ကမ္ဘာ့စီးပွားရေးပုံစံအသစ်များ

လာမယ့်နှစ်တွေအတွင်း ကမ္ဘာတစ်ဝန်းက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်လိုပုံစံပြောင်းလဲသွားနိုင်သလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ တည်မြဲမှုရှိတဲ့အရာတွေကတော့ သေခြင်းတရား၊ အခွန်တွေနဲ့ ပြောင်းလဲမှုပဲဖြစ်ပါတယ်။

Daimler Benz (Mercedes Benz) ရဲ့ Managing Director က သူတို့ရဲ့ပြိုင်ဘက်တွေက တခြားကားကုမ္ပဏီတွေမဟုတ်ဘဲ အဓိကပြိုင်ဘက်က Tesla ၊ Google ၊ Apple နဲ့ Amazon ပဲ ဖြစ်ပါတယ်လို့ သိပ်မကြာသေးခင်ကပဲ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့အင်တာဗျူးမှာဖြေဆိုခဲ့တဲ့ သိပ်မဝေးတော့တဲ့ အနာဂတ်က စီးပွားရေးပုံစံတွေဟာ စိတ်ဝင်စားစရာပါပဲ။ အဲဒီထဲမှာ လုပ်ငန်းရှင်တွေအတွက်တော့ မိမိလုပ်ငန်းရဲ့ အနာဂတ်အတွက် ရေရှည်၊ ရေတို နည်းဗျူဟာတွေ ချမှတ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားရမှာတွေ ပါပါတယ်။ အနာဂတ် ကမ္ဘာ့စီးပွားရေးပုံစံတွေနဲ့ပတ်သက်လို့ Daimler Benz (Mercedes Benz) ရဲ့ Managing Director ရဲ့ စိတ်ဝင်စားဖွယ် ပြောကြားချက်တချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

FutureBiz

Software တွေရဲ့နေရာယူလာမှု . . .

နောက်ငါးနှစ်ကနေ ဆယ်နှစ်အတွင်းမှာ ရှေးရိုးဆန်တဲ့ လုပ်ငန်းနယ်ပယ်တော်တော်များများကို Software က နေရာယူကြီးစိုးသွားမှာ ဖြစ်ပါတယ်။

Uber က Software Tool တစ်ခုအနေနဲ့သာရှိပြီး ကားတစ်စီးမှ မပိုင်ပေမယ့် အခုချိန်မှာတော့ ကမ္ဘာ့အကြီးဆုံး Taxi ကုမ္ပဏီ ဖြစ်နေပါပြီ။

အိမ်ခြံမြေပိုင်ဆိုင်မှုလုံးဝမရှိခဲ့တဲ့ Airbnb က လက်ရှိအချိန်မှာ ကမ္ဘာ့အကြီးဆုံးဟိုတယ်ကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။

ကွန်ပျူတာတွေရဲ့ ကမ္ဘာကြီးအကြောင်းကို နားလည်နိုင်စွမ်းက အရင်ကထက် ပိုမိုမြန်ဆန်လာပါတယ်။ ခန့်မှန်းထားတာထက် ဆယ်နှစ်စောပြီးတော့ ဒီနှစ်မှာ ကွန်ပျူတာက ကမ္ဘာ့အကောင်းဆုံး Go Player အနေနဲ့ စံချိန်တင်ခဲ့ပါပြီ။

တစ်ချို့လုပ်ငန်းတွေကို လိုအပ်မှုနည်းလာမယ် . . .

အမေရိကန်မှာ အတွေ့အကြုံနုနယ်တဲ့ ရှေ့နေလေးတွေက အလုပ်မရကြတော့ပါဘူး။ သာမန်ရှေ့နေတွေရဲ့ ကျွမ်းကျင်မှု ၇၀ ရာခိုင်နှုန်းနဲ့ ယှဉ်လိုက်ရင် ၉၀ ရာခိုင်နှုန်းကျွမ်းကျင်ပိုင်နိုင်တဲ့ ဥပဒေပိုင်းဆိုင်ရာအကြံဉာဏ်တွေကို IBM Watson (a cognitive system enabling a new partnership between people and computers) ကနေ စက္ကန့်ပိုင်းအတွင်းမှာပဲ သိရှိနိုင်ပါပြီ။

