[caption id="attachment_29565" align="alignnone" width="370"]Butch Harmon[/caption]
ဘွတ်ချ်ဟာမွန် (Butch Harmon) အမည်ရှိနာမည်ကျော် ဂေါက်သီးနည်းပြဆရာကြီးတစ်ဦးရှိသည်။ သူက ကမ္ဘာ့အကောင်းဆုံးနည်းပြဟု သတ်မှတ်ခြင်းခံခဲ့ရသည်။ သူသည် တိုက်ဂါးအား ၁၁ နှစ်ကျော် (၁၉၉၃ မှ ၂၀၀၄ ခုနှစ် အထိ) နည်းပြပေးခဲ့ဖူးသည်။ တိုက်ဂါးသည် ကမ္ဘာ့နံပါတ် ၁ ဂေါက်သီးသမားအဖြစ် အချိန်ကာလစုစုပေါင်း ၆၈၃ ပတ် နေရာယူနိုင်ခဲ့သည်။ ဟာမွန်က ဂရက်ဂ်နော်မန်ကိုလည်း နည်းပြပေးခဲ့ဖူးသည်။ နော်မန်က ကမ္ဘာ့နံပါတ် ၁ အဖြစ် စုစုပေါင်း ၃၃၁ ပတ် ရပ်တည်နိုင်ခဲ့သည်။ တိုက်ဂါးနှင့် နော်မန်တို့နှစ်ဦးသည် အချိန်အကြာဆုံး ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့မှု ကာလစံချိန်တွင် နံပါတ် ၁ နှင့် ၂ နေရာ၌ ရှိနေကြသည်။ ဟာမွန်နည်းပြပေးခဲ့၍ ကမ္ဘာ့နံပါတ် ၁ ဖြစ်လာသူများစာရင်းတွင် ဖရက်ဒ်ကပ်ပဲလ်စ်၊ အာနီအဲလ်စ်၊ အဒမ်စကော့တ်တို့လည်း ပါဝင်နေပါသည်။ ယခု သူနည်းပြပေးခဲ့သူတစ်ဦး ကမ္ဘာ့နံပါတ် ၁ ဖြစ်လာပြန်ပါသည်။ ဒီဂျေခေါ် ဒပ်စ်တင်းဂျွန်ဆင် (Dustin Johnson) ပါ ။ ၂၀၁၇ ခုနှစ် ပီဂျီအေတိုး၏ Genesis Open (ဖေဖော်ဝါရီ ၁၆ - ၁၉) တွင် ဒီဂျေဗိုလ်စွဲသည့်အခါ သူက လက်ရှိကမ္ဘာ့အဆင့် ၁ ဂျေဆင်ဒေးအား ကျော်လွှားကာ ကမ္ဘာ့နံပါတ် ၁ အသစ် ဖြစ်လာခဲ့ပါသည်။
၂၀၀၉ ခုနှစ်ကစ၍ ဒီဂျေအား နည်းပြခဲ့သော ဟာမွန်က ဒပ်စ်တင်းသည် ကမ္ဘာ့နံပါတ် ၁ ဂေါက်သီးသမား နေရာအား ကာလရှည်ကြာစွာ ရယူနိုင်စွမ်းရှိသူဟု သူယုံကြည်ကြောင်း ပြောခဲ့သူဖြစ်ပါသည်။ အရပ်ခြောက်ပေ လေးလက်မမြင့်၍ သန်စွမ်းသော ဒီဂျေသည် နှစ်စဉ်နှစ်တိုင်း ပီဂျီအေတိုး၏ ဒရိုက်ဗ်အပြေးဆုံး ငါးဦးစာရင်း၌ ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကမူ ဒရိုက်ဗ် အကွာအဝေး အရဆုံးလူစာရင်း၌ တရားဝင်နံပါတ် ၁ နေရာရခဲ့ပါသည်။ ဒရိုက်ဗ် အကွာအဝေးစစ်တမ်းအား ပီဂျီအေတိုးပြိုင်ပွဲ အားလုံး၏ ပါဖိုးနှင့် ပါဖိုက်ကျင်းများအားလုံး၌ တိုင်းတာခြင်းဖြစ် ပေရာဒီဂျေသည် သံတုတ်နှင့် တာထွက်သော ကျင်းပေါင်း များစွာရှိပါလျက် ထိပ်ဆုံးနေရာရောက်နေခြင်းပါ။ ဒရိုက်ဗာ ရလဒ်များ သက်သက်ကိုသာ ယူမည်ဆိုပါလျှင် သူ့အား မီမည့်သူပင်ရှိမည် မဟုတ်ပါ။
သူက အကွာအဝေးရမှုအပြင် အနီးကပ်ရိုက်ချက်များတွင်လည်း ကောင်းသူဖြစ်သည့်အတွက် ဟာမွန်က ကမ္ဘာ့ဂေါက်သီးမော်ကွန်းဝင် ဖြစ်မည့်သူဟုပင် ကြိုတင်ပြောဆိုထားပါသည်။
