ဒေါ်လာ သန်းကျော်သွားသည့် အင်ဒိုနီးရှားက ကျောင်းသားလေးရဲ့ NFT

မြန်မာနိုင်ငံမှာ Cryptocurrency ရောင်းဝယ်ရေးကို တော်တော်များများကစိတ်ဝင်စားလာကြတာတွေ့ရပါတယ်။ Cryptocurrency ရောင်းဝယ်ရေးနှင့်ပတ်သက်တဲ့ သင်တန်းတွေလည်းအပြိုင်းအရိုင်းပေါ်လာပါတယ်။

တစ်ဆက်တည်းမှာပဲ NFT (Non-fungible Token) ပြုလုပ်ရေး၊ရောင်းဝယ်ရေးကိုလဲစိတ်ဝင်စားလာကြတယ်။ ဖေ့ဘွတ်မှာ မြန်မာတွေရဲ့ NFT Group နဲ့ Community တွေလဲ တော်တော်တွေ့လာရပါတယ်။ အခုအထိတော့ အများစုက လေ့လာစမ်းသပ် လုပ်ဆောင်ဆဲ အခြေအနေပါ။

ဒါက မြန်မာတစ်နိုင်ငံထဲမှ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာပါခေတ်စားလာတဲ့ trend တစ်ခုပါ။

ကိုယ်ထုတ်လုပ်လိုက်တဲ့၊ ဒါမှမဟုတ် ဝယ်ယူထားတဲ့ NFT တစ်ခုဟာ ကံအကြောင်းသင့်ခဲ့ရင် နေ့ချင်းညချင်းမှာပဲ သန်းကြွယ်သူဌေးဖြစ်လာနိုင်တာကိုး။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။

လွန်ခဲ့တဲ့ ရက်များက အင်ဒိုနီးရှားနိုင်ငံက ကျောင်းသားလေးတစ်ယောက်ရဲ့ ဓါတ်ပုံ NFT ဟာ ဒေါ်လာ တစ်သန်းနီးပါးအထိဈေးတက်လာတာကြောင့် NFT စိတ်ဝင်စားသူတွေကြားအုတ်အော်သောင်းနင်းဖြစ်ခဲ့ပါတယ်။ သာမန်လူငယ်ကျောင်းသားလေးရဲ့ဓါတ်ပုံကို ဘာကြောင့် NFT အနေနဲ့ ဒီလောက်ဈေးပေးပြီး ဝယ်ယူရသလဲဆိုတာ စိတ်ဝင်စားစရာပါ။သာမန်အားဖြင့်တော့ သူလိုငါလို ဆယ်ဖီရိုက်ထားတဲ့ဓါတ်ပုံဆိုပေမယ့် နောက်ကွယ်ကဇတ်လမ်းက ဒီထက်ပိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံက Ghozali Ghozaluဆိုတဲ့ ဆယ်ကျော်သက် ကျောင်းသားလေးဟာ ၂၀၁၇ ခုနှစ်ကစပြီးနေ့စဉ် ကွန်ပြူတာရှေ့မှာသူထိုင်နေတဲ့ ပုံကို ဓါတ်ပုံရိုက်ကူးခဲ့ပါတယ်။ ရိုးရိုး ပတ်စပို့ပုံမျိုးတွေပါ။  ရိုက်ကူးတဲ့ ရည်ရွယ်ချက်က ကျောင်းပြီး ဘွဲ့နှင်းသဘင်နေ့ကျရင် အမှတ်တရ stop motion ဂိမ်း ရုပ်ရှင်လေးတစ်ခုဖန်တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ စုစုပေါင်း ပုံ ၉၉၃ ပုံရိုက်ကူးခဲ့ပြီး အချိန် လေးနှစ်နီးပါးယူခဲ့ရတဲ့ ပရောဂျက်တစ်ခုလို့ ဆိုရမှာပါ။

Ghozali ဟာ အဲဒီပုံတွေကို NFT အဖြစ် ဇန်နဝါရီ ၉ ရက်မှာ NFT တွေအရောင်းအဝယ်ပြုရာ Open Sea ဝက်ဆိုက် ကနေ ဈေးကွက်တင်ရောင်းချခဲ့ပါတယ်။စတင်ဈေးကွက်တင်တုံးက အပျော်သဘောပါပဲ။

အစဦးမှာ NFT တစ်ပုံကို ၃ ဒေါ်လာလောက်နဲ့ဈေးကွက်ဖွင့်ခဲ့ ရာကဝယ်သူတစ်လက် က တစ်လက်ပြောင်းခဲ့ပြီး တစ်ခုဟာ ဒေါ်လာ ၁၂၀၀ ထိဈေးမြင့်တက်ခဲ့ပါတယ်။ Ghozali Everyday လို့အမည်ပေးထားတဲ့NFT အားလုံး ရဲ့စုစုပေါင်းတန်ကြေးဟာခုဆိုရင် အမေရိကန်ဒေါ်လာ  တစ်သန်းနီးပါးကိုရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီလိုရောက်ရှိလာခြင်းဟာ အင်ဒိုနီးရှားနိုင်ငံက လူသိများထင်ရှားသူတွေက ဝိုင်းဝန်းလုပ်ဆောင်ပေးခြင်း၊ ဆိုရှယ်မီဒီယာက ဝေမျှပံ့ပိုးပေးခြင်းက အဓိကဖြစ်ပါတယ်။ ဒီလို လူသိများအောင် ပါဝင်ကူညီပေးတဲ့ အင်ဒိုနီးရှားနိုင်ငံက နာမည်ကျော် စားဖိုမှုးArnold Poernomo က ” အစပိုင်းမှာ လူသိများပြီး သူအပိုဝင်ငွေလေးရအောင် ဝိုင်းကူပေးကြတာပါ” လို့ပြောပါတယ်။ အခုဆိုလျှင် တစ်ကမ္ဘာလုံးသိသွားပြီ ဖြစ်လို့ ဒီထက်ပိုဈေးတက်လာဖို့ပဲရှိပါတော့တယ်။

ရောင်းရတဲ့ငွေကြေးအများစုကို Ghozali ကိုပဲပေးမှာဖြစ်ပြီး သူကတော့ အနည်းငယ်မျှသာ ယူမယ်လို့ အရောင်းအဝယ် ဝက်ဆိုက် Open Sea က ထုတ်ဖေါ်ပြောဆိုပါတယ်။

Ghozali ကတော့ ကျောင်းပြီးတဲ့အထိ ဓါတ်ပုံတွေဆက်ရိုက်သွားမယ်လို့ဆိုပါတယ်။