ဒါကြောင့် ဥပဒေရေးရာကို လေ့လာနေတယ်ဆိုရင် လေ့လာမှုကို ရပ်တန့်လိုက်ပါ။ အနာဂတ်ကာလမှာ ရှေ့နေတွေက ၉၀ ရာခိုင်နှုန်းလောက် လျော့ပါးသွားမှာဖြစ်ပြီး ဥပဒေအထူးပြုပညာရှင်တွေပဲ ကျန်ခဲ့မှာ ဖြစ်ပါတယ်။

သူနာပြုတွေ ကင်ဆာရောဂါလက္ခဏာ စမ်းသပ်ရာမှာ သာမန်သူနာပြုတွေထက် လေးဆပိုမိုတိကျသေချာအောင် ကွန်ပျူတာက ကူညီပေးနေပါတယ်။ လူတွေရဲ့ အသွင်အပြင်ကို မှတ်မိနိုင်တဲ့ Facebook ရဲ့ Pattern Recognition စွမ်းဆောင်ချက်ကလည်း သာမန်လူတွေထက် မှတ်ဉာဏ်စွမ်းရည်ပိုသာပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာတော့ ကွန်ပျူတာတွေက လူသားတွေထက် ဉာဏ်ရည်ဉာဏ်သွေး ပိုပြီးထက်မြက်လာမှာ ဖြစ်ပါတယ်။

ယိုင်နဲ့လာမယ့် ကားထုတ်လုပ်မှုလုပ်ငန်း . . .

၂၀၁၈ ခုနှစ်မှာ ပြည်သူတွေအတွက် ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ကားတွေ ပထမဆုံးထွက်ပေါ်လာမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ ကားလုပ်ငန်းကြီး တစ်ခုလုံးစတင်ယိုင်နဲ့လာတော့မှာ ဖြစ်ပါတယ်။ ကားတစ်စီးကို မပိုင်ဆိုင်ချင်တော့ပါဘူး။ ဖုန်းဆက်ပြီး ကားတစ်စီးကို ခေါ်လိုက်ရင် ကိုယ်ရှိနေတဲ့နေရာကို အဲဒီကားကလာကြိုပြီး သွားလိုရာကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ကားရပ်နားထားဖို့လည်း မလိုတော့ပါဘူး။ ခရီးအကွာအဝေးအလိုက် ငွေပေးချေပြီး မောင်းနှင်ရာမှာ စိတ်ကြိုက်မောင်းနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ လူတွေက ယာဉ်မောင်းလိုင်စင်နဲ့ကိုယ်ပိုင်ကား ဘယ်တော့မှမရနိုင်တော့ပါဘူး။

ဒီအချက်က မြို့တွေကို ပြောင်းလဲစေမှာဖြစ်ပြီး အဲဒီအတွက် လက်ရှိကားအစီးရေထဲက ၉၀ ကနေ ၉၅ ရာခိုင်နှုန်းကို ကျွန်တော်တို့ မလိုအပ်တော့ပါဘူး။ အရင်တုန်းက ကားရပ်နားတဲ့နေရာတွေကို ပန်းခြံတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ကားမတော်တဆဖြစ်မှုကြောင့် ကမ္ဘာတစ်ဝန်းက လူဦးရေ ၁၂ သိန်းခန့် နှစ်စဉ်သေဆုံးနေကြပါတယ်။ အခုချိန်မှာ မိုင်ပေါင်းခြောက်သောင်း (ကီလိုမီတာတစ်သိန်း) မှာ မတော်တဆတစ်ခုရှိတတ်ပြီး မိုင်ပေါင်းခြောက်သိန်း (ကီလိုမီတာဆယ်သိန်း) မှာ မတော်တဆတစ်ခုပဲ ကျန်တဲ့အထိ အလိုအလျောက်မောင်းနှင်မှုက လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါက လူ့အသက် သိန်းပေါင်းများစွာကို နှစ်စဉ်ကယ်တင်ပေးမှာပါ။