[caption id="attachment_29564" align="alignnone" width="720"]DJ wins 2016 US Open[/caption]
ဒီဂျေသည် ငယ်စဉ်ကတည်းက ဂေါက်သီး ထူးချွန်သည်။ အပျော်တမ်းသမားဘဝက အမေရိကန်လက်ရွေးစင် အသင်းနှင့် ဂရိတ်ဗြိတိန်၊ အိုင်ယာလန်လက်ရွေးစင်အသင်းတို့ နှစ်နှစ်တစ်ကြိမ် အပျော်တမ်းသမားချင်း အသင်းလိုက် ယှဉ်ပြိုင်ကစားသော ဝေါ်လ်ကာဖလား (Walker Cup) ပြိုင်ပွဲတွင် ၂၀၀၇ ခုနှစ်က အနိုင်ရခဲ့သော အမေရိကန်အသင်း၌ ပါဝင်ခဲ့သည်။ ထိုစဉ်က အမေရိကန်အပျော်တမ်း လက်ရွေးစင်အသင်းတွင် ဒီဂျေအပြင် ဝက်ဘ်ဆင်မ်ဆင်၊ ရစ်ကီဖောင်လာ၊ ဘီလီဟောရှဲလ်၊ ခရစ်စ်ကတ်ခ်၊ ကိုင်းလ်စတန်လီ စသည့် ယနေ့ပရိုဖြစ်နေသူများ ပါဝင်ခဲ့ကြပြီး ဂရိတ်ဗြိတိန်၊ အိုင်ယာလန်အသင်းတွင်လည်း ရော်ရီမက်ကဲလ်ရွိုင်း၊ ဒင်နီဝီလက် စသည့် ယနေ့နာမည်ကျော်ကြားနေပြီ ဖြစ်နေကြသော လူငယ်များပါဝင်ခဲ့ကြသည်။
၂၀၀၇ ခုနှစ်တွင်ပင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတိုက်တို့ တက္ကသိုလ်လက်ရွေးစင် ဂေါက်သီးသမားချင်း အသင်းလိုက် နှစ်စဉ်ယှဉ်ပြိုင်ကစားရသော ပါးလ်မားဖလား (Palmer Cup) ပြိုင်ပွဲ၌ ဒီဂျေက အမေရိကန်လက်ရွေးစင်ဖြစ်ခဲ့ပြီး အောင်ပွဲရခဲ့ပြန်သည်။ ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်း၌ အသက် ၂၃ နှစ်အရွယ်တွင် ဒီဂျေပရို ပြောင်းခဲ့သည်။ ၂၀၀၈ ခုနှစ်မှစ၍ ပီဂျီအေတိုးတွင် ရာသီတိုင်း၌ နိုင်ပွဲများရခဲ့သည်။ သို့သော် မေဂျာပွဲကြီးများ၌ ဗိုလ်စွဲခွင့်ကြုံပါလျက် အောင်မြင်မှု မရခဲ့သဖြင့် မေဂျာပွဲ မနိုင်ဖူးသော အကောင်းဆုံးဂေါက်သီးသမားများစာရင်း၌ လီးဝက်စ်ဂွဒ်၊ လုခ်ဒေါ်နယ်၊ ဆာဂျီယိုဂါစီယာတို့နှင့် တစ်တန်းတည်း သတ်မှတ်ခံခဲ့ရသည်။
သူ ဗိုလ်စွဲရန် အလွန်နီးစပ်ခဲ့ပါလျက် သွေဖည်ခဲ့သောအဖြစ်များက တခြားလူများထက်များခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်က မေဂျာပွဲကြီးများတွင် နှစ်ကြိမ်ဖြစ်ခဲ့သည်။ ယူအက်စ်အိုးပင်း၌ သုံးရက်အပြီးတွင် သူကဂရမ်မက်ဂ်ဒေါလ်ထက် သုံးချက်သာနေခဲ့သော်လည်း နောက်ဆုံးနေ့တွင် ၈၂ ချက်သာ ရိုက်နိုင်သဖြင့် အဆင့် ၈ သာ ချိတ်ခဲ့သည်။ မက်ဂ်ဒေါလ် ဗိုလ်စွဲသွားပါသည်။ ထိုနှစ် ပီဂျီအေချန်ပီယံရှစ်ပ်၌ နောက်ဆုံးနေ့ ၁၇ ကျင်းအပြီးတွင် သူက