မြန်မာ့ပရိဘောဂလုပ်ငန်းပြပွဲ

မြန်မာနိုင်ငံပရိဘောဂလုပ်ငန်းဈေးကွက်ကို ထင်ဟပ်ပြသနိုင်တဲ့ပြပွဲတစ်ခုကို ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ အစိုးရ/ပုဂ္ဂလိက ပရိဘောဂလုပ်ငန်းအသီးသီးက ပြခန်းတွေ ဝင်ရောက်ပြသခဲ့ပါတယ်။ အခုနောက်ပိုင်း ပရိဘောဂအမျိုးမျိုးကို တန်ဖိုးကြီးသစ်အစား ကြိမ်၊ ဝါး၊ Rubber Wood စတဲ့ အမျိုးမျိုးသော Materials တွေကိုသုံးပြီး လုပ်လာတာကိုလည်း တွေ့ရပါတယ်။ အခုဆောင်းပါးမှာတော့ ပရိဘောဂလုပ်ငန်းဈေးကွက်အခြေအနေတွေနဲ့ ၂၀၁၈ ခုနှစ်အတွင်း ပရိဘောဂလုပ်ငန်း ဈေးကွက်သဘောသဘာဝကို မေးမြန်းခဲ့ပါတယ်။

[caption id="attachment_32498" align="alignnone" width="370"]aprsp1ဦးကျော်ကျော်ဝင်း
ဥက္ကဋ္ဌ
Sinma Construction Group Co Ltd[/caption]

တာဝန်ယူမူအပိုင်း

------------------

ကျွန်တော်ကတော့ မြန်မာနိုင်ငံပရိဘောဂ စက်မှုလက်မှုအသင်းဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။ ဒီပရိဘောဂပြပွဲကိုတော့ ကျွန်တော်တို့ရဲ့ အသင်းဝင်တွေထဲက သစ်အခြေခံပရိဘောဂအသင်းနဲ့ ကြိမ်နဲ့ဝါးလုပ်ငန်းရှင်များအသင်းနှစ်ခုက ဦးစီးပြီးလုပ်တာဖြစ်ပါတယ်။

အဖွဲ့ဝင်ဖြစ်ဖို့အတွက် စည်းကမ်းများ

---------------------------------------

အဖွဲ့ဝင်ဖြစ်ဖို့အတွက်ဆိုရင် လုပ်ငန်းလိုင်စင်ရှိတဲ့ လုပ်ငန်းရှင်ဖြစ်ရပါမယ်။ စည်ပင်သာယာရေးကော်မတီမှာ အခွန်ဆောင်တဲ့သူဖြစ်ရင် အဖွဲ့ဝင်ဖြစ်နိုင်ပါတယ်။

အသင်းအနေနဲ့ ဘာတွေလုပ်ပေးနေလဲ

-------------------------------------------

အသင်းအနေနဲ့ကတော့ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံကို လေ့လာခရီးသွားခဲ့ပါတယ်။ အသင်းသားပေါင်း ၂၄ ဦး လိုက်ပါလာပါတယ်။ ပရိဘောဂထုတ်တဲ့ နည်းပညာတွေ၊ ထုတ်လုပ်တဲ့နေရာမှာသုံးတဲ့ စက်ပစ္စည်းတွေ၊ ပရိဘောဂနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ အစရှိတဲ့ Hardware Market တွေအကုန်လုံး သွားလေ့လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်နဲ့ နောက်ပိုင်းနှစ်တွေမှာ ပရိဘောဂလုပ်ငန်းတွေအနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများ

---------------------------------------

၂၀၁၇ ခုနှစ်မတိုင်ခင်တုန်းက ပရိဘောဂစက်မှုလက်မှုအသင်းဆိုပြီး မပေါ်သေးတဲ့