ကားကုမ္ပဏီတော်တော်များများက ဒေဝါလီခံရမှာ ဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာကုမ္ပဏီတွေဖြစ်တဲ့ Tesla ၊ Apple နဲ့ Google က ဘီးတွေပေါ်မှာ ကွန်ပျူတာတွေ တပ်ဆင်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ သမားရိုးကျ ကားကုမ္ပဏီတွေက အရင်ကထက် အရည်အသွေးပိုကောင်းတဲ့ ကားတွေကို ထုတ်လုပ်ဖို့ ပြင်ဆင်ကြပါလိမ့်မယ်။

Volkswagen နဲ့ Audi က အင်ဂျင်နီယာတော်တော်များများက Tesla ကို ထိတ်လန့်ကြောက်ရွံ့ကြပါတယ်။ မတော်တဆဖြစ်မှုတွေမရှိတော့ရင် အာမခံကြေးအဆပေါင်းတစ်ရာ လျော့နည်းသွားတဲ့အတွက် အာမခံကုမ္ပဏီတွေမှာ ပြဿနာအကြီးအကျယ်တက်နိုင်ပါတယ်။ သူတို့ရဲ့ ကားအာမခံလုပ်ငန်းကဏ္ဍက ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကဏ္ဍမှာလည်း အပြောင်းအလဲရှိလာမှာပါ။ တကယ်လို့ ခရီးသွားရင်းနဲ့ အလုပ်လုပ်နိုင်ရင် လူတွေက ပိုပြီးသာယာလှပတဲ့ ပတ်ဝန်းကျင်မှာပဲ ပြောင်းရွှေ့နေထိုင်ကြမှာ ဖြစ်ပါတယ်။

စွမ်းအင်သုံးစွဲမှု . . .

၂၀၂၀ ပြည့်နှစ်လောက်မှာ လျှပ်စစ်ကားတွေကို အသုံးများလာမှာပါ။ ကားတွေအကုန်လုံးကို လျှပ်စစ်နဲ့အသုံးပြုသွားမှာဖြစ်တဲ့အတွက် မြို့ပြတွေမှာ ဆူညံသံတွေ လျော့နည်းလာမှာဖြစ်ပါတယ်။ လျှပ်စစ်အသုံးပြုခက အင်မတန် သက်သာလာမှာ ဖြစ်ပါတယ်။

မနှစ်က ကမ္ဘာတစ်ဝန်းလုံးမှာ ရုပ်ကြွင်းတွေနဲ့စာရင် နေစွမ်းအင်ကိုပိုသုံးခဲ့ကြပါတယ်။ စွမ်းအင်ကုမ္ပဏီတွေက အိမ်တွင်းနေစွမ်းအင်သုံးစွဲမှုတွေကို ကန့်သတ်ဖို့ ကြိုးစားပေမယ့် အရာမရောက်ခဲ့ပါဘူး။ နည်းပညာကဏ္ဍက အဲဒီအကြောင်းအရာကို တာဝန်ယူဖြေရှင်းမှာပါ။

ဈေးနည်းတဲ့ လျှပ်စစ်နဲ့အတူ ရေတွေ လုံလုံလောက်လောက် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒေသတော်တော်များများမှာ သုံးရေမရှားပါးပေမယ့် သောက်ရေရှားပါးပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ သူအလိုရှိသလောက် သန့်ရှင်းတဲ့ရေကို အသက်သာဆုံးဈေးနဲ့ရနိုင်ခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲလို့ ခန့်မှန်းကြည့်ပါ။

ပြောင်းလဲလာမယ့်ကျန်းမာရေးနယ်ပယ် . . .

ဒီနှစ်အတွင်းမှာပဲ Tricorder X ဈေးနှုန်းကို ကြေညာပေးတော့မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖုန်းကို အသုံးပြုပြီး မျက်ကြည်လွှာ၊ သွေးနမူနာတွေကို စစ်ဆေးနိုင်တဲ့ ဆေးဘက်ဆိုင်ရာစက် (Star Trek Tricorder) ကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

ဘယ်ရောဂါလက္ခဏာကိုမဆိုသိနိုင်မယ့် 54 Bio- markers ကို စမ်းသပ်လေ့လာသွားဦးမှာပါ။ အဲဒါက ဈေးမကြီးတဲ့အတွက် နှစ်အနည်းငယ်အတွင်းမှာပဲ ကမ္ဘာတစ်ဝန်းကလူတွေက ကမ္ဘာ့အဆင့်မီဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဈေးအလွန်ချိုလို့ အလကားရတာနဲ့ အတူတူပါပဲ။

3D နည်းပညာထွန်းကားလာမှု . . .