တစ်ချက်အသာဖြင့် ဦးဆောင်သူ ဖြစ်နေခဲ့သည်။ နောက်ဆုံးကျင်း၌ သူက ဘိုဂီ ဖြစ်သွားသဖြင့် မာတင်ခိုင်မာ၊ ဘတ်ဘာဝပ်တ်ဆင်တို့နှင့်အတူ တိုက်သွားကာ ကျင်းကိုဆက်ကစားရတော့မည်ဟု ထင်နေရာမှ ဒိုင်လုပ်သူက ရောက်လာပြီး ဒုတိယအချက်ရိုက်စဉ်က ဘန်ကာဟု သတ်မှတ်ထားသော နေရာ၌ သူသတိမမူမိဘဲ တုတ်ချခဲ့သဖြင့် ပြစ်ဒဏ်နှစ်ချက်ပေါင်းကြောင်း လာပြောပါတော့သည်။ သူ၏ ဘိုဂီစကိုးမှာ ထရစ်ပယ်ဘိုဂီဖြစ်သွားပြီး ပူးတွဲဦးဆောင်သူနေရာမှာ ပူးတွဲပဉ္စမသာ ရခဲ့ပါသည်။
၂၀၁၁ ခုနှစ် ဗြိတစ်ရှ်အိုးပင်း၌ သူသည်ချန်ပီယံဖြစ်သွားသူ ဒါရင်ကလပ်ခ်နှင့် နောက်ဆုံးနေ့တွင် နောက်ဆုံးအတွဲအဖြစ် အတူတွဲကစားရင်း တစ်ချက်အကွာမှ ကပ်လိုက်နေရာမှ ကျင်း ၁၄ ပါဖိုက်၌ ဒရိုက်ဗ်အိုဘီကျသွားကာ ပြတ်ကျန်ခဲ့ပြီး သုံးချက်အကွာဖြင့် ပူးတွဲဒုတိယသာ ရခဲ့ပြန်ပါသည်။
၂၀၁၅ ခုနှစ် ယူအက်စ်အိုးပင်းတွင် သုံးရက်အပြီး ပူးတွဲဦးဆောင်သူဖြစ်ခဲ့သော ဒီဂျေသည် နောက်ဆုံးနေ့ ၁၇ ကျင်းပအပြီး၌ ဂျော်ဒန်စပိသ်နှင့် ရိုက်ချက်ချင်းတူကာ ပူးတွဲဦးဆောင်သူဖြစ်ဆဲပါ။ နောက်ဆုံးကျင်းပါ ဖိုက်၌ စပိသ်ကဘာဒီရကာ တစ်ချက်သာခဲ့သည်။ ထိုကျင်းသို့ ဒီဂျေရောက်သည့်အခါ နှစ်ချက်ဖြင့် ဂရင်းပေါ် အွန်အောင် ရိုက်နိုင်ခဲ့ပြီး သူ၏ အီဂယ်ပတ်က ၁၂ ပေသာ ကွာဝေးခဲ့ပါသည်။ ထိုအီဂယ်ပတ်ဝင်ပါက သူဗိုလ်စွဲပါမည်။ မဝင်ဘဲ ဘာဒီရလျှင်ပင် စပိသ်နှင့်တိုက်ပါမည်။ သို့သော် အဆိုပါ ၁၂ ပေအကွာမှ သူက သရီးပတ်လုပ်မိခဲ့ပြီး 'ပါ' သာရကာ ချန်ပီယံသရဖူအား စပိသ်သို့ ပေးခဲ့ရပါသည်။
ထိုအဖြစ်များကြောင့် ဒီဂျေသည် မေဂျာပွဲကြီးများတွင် ခေါင်းကိုက်စရာအမှုများ အကြုံတွေ့ရဆုံးလူ၊ ချန်ပီယံဆုနှင့် လွဲနေသူဟု ကျော်ကြားခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ယူအက်စ်အိုးပင်း နောက်ဆုံးနေ့တွင် ဒီဂျေက ခေါင်းကိုက်စရာ ထပ်တွေ့ရပြန်ပါသည်။ ကျင်း ၅ ၏ ဂရင်းပေါ်၌ ဒီဂျေ၏ ဘာဒီပတ်က ကျင်းပေါက်အား အနည်းငယ် ကျော်လွန်သွားပြီးနောက် 'ပါ' ပတ်သွင်းရန် ပြင်ဆင်နေချိန်တွင် သူ့ဂေါက်သီးက နေရာအနည်းငယ်နောက်ဘက်သို့ ရွေ့လျားသည်ကို သူတွေ့လိုက်ရသဖြင့် ဒိုင်အားခေါ်ယူကာ အခြေအနေကို ရှင်းပြခဲ့သည်။ ဒိုင်က သူ့အားဂေါက်သီး နောက်၌ ပတ်တာတုတ်ခေါင်းချလိုက်သလား ဟုမေးသည်။ သူက မချရသေးကြောင်း ပြောပြသည်။ ကစား ဖော်လီးဝက်စ်ဂွဒ်ကလည်း မချရသေးကြောင်း ထောက်ခံသည်။ ဗီဒီယိုအနှေးပြကွက်တွင် ပြန်ကြည့်ပါလျှင်လည်း မချရသေးကြောင်း ပေါ်လွင်နေသည်။ ဒိုင်က ပြစ်ဒဏ်ကျခံရန် မလိုကြောင်း ပြောခဲ့သည်။
