တိုက်စစ်ကောင်းတိုင်းကြောက်စရာမလို

၁၉၅၉ ခုနှစ် ကင်ဒီဒိတ်စစ်တုရင်ပြိုင်ပွဲကြီး (Candidates Tournament ၊ Bled 1959) မှာပါ။ စတေးကွက်တွေနဲ့ သွေးထွက်အောင် တိုက်ခိုက်အနိုင်ယူတတ်တဲ့ တားလ် (Tal) နဲ့တွေ့ရင် တော်ရုံတန်ရုံပြိုင်ဘက် သေးထွက်တယ်လို့ ဆိုရလောက်အောင် မှော်ဝင်တိုက်ကွက်တွေ ဖန်တီးတတ်တဲ့ တားလ်နဲ့ ကီးရီးစ် (Keres) တွေ့ခဲ့ကြပါတယ်။

novchess

အဲဒီပွဲရဲ့ ရွှေ့ကွက် ၁၇ အရောက်မှာ အဖြူသမား တားလ်က သမားရိုးကျကွက်မှန်ဖြစ်တဲ့ ရထားပြောင်း လုပ်ရမှာကို မလုပ်ဘဲ ထီမထင်စွာနဲ့ စတေးတိုက်ကွက်တွေ အစပျိုးဖို့ မြင်းရွှေ့ခဲ့တယ်။ တားလ်ရဲ့ အိုင်ဒီယာက ကစားကောင်တွေ အလကားကျွေးတာကို လိုက်စားရင်း လုံခြုံရေးအာရုံပြတ်သွားတဲ့ ပြိုင်ဘက်ရဲ့ဘုရင်ကို တိုက်စစ်ဆင်ပြီး သတ်ဖို့ဖြစ်ပါတယ်။

ဒါပေမဲ့ ကီးရီးစ်ကမကြောက်ဘဲ ရိုးရှင်းတောင့်တင်းစွာ တန်ပြန်ထိုးစစ်ဆင်ခဲ့တယ်။ အကွက်လေးဆယ်မှာ အနိုင်ရခဲ့တယ်။

ပွဲအပြီးမှာ သတင်းထောက်တွေက မေးပါတယ်။ တားလ်ကို မကြောက်ဘူးလား။ ဒီလောက် တိုက်စစ်အင်အားကောင်းသူနဲ့ ရင်ဆိုင်ရတာ မတုန်လှုပ်ဘူးလားပေါ့။

ကီးရီးစ်က ရယ်မောရင်း ပြန်ပြောပါတယ်။ သူက တားလ်၊ ငါက ကီးရီးစ်လေ၊ ဘာကြောက်စရာ ရှိသလဲတဲ့။ ပြီးတော့ ဆက်ပြောပါတယ်။ ဒါရယ်စရာပြောတာပါ။ တားလ်ကို ငါလေးစားပါတယ်။ သူ့ကစားပုံကို နှစ်သက်ပါတယ်။ ဒါပေမဲ့ စစ်တုရင်ခုံရဲ့တစ်ဖက်တစ်ချက်မှာနေရာယူထိုင်ကြပြီး ကစားချိန်မှာ သူဟာ တားလ် မဟုတ်တော့ဘူး။ ငါ့ရဲ့ပြိုင်ဘက်တွေထဲက တစ်ယောက်ပဲ။ သူဟာလည်း လူပဲလေ။ မှားနိုင်တာပေါ့။ တိုက်စစ် အားကောင်းသူတွေမှာ ဟာကွက်ဆိုတာရှိစမြဲလေ။ အဲဒါကို ရှာတွေ့ဖို့လိုတယ်။ အခွင့်အရေးကို အမိအရ ယူနိုင်ဖို့လိုတယ်။ မယူနိုင်ခဲ့ရင် သေသွားမှာပေါ့တဲ့။

ကီးရီးစ်ရဲ့စကားကိုသဘောကျစွာနဲ့ လက်ခုပ်တီးသြဘာပေးကြတယ်။ တားလ်ကလည်း မတ်တတ်ရပ် လက်ကမ်းနှုတ်ဆက်ပြီး ဂုဏ်ပြုတယ်။

ပြိုင်ဆိုင်မှုဆိုတာ နယ်ပယ်အသီးသီးမှာရှိကြစမြဲ။ နယ်ပယ်ကြီးလေလေ၊ အောင်မြင်မှုက မြင့်မားလေလေ၊ ပြိုင်ဆိုင်မှုက ပြင်းထန်လေလေပါ။ အားကြီးတဲ့၊ ထိုးနှက်မှုအားကောင်းတဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန်မှာ မလေးမစားမလုပ်ဖို့တော့ လိုပါတယ်။ မလေးမစားလုပ်တာနဲ့ မကြောက်တာဟာမတူပါဘူး။ ကြောက်စရာ မလိုပါဘူး။ သူမှားတဲ့အချိန်မှာ ရလာတဲ့အခွင့်အရေးကို အပြည့်အ၀ အသုံးချနိုင်ဖို့ပဲလိုပါတယ်။

မောင်မောင်လွင် (စစ်တုရင်)