ဆယ်နှစ်တာကာလအတွင်းမှာပဲ 3D Printer တွေရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၈,၀၀၀ ကနေ လေးရာအထိ ကျဆင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူကအဆပေါင်းတစ်ထောင် ပိုမြန်လာပါတယ်။ ကမ္ဘာ့အခမ်းနားဆုံး ဖိနပ်ကုမ္ပဏီတွေက 3D Printing Shoes တွေ စတင်ထုတ်လုပ်နေပါပြီ။

လေဆိပ်တွေမှာ လေယာဉ်အကူပစ္စည်းတချို့ကို 3D Print လုပ်ထားပြီး ဖြစ်ပါတယ်။ အရင်တုန်းက သူတို့သိမ်းဆည်းသိုလှောင်ခဲ့ဖူးတဲ့ အကူပစ္စည်းတွေနေရာမှာ Printer ရှိနေပါပြီ။

ဒီနှစ်အကုန်ပိုင်းလောက်မှာ စမတ်ဖုန်းအသစ်တွေမှာ 3D Scanning တွေ ပါဝင်လာမှာဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ကို 3D Scan လုပ်ပြီး ကိုယ့်ရဲ့ပြီးပြည့်စုံတဲ့ဖိနပ်ကို အိမ်မှာ Print ထုတ်လိုက်ပါ။ တရုတ်ပြည်မှာတော့ ခြောက်ထပ်မြင့်ရုံး အဆောက်အအုံကြီးကို 3D Print လုပ်ပြီး အပြီးအစီးတည်ဆောက်ပြီး ဖြစ်ပါတယ်။ ၂၀၂၇ ခုနှစ်မှာတော့ ထုတ်လုပ်လိုက်တဲ့အရာဝတ္ထုတွေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ကို 3D Printing လုပ်လာကြမှာပါ။

တစ်ချို့အလုပ်အကိုင်တွေ ပျောက်ကွယ်သွားမယ် . . .

ကိုယ်နဲ့သင့်တော်မယ်ထင်တဲ့ လုပ်ငန်းနယ်ပယ်မှာ ဝင်ရောက်လုပ်ကိုင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်မေးကြည့်ပါ။ အနာဂတ်မှာ ကျွန်တော်တို့ဆီမှာ ဒီအလုပ်ရှိပါဦးမလား။ တကယ်လို့ အဖြေက 'ဟုတ်တယ်' ဆိုရင် သိပ်မကြာခင်မှာ အဲဒီလိုမျိုးဖြစ်လာအောင် သင်ဘယ်လိုလုပ်ဆောင်သွားမလဲ။ ဖုန်းနဲ့အလုပ်မဖြစ်ဘူးဆိုရင်တော့ ကိုယ့်ရဲ့အကြံဉာဏ်ကို လက်လျှော့လိုက်ပါ။ ၂၀ ရာစုမှာ မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေက ၂၁ ရာစုမှာ ရှုံးနိမ့်မှုတွေ ဖြစ်နေတတ်ပါတယ်။

လာမယ့်နှစ်ပေါင်း နှစ်ဆယ်နှစ်အတွင်းမှာ အလုပ်အကိုင် ၇၀-၈၀ ရာခိုင်နှုန်းခန့် ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ အလုပ်သစ်တွေ အများကြီးထပ်ပေါ်လာနိုင်ပေမယ့် အချိန်အနည်းငယ်အတွင်းမှာ အလုပ်သစ်တွေ လုံလုံလောက်လောက် ရှိနိုင်ပါ့မလား။

အနာဂတ်ကာလမှာ အမေရိကန်ဒေါ်လာတစ်ရာတန်တဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ရုပ်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ လယ်သမားတွေက တစ်နေကုန် လယ်ယာလုပ်ကိုင်နေစရာ မလိုတော့ဘဲ လယ်ယာစီမံအုပ်ချုပ်သူတွေ ဖြစ်လာကြမှာပါ။