သို့သော် ထိုကိစ္စမှာ ထိုနေရာတွင် ရပ်မသွားခဲ့ပါ။ ဒီဂျေကျင်း ၁၂ တီခုံသို့ရောက်ချိန်တွင် ဒိုင်ချုပ်လုပ်သူက ရောက်လာပြီး ၅ ဂရင်းမှ အဖြစ်အပေါ် ပြစ်ဒဏ်ချမချကို ကွင်းပတ်ပြီးသည့်အခါ ဗီဒီယိုပြကွက်အား ပြန်ကြည့်ပြီးမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း လာပြောပါသည်။ ထိုအခြေအနေအပေါ် အများအမြင်မှာ ယူအက်စ်အိုးပင်းအားကြီးမှူး ကျင်းပသော ယူအက်စ်ဂျီအေအား အပြစ်တင်ကြခြင်း ဖြစ်ပါသည်။ ဤမေဂျာပွဲကြီး ဗိုလ်စွဲရန်ကြိုးပမ်းနေသူတစ်ယောက်အတွက် ပြစ်ဒဏ်များချမလားဟူသော ဇဝေဇဝါအတွေးများ ခေါင်းထဲရောက်နေလျက် ကျန်ကျင်းများဆက် ကစားစေခြင်းအား တရားမျတမှုမရှိဟု အကြီးအကျယ် ဝေဖန်ခဲ့ကြသည်။
၁၈ ကျင်းအပြီးတွင် ဒီဂျေက ငါးချက်လျော့ဖြင့် ဦးဆောင်သူဖြစ်ခဲ့ပြီး ဒုတိယနေရာရနေသူများ အပေါ်လေးချက်သာခဲ့ပါသည်။ ယူအက်စ်ဂျီအေက ဒီဂျေအား ပြစ်ဒဏ်တစ်ချက်ချကြောင်း၊ ဒီဂျေ၏ စကိုးသည် ငါးချက်လျော့မဟုတ်တော့ဘဲ လေးချက်လျော့ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ဒီဂျေက ဒုတိယရသူများအပေါ် လေးချက်ဖြတ်၍ ဗိုလ်စွဲရမည့်အစား သုံးချက်အသာဖြင့် ဗိုလ်စွဲခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ ဒီဂျေမေဂျာပွဲကြီးအောင်နိုင်လိုက်ပါပြီ။ ခေါင်းကိုက်စရာဇာတ်လမ်းကတော့ ဖြစ်ခဲ့ရပါသေးသည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လဆန်း၌ ဒီဂျေသည် WGC-Bridgestone Invitational ပြိုင်ပွဲပါ ထပ်မံဗိုလ်စွဲသည့်အခါ ကမ္ဘာ့အဆင့်တွင် ဂျေဆင်ဒေးနောက် ဒုတိယနေရာသို့ ရောက်လာခဲ့ပါသည်။ သို့သော် အမှတ်က အနည်းငယ်ပြတ်နေခဲ့သည်။ ဒေးက ၁၃.၄၇ မှတ်နှင့် ဒီဂျေက ၁၁.၁၅ မှတ် ဖြစ်သည်။
ဒီဂျေသည် စက်တင်ဘာဒုတိယပတ်၌ ဖက်ဒိတ်စ်ဖလားအပြီးသတ်လေးပွဲ၏ တတိယမြောက်ပွဲဖြစ်သော BMW Championship ဗိုလ်စွဲနိုင်ခဲ့ပြန်ပါသည်။ ကမ္ဘာ့အဆင့်တွင် ဒုတိယနေရာ၌သာ ရှိသေးပြီး ဒေးက ၁၄.၁၇ မှတ်၊ ဒီဂျေက ၁၁.