိနေတယ်ဆိုတာကို ကြိုတင်နားလည်လက်ခံထားခြင်း'' ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ ''ဖြစ်'' ရမယ့် ကျင့်ဝတ်စည်းမျဉ်းတစ်ခုပါပဲ။ ဒီကျင့်ဝတ်ကို လိုက်နာရတာ ဘယ်လောက်များ စိတ်ချမ်းသာဖို့ ကောင်းလိုက်မလဲ။ စဉ်းစားကြည့်ပါ။ တကယ်လို့သာ ဒီကျင့်ဝတ်ကို ကျွန်တော်တို့ မလိုက်နာတတ်ဘူးဆိုရင် ဒါဟာ ငါ့ဘက်ကို နှိမ်တာ၊ သူ့ဘက်အတွက် အခွင့်အရေးဖန်တီးနေတာလို့ မြင်လာပြီး ဒီမှာတင် ပဋိပက္ခ စဖြစ်ပြီပေါ့။ မကြာခင် ပေါက်ကွဲလာတော့မယ်။
ဒါအပြင် ကျင့်ဝတ်က ကျွန်တော်တို့ကို မေးခွန်း တစ်ခုမေးသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဖြစ်စေချင်သလဲတဲ့။ ရိုးသားဖြောင့်မတ်မှုလား၊ လေးစားသမှုလား၊ ပွင့်လင်းမြင်သာမှုလား၊ သတ္တိရှိဖို့လား၊ စောင့်ရှောက်ကြဖို့လား၊ မျှဝေခံစားပေးရမှာလား၊ နားလည်ပေးဖို့လား၊ နှစ်ဦးနှစ်ဖက် တန်းတူညီမျှမှုလား။ ကိုယ်ဖြစ်စေချင်တဲ့စာရင်း ကိုယ်တိုင်ဖြည့်ပေးရမယ်။ ဒီစာရင်းထဲမှာ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေ ပါသွားပြီ။ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေ ပြသလိုက်ရင် သူ့ရဲ့တန်ဖိုးထားမှုတွေ ပြန်တွေ့လာရလိမ့်မယ်။ ပြီးတော့ နှစ်ဦးနှစ်ဖက်သဘောတူညီတဲ့ ကျင့်ဝတ်စာရင်း ထွက်လာပါလိမ့်မယ်။ စာရွက်တွေအပေါ်မှာတော့ မဟုတ်ဘူး၊ မျက်လုံးတွေအပေါ်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် အလုပ်လုပ်ရတာ စိတ်ထဲမှာ ကောင်းမွန်တဲ့ခံစားချက်လေးတွေ ဖြစ်လာရင် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းဟာ ပိုမိုချောမွေ့လာပါလိမ့်မယ်။ တစ်ယောက်လိုချင်တာ တခြားတစ်ယောက်က သိနေပြီမို့ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်က ကျင့်ဝတ်ဟာ ''ဖြစ်'' ဘဝကနေ ''လုပ်''ဘဝဆီကို ရွှေ့ပြောင်းလာနေပြီ။ ပလက်တီနမ် စည်းမျဉ်းအတိုင်းပေါ့။ နှစ်ဖက်စလုံး အနိုင်ရသွားကြပါပြီ။ တကယ်တော့ ကိုယ်လုပ်သမျှဟာ ကိုယ့်ဆီကို ကိုယ့်စိတ်တိုင်းကျ ပြန်ရလာနေတာပါ။