လက်ရှိအချိန်မှာ လယ်ယာမြေတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို နွားတွေအတွက် အသုံးပြုနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီနေရာကို မလိုတော့ဘူးလို့ တွေးကြည့်လိုက်ပါ။ အင်းဆက်ပရိုတင်းတွေကို ဈေးကွက်ထဲ တင်ပို့ရောင်းချမယ့် စီးပွားရေးသမားတွေ ချက်ချင်းပေါ်လာမှာပါ။ သူ့ရဲ့ ပရိုတင်းဓာတ်က အသားထက် ပိုကြွယ်ဝပါတယ်။ လူတွေက အင်းဆက်တွေ မစားရဲကြတဲ့အတွက် 'အစားထိုးပရိုတင်းအရင်းအမြစ်' လို့ ခေါ်ရမှာပါ။

စိတ်ခံစားမှုကို ခန့်မှန်းနိုင်ခြင်း . . .

"Moodies" လို့ခေါ်တဲ့ Application က ကိုယ့်စိတ်ထဲ ဘာတွေဖြစ်နေသလဲဆိုတာကို ပြောပေးနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ကိုယ်ကလိမ်ညာနေတယ်ဆိုရင်တောင်မှ ကိုယ့်မျက်နှာထားကိုကြည့်ပြီး ခန့်မှန်းနိုင်တဲ့ Applications တွေ ရှိလာပါလိမ့်မယ်။

ကမ္ဘာသုံးငွေကြေး . . .

Bitcoin (ဒီဂျစ်တယ်နည်းပညာဆိုင်ရာငွေ) က ကမ္ဘာကြီးအတွက်အရေးပါတဲ့ ပင်မငွေကြေး ဖြစ်လာနိုင်ပါသေးတယ်။

လူ့သက်တမ်း . . .

အခုချိန်မှာတော့ လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းက နှစ်စဉ်သုံးလတိုးမြင့်နေပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ပျမ်းမျှအသက် ၇၉ နှစ် ဖြစ်ခဲ့ပေမယ့် အခုတော့ ရှစ်ဆယ်နှစ်ဖြစ်နေပါပြီ။ တိုးလာတဲ့နှုန်းအရ ၂၀၃၆ ခုနှစ်မှာ နှစ်စဉ်သက်တမ်းတစ်နှစ်ထက် ပိုတိုးလာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က နှစ်ပေါင်းတစ်ရာကျော် နေထိုင်သွားရပါလိမ့်မယ်။

အဆင့်မြင့်ပညာရေး . . .

အာဖရိကနဲ့ အာရှမှာ ဈေးအပေါဆုံးစမတ်ဖုန်းတွေက အမေရိကန်ဒေါ်လာတစ်ဆယ်ပဲ ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေ ၇၀ ရာခိုင်နှုန်းက စမတ်ဖုန်းကိုယ်စီအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်က ဘယ်သူမဆို ကမ္ဘာ့အဆင့်မီပညာရေးကို လေ့လာသင်ယူနိုင်တယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။

Khan Academy မှာ ပညာသင်ကြားနေတဲ့ ကလေးတိုင်းဟာ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ နေထိုင်တဲ့ ကလေးတွေနည်းတူ ပညာသင်ကြားခွင့်ရကြပါတယ်။ အင်ဒိုနီးရှားဘာသာစကားနဲ့ ပြန်ဆိုထားတဲ့ Software ထွက်ပြီးတဲ့နောက်မှာ အာရဗီ၊ ဆွာဟီလီနဲ့ တရုတ်ဘာသာစကားနဲ့ရနိုင်မယ့် Software တွေကို ဒီနှစ်နွေဦးရာသီမှာ ဆက်ပြီးထုတ်လုပ်သွားဦးမှာပါ။ အင်္ဂလိပ်ဘာသာစကားကို အခကြေးငွေပေးစရာမလိုဘဲ လေ့လာနိုင်မယ့် Application ထုတ်နိုင်မယ်ဆိုရင် အာဖရိကနဲ့ ကမ္ဘာတစ်ဝန်းက ကလေးငယ်တွေဟာ ခြောက်လအတွင်းမှာပဲ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုလာနိုင်မယ်လို့ ယုံကြည်ပါတယ်။

အယ်ဒီတာအဖွဲ့