၈၆ မှတ် ဖြစ်လာသည်။ ဒီဂျေ နစ်နာခဲ့သည်မှာ ဖက်ဒိတ်စ်ဖလားအပြီးသတ်နောက်ဆုံးပွဲဖြစ်သော Tour Championship တွင် သုံးရက်အပြီး ဦးဆောင်သူဖြစ်နေရာမှ နောက်ဆုံးနေ့အပြီးတွင် ပထမနှင့် ဒုတိယနေရာကို မရလိုက်ခြင်းပါ။ ရော်ရီမက်ကဲလ်ရွိုင်းက ဗိုလ်စွဲသွားသည့်အပြင် အပိုဆောင်းဆုကြေး ဒေါ်လာ ဆယ်သန်းပါ ရသွားခဲ့သည်။ ဒီဂျေသည် ဒုတိယရလျင်ပင် အမှတ်၌ မက်ကဲလ်ရွိုင်း ထက်သာကာ ဒေါ်လာဆယ်သန်းရပါမည်။ ယခုမူ အဆင့်ပူးတွဲ ၆ သာ ချိတ်ခဲ့သဖြင့် ဒေါ်လာဆယ်သန်းမရလိုက်ဘဲ ဒုတိယနေရာဆုကြေး ဒေါ်လာသုံးသန်းသာ ရခဲ့ပါသည်။
[caption id="attachment_29567" align="alignnone" width="720"]DJ wins 2016 BMW Championship[/caption]
သို့သော် ဒီဂျေသည် ၂၀၁၅-၁၆ ရာသီအကုန်တွင် ပီဂျီအေတိုး၏ တစ်နှစ်တာဆုကြေး အများဆုံး ဂေါက်သီးသမားဆု၊ တစ်နှစ်တာပျမ်းမျှရိုက်ချက်အနည်းဆုံး ဂေါက်သီးသမားဆုနှင့် တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးသမားဆုများအား သိမ်းကျုံးရယူနိုင်ခဲ့ပါသည်။ ထိုရာသီ၌ မေဂျာပွဲကြီးတစ်ပွဲ အပါအဝင် ပီဂျီအေတိုးပြိုင် ပွဲစုစုပေါင်းသုံးပွဲဗိုလ်စွဲခဲ့ရာ ဂျေဆင်ဒေးနှင့်အတူ တစ်ရာသီအတွင်း ဗိုလ်စွဲမှုအကြိမ်အများဆုံး လူလည်းဖြစ်ခဲ့ပါ သည်။ သူပရိုစပြောင်းသော ၂၀၀၈ ခုနှစ်မှ စတင်ရေတွက်ပါသော် သူဗိုလ်မစွဲသောနှစ်ဟူ၍ ၂၀၁၄ တစ်နှစ်တော့ ရှိခဲ့ပါသည်။ သို့သော် ၂၀၁၃ ခုနှစ် နိုဝင်ဘာလက သူဗိုလ်စွဲခဲ့သော WGC-HSBC Champion ပြိုင်ပွဲသည် ၂၀၁၃-၁၄ ရာသီ၏ ပွဲဖြစ်နေသည့်အတွက် ရာသီအားဖြင့်တွက်ပါလျင်မူ ကိုးရာသီဆက်တိုက် အောင်ပွဲမလွတ်ခဲ့သူ ဖြစ်လာပါသည်။
၂၀၁၆-၁၇ ပီဂျီအေတိုးရာသီသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ Safeway Open မှ စတင်ခဲ့ပါသည်။ ယခုရာသီ၌ ဂျပန်ပရိုလေး ဟိဒဲခိမာဆုယားမား (Hideki Matsuyama) သည် ပြိုင်ပွဲများစွာ ဗိုလ်စွဲပြီး တစ်ဟုန်ထိုးတိုးတက်လာခဲ့ပါသည်။ ဂျပန်တိုး၌ အောက်တိုဘာလက တစ်ပွဲ၊ နိုဝင်ဘာလက တစ်ပွဲ ဗိုလ်စွဲခဲ့သည်။ အောက်တိုဘာလကုန်က ပီဂျီအေတိုး၏ WGC-HSBC Champions ပြိုင်ပွဲဗိုလ်စွဲပြီးနောက် ဒီဇင်ဘာလဆန်းတွင် တိုက်ဂါး၏ပြိုင်ပွဲဖြစ်သော Hero World Challenge ၌ ဗိုလ်စွဲနိုင်ခဲ့ပြန်သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် ပီဂျီအေတိုး၏ Waste Management Phoenix Open ဗိုလ်စွဲလိုက်သည့်အခါ ကမ္ဘာ့အဆင့်၌ ပဉ္စမနေရာသို့ ရောက်လာသည်။ ၂၀၁၆ ဇူလိုင်လက ဗြိတစ်ရှ်အိုးပင်းမေဂျာပွဲကြီး ဗိုလ်စွဲခဲ့သော ဟင်းန်ရစ်ခ်စတန်ဆင်သည်လည်း ယင်းကာလနောက်ပိုင်းကတည်းက လက်ကောင်းလက်မှန်နေခဲ့သဖြင့် ကမ္ဘာ့အဆင့်တွင် ထိပ်ဆုံးငါးဦးအတွင်းသို့ ရောက်နေခဲ့ပါသည်။