ကျွန်တော်က အကောင်းဆုံးတွေချည်းပြောနေတော့ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ စိတ်တိုစရာ၊ စိတ်ပျက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ မရှိတော့ဘူးလားလို့ ကျွန်တော့်ကို မေးခွန်းထုတ်နိုင်ပါတယ်။ မဟုတ်ပါဘူး၊ ရှိပါတယ်။ ဒီလိုကိစ္စလေးတွေကို စတင်ခံစားမိလိုက်တဲ့အချိန်မှာပဲ ကိုယ့်စိတ်ကိုအေးအေးထားပေးရပါမယ်။ ဘယ်လိုအေးအောင်လုပ်မလဲ။ ကိုယ့်ဘာသာကိုယ် အသိဆုံးပါ။ လိုအပ်ရင်တော့ ဒီနည်းကလေးကို သုံးကြည့်နိုင်ပါတယ်။ အနည်းဆုံး ငါးကြိမ်လောက် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်လိုက်ရတယ်။ ရေပုလင်းကို ဖြည်းဖြည်းဖွင့်၊ ရေအေးအေးလေးတစ်ခွက် သောက်လိုက်ပါ။ မိမိကို ပေါက်ကွဲလုနီးနီးဖြစ်စေတဲ့ တစ်ဖက်လူရဲ့ မျက်နှာကို ကြည့်မနေသင့်ဘူး။ ကြိုတင်ရှာဖွေထားတဲ့ အေးချမ်းတဲ့ရှုခင်း၊ ဒါမှမဟုတ် ပန်းချီကားတစ်ချပ်ကို စူးစိုက်ကြည့်နေနိုင်ပါတယ်။ အခြေအနေကိုနားလည်တဲ့ ကြားလူတစ်ယောက်က လက်ဖက်ရည်သောက်ဖို့လာခေါ်ပြီး ဆွေးနွေးပွဲ ခေတ္တရပ်နားထားဖို့ မေတ္တာရပ်ခံခဲ့ရင်လည်း ပြုံးရွှင်စွာ လက်ခံလိုက်ပါ။ ဒီလိုဖြစ်မလာခဲ့ဘူးဆိုရင်တော့ ခွင့်တောင်းပြီး အပြင်ခေတ္တထွက်သွားလိုက်နိုင်ပါတယ်။ စိတ်ခံစားမှုကို အေးဆေးတည်ငြိမ်မှုရအောင် ပြန်လည်ထိန်းသိမ်းနိုင်ပြီဆိုမှ ကျွန်တော်တို့ရဲ့ အသိဉာဏ်နဲ့ ပညာကလည်း ပြန်လည်လန်းဆန်းဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ ဆက်သွားစေချင်တဲ့ လမ်းကြောင်းအတိုင်း ဆွေးနွေးနိုင်အောင် သတိကြီးကြီးထားပြီး ပြန်လည်စီစဉ်ပေးနိုင်ပါမယ်။
သူ့အထာကိုယ့်အထာ မသိကြသေးတဲ့ လူနှစ်ယောက် စတင်စေ့စပ်ညှိနှိုင်းကြတော့မယ်ဆိုရင် အထက်က တင်ပြခဲ့သလို သဘောမတူညီမှုကလေးတွေ ပေါ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို အလွတ်သဘောအနေနဲ့ပဲဖြစ်ဖြစ် ရိုးသားစွာကြိုတင်ညှိနှိုင်း ပြောကြားထားလိုက်တယ်ဆိုရင်လည်း ဒါဟာ နှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ်ဖြစ်သွားတာပါပဲ။ ဒီနည်းလမ်းဟာ တဲ့တိုးပြောရာကျပေမဲ့ နှစ်ဖက်သဟဇာတဖြစ်ဖို့ ရည်ရွယ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားစေပါတယ်။ ဒါဆိုရင် သဘောမတူညီမှုတွေဟာ မမျှော်လင့်ဘဲ ထွက်ပေါ်လာစရာ မရှိတော့ပါဘူး။ တစ်ဖက်ကလည်း ဒီလိုမဖြစ်ရအောင် သတိထားသွားပါလိမ့်မယ်။ မလွှဲသာလို့ သဘောမတူစရာဖြစ်လာခဲ့ရင်လည်း နှစ်ဖက်စလုံးမှာ နားလည်မှုရှိရှိ ဖြေရှင်းနိုင်တဲ့နည်းလမ်းက ရှိနေပြီပဲ။ စိတ်တိုစရာ စိတ်ပျက်စရာမလိုတော့ပါဘူး။
မင်းဗထူး