ကမ္ဘာ့အဆင့် ၁ ဖြစ်ခဲ့ဖူးသူ ဂျော်ဒန်စပိသ်က ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် AT&T Pebble Beach Pro-Am ပြိုင်ပွဲဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့အဆင့်တွင် ဆဋ္ဌမနေရာ၌ ရှိဆဲဖြစ်သော်လည်း ရမှတ်များက သူ့အထက်မှ လူများနှင့် နီးကပ်လာခဲ့သည်။ ထိုပွဲတွင် ဒီဂျေက တတိယ ချိတ်ခဲ့သည်။ ထိုအတောအတွင်း ဇန်နဝါရီလတွင် ကမ္ဘာ့နံပါတ် ၁ ဟောင်း ရော်ရီမက်ကဲလ်ရွိုင်းကလည်း ဥရောပတိုးပြိုင်ပွဲတစ်ပွဲတွင် ဒုတိယချိတ်ခဲ့သဖြင့် ကမ္ဘာ့အဆင့်တွင် ဒုတိယနေရာသို့ တက်ရောက်လာသည်။ ထိပ်ဆုံးကမ္ဘာ့အဆင့်ခြောက်ဦး၏ အမှတ်များမှာ တစ်ဦးနှင့်တစ်ဦး နီးကပ်နေခဲ့ပါသည်။ အောက်ပါဇယားတွင် ကြည့်ပါ။
(၁) ဂျေဆင်ဒေး ၉.၉၈၀၆ မှတ်
(၂) မက်ကဲလ်ရွိုင်း ၉.၃၀၇၀ မှတ်
(၃) ဒီဂျေ ၉.၁၁၂၈ မှတ်
(၄) ဟင်းန်ရစ်ခ်စတန်ဆင် ၈.၇၈၅၈ မှတ်
(၅) မာဆုယားမား ၈.၆၉၈၄ မှတ်
(၆) ဂျော်ဒန်စပိသ် ၈.၅၈၉၀ မှတ်
ထိုပြိုင်ပွဲအပြီး၌ ပီဂျီအေတိုး၏ Genesis Open သည် ကယ်လီဖိုးနီးယားပြည်နယ်၌ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ကြာသပတေးနေ့ ပထမကွင်းပတ်၌ မြူဆိုင်းနေသောကြောင့် တစ်နာရီပွဲရပ်နားချိန်ရှိခဲ့ပြီး သောကြာနေ့တွင်လည်း ပြင်းထန်သော မိုးသက်မုန်တိုင်းကြောင့် ခုနစ်နာရီ ကစားချိန် ဆုံးရှုံးခဲ့ကာ ပွဲရပ်နားခဲ့ရသည်။ စနေနေ့ နံနက်ပိုင်းတွင်လည်း ကွင်းအားရှင်းလင်းနေရသဖြင့် နှစ်နာရီကျော် စောင့်ခဲ့ကြရပြန်သည်။ အားလုံးသည် စနေနေ့တွင်မှ ဒုတိယကွင်းပတ်ပြီးခဲ့ကြသည်။ ပထမကွင်းပတ်က ငါးချက်လျော့ ၆၆ ချက်ရခဲ့သော ဒီဂျေသည် စနေနေ့ဒုတိယကွင်းပတ်ပြီးသည့်အခါ နောက်ထပ်ငါးချက်လျော့ရခဲ့သဖြင့် ကွင်းပတ်နှစ်ခုပေါင်း ဆယ်ချက်လျော့ဖြင့် ဦးဆောင်သူဖြစ်လာသည်။ ကမ္ဘာ့နံပါတ် ၁ ဂျေဆင်ဒေးမှာ တစ်ချက်လျော့သာရထားသဖြင့် အဆင့်ပူးတွဲ ၅၃ ၌သာ ရှိနေပါသည်။
ဂေါက်သီးကျွမ်းကျင်သူများက ဒီဂျေသာဗိုလ်စွဲပြီး ဒေးသာထိပ်ဆုံးသုံးဦးအတွင်း အဆင့်မချိတ်ပါလျင် ဒီဂျေ ဤပွဲအပြီး ကမ္ဘာ့နံပါတ် ၁ ဖြစ်တော့မည်ဟု တွက်ချက်ပြကြသည်။ ဂျပန်ပရိုမာဆုယားမားလည်း ဤပွဲသာ ဗိုလ်စွဲပါက ဒေး၏ အဆင့်ချိတ်မှုအပေါ်မူတည်ပြီး ထိပ်ဆုံးသို့ ရောက်နိုင်သည့် အခြေအနေရှိခဲ့ပါသည်။ သို့သော် သူက ဒုတိယကွင်းပတ်၌ လက်ပျက်ခဲ့သည်။ ဘိုဂီကိုးကျင်းပင် ပါ သွားကာ ကွင်းပတ်နှစ်ခုအပြီး ဖြတ်ချခံရသည့် လူများစာရင်းတွင် ပါဝင်သွားပါတော့သည်။
တနင်္ဂနွေနေ့နံနက်ပိုင်း၌ တတိယကွင်းပတ်ကစားခဲ့ရာ နောက်ဆုံး သုံးကျင်းဆက်တိုက် ဘာဒီရမှု အပါအဝင် ဒီဂျေက ခုနစ်ချက် လျော့ကွင်းပတ်ကိုရခဲ့ပြီး ပေါင်း ၁၇ ချက်လျော့ဖြင့် ဒုတိယရနေသူ သုံးဦးအပေါ် ငါးချက်သာနေခဲ့ပါသည်။ တတိယကွင်းပတ်သူကစားပြီး၍ ၁၅ မိနစ်အကြာတွင် စတုတ္ထကွင်းပတ်ကို ဆက်ကစားရသည်။ ကျင်း ၁ နှင့် ၂ ၌ ဘာဒီများရပြီးနောက် ကျင်း ၆ ၌ပါ ဘာဒီထပ်ရသည့်အခါ ပေါင်းအချက်နှစ်ဆယ်လျော့သို့ ရောက်လာပြီး ကျန်လူအားလုံးထက် ကိုးချက်ပင်သာသွားကာ အခြားမည်သူမျှလိုက်၍ မမီနိုင်တော့သည့် အခြေအနေဖြစ်သွားပါသည်။ ကျန်ကျင်းများတွင်မူ သူကသုံးချက် ပိုသာရခဲ့သဖြင့် ဤနေ့အတွက် အီးဗင်းပါ နှင့် လေးပတ်ပေါင်း ၁၇ ချက်လျော့ဖြင့် ဗိုလ်စွဲနိုင်ခဲ့ပါသည်။ ဒုတိယရကြသူ တွမ်မတ်စ်ပီတာစ်နှင့် စကော့တ်ဘရောင်းတို့အပေါ် ငါးချက်ဖြတ်နိုင်ခဲ့သည်။
ကမ္ဘာ့အဆင့်ထိပ်ဆုံးခြောက်ဦးအနက် ဥရောပမှ မက်ကဲလ်ရွိုင်းနှင့် စတန်ဆင်တို့ ဤပွဲသို့ မဝင်ခဲ့ကြပါ။ မာဆုယားမားက နှစ်ရက်နှင့် ပြုတ်ခဲ့ပြီး ဂျေဆင်ဒေးက နှစ်ချက်ပိုဖြင့် အဆင့်ပူးတွဲ ၆၄၊ စပိသ်က ခြောက်ချက်လျော့ဖြင့် အဆင့်ပူးတွဲ ၂၂ သာ ချိတ်နိုင်ခဲ့ကြသည်။ ဒီဂျေသည် ဤပွဲအပြီး၌ ကမ္ဘာ့နံပါတ် ၁ ဂေါက်သီးသမား ဖြစ်လာသည်။ ထိပ်ဆုံးခြောက်ဦးရနေကြသော အမှတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ဒီဂျေ ၁၀.၂၇ မှတ်
(၂) ဂျေဆင်ဒေး ၉.၇၇ မှတ်
(၃) မက်ကဲလ်ရွိုင်း ၉.၁၂ မှတ်
(၄) စတန်ဆင် ၈.၆၃ မှတ်
(၅) မာဆုယားမား ၈.၅၉ မှတ်
(၆) စပိသ် ၈.၄၇ မှတ်
ဂျေဆင်ဒေးသည် ကမ္ဘာ့နံပါတ် ၁ နေရာ၌ ၄၇ ပတ်ဆက်တိုက်နေခဲ့ရပြီးနောက် ဤရက်သတ္တပတ်အပြီးတွင် ဒီဂျေသို့ နေရာလွှဲပေးခဲ့ရသည်။ ယမန်နှစ် ဇွန်လ ယူအက်စ်အိုးပင်းမေဂျာပွဲကြီး ဗိုလ်စွဲသည်မှ စတင်ရေတွက်ပါသော် ဒီဂျေသည် ပီဂျီအေတိုးပွဲပေါင်း လေးပွဲအောင်နိုင်ခဲ့ပါပြီ။ ဤကာလအတွင်း သူပါဝင်ကစားခဲ့သော ၁၆ ပွဲအနက် ရှစ်ပွဲတွင် တတိယနေရာနှင့်အထက် အဆင့်ချိတ်ခဲ့သည်။ အလွန် လက်မှန်လက်ကောင်းနေသော ကာလပါ။ ထို့ကြောင့်လည်း ယခုလေးပွဲမြောက် ဗိုလ်စွဲသည့်အခါ ကမ္ဘာ့နံပါတ် ၁ ဖြစ်လာခြင်းပါ။ သူ့အတွက် ပီဂျီအေတိုး ရာသီပေါင်း ဆယ်ရာသီဆက်တိုက် အနည်းဆုံးတစ်ကြိမ်တော့ ဗိုလ်စွဲနိုင်ခဲ့သူ ဖြစ်လာသည်။ ဤသို့ ရာသီဆက်တိုက် ဗိုလ်စွဲမှုတွင် အာနိုးပါးလ်မားနှင့် ဂျက်ခ်နစ်ကလပ်စ်တို့က ၁၇ ရာသီဆက်တိုက်နှင့် တိုက်ဂါးက ၁၄ ရာသီဆက်တိုက် ရခဲ့ကြဖူးသည်။
ကမ္ဘာ့နံပါတ် ၁ နေရာအား ၂၀၁၄ ခုနှစ်အတွင်းက ၁၁ ပတ်ရယူခဲ့သူ အဒမ်စကော့တ်က ဒီဂျေနှင့်ပတ်သက်၍ ''သူဒီနေရာကို ရသလောက်ထိန်းဖို့ ကြိုးပမ်းသင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ တိုက်ဂါးဒီနေရာကို လွှမ်းမိုးပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူမှ ဒီနေရာကို ကြာကြာမထိန်းနိုင်ခဲ့ကြတော့လို့ပါ'' ဟု ဆိုပါသည်။ တိုက်ဂါးသည် ကမ္ဘာ့နံပါတ် ၁ နေရာအား စုစုပေါင်း ၆၈၃ ပတ် ရယူခဲ့ပြီး ထိုအထဲတွင် ၂၈၁ ပတ်မှာ ဆက်တိုက်ဖြစ်ပါသည်။ ၂၈၁ ပတ် ဆက်တိုက်ဟူသည်မှာ ငါးနှစ်နှင့် ငါးလကျော်ပါ။
ကမ္ဘာ့နံပါတ် ၁ နေရာအား ၂၀၁၅ ခုနှစ်အတွင်းက ၂၆ ပတ်ရယူနိုင်ခဲ့သူ ဂျော်ဒန်စပိသ်က ဒီဂျေယမန်နှစ် ယူအက်စ်အိုးပင်းအား ပထမဆုံးမေဂျာအဖြစ် စတင်အောင်ပွဲရယူနိုင်ခဲ့ပြီးနောက် ဤအဆင့်အားရရှိနိုင်ခဲ့မှု အပေါ်များစွာအံ့သြမှုမဖြစ်ခဲ့ပါဟုဆိုသည်။ ''မေဂျာအောင်ပွဲရှာမတွေ့သော အကောင်းဆုံးဂေါက်သီးသမားလို့ အခေါ်ခံနေတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ကျောကုန်းပေါ်က သူခါချနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ သူဟာ ပွင့်ထွက်သွားခဲ့ပါပြီ'' ဟု ပြောပြသည်။ ၂၀၁၃ ခုနှစ် ယူအက်စ်အိုးပင်း ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်ဂေါက်သီး ပြိုင်ပွဲတွင်လည်း ချန်ပီယံရခဲ့သူ လက်ရှိကမ္ဘာ့အဆင့် ၁၂ ဂျပ်စ်တင်ရို့စ်က ''ဒီဂျေဟာ သဘာဝပင်ကိုဗီဇပါရမီ ထက်မြက်တဲ့ ရှားပါးလှတဲ့ ဂေါက်သီးကျော်များထဲကတစ်ဦးပါ'' ဟု ချီးကျူးခဲ့သည်။ ကမ္ဘာ့ ၁ နေရာမှ ဆင်းပေးလိုက်ရသူ ဂျေဆင်ဒေးက ''ဒီဂျေသာ ဒီလိုလက်စွမ်းမျိုး ဆက်ရှိနေလို့ကတော့ သူ့ကိုလိုက်မီဖို့ ကျွန်တော်တို့ အများကြီးကြိုးစားရပါဦးမယ်'' ဟု ဆိုသည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်သော ဒီဂျေအနေဖြင့် နည်းပြဆရာကြီးဘွတ်ချ်ဟာမွန် ပြောသွားသကဲ့သို့ ကမ္ဘာ့နံပါတ် ၁ နေရာအား ကာလကြာရှည်စွာ ထိန်းသိမ်းထားနိုင်မလားဆိုသည်မှာ စောင့်ကြည့်စရာ ကောင်းလွန်းနေပါသည်။
ဝင်းမြင့်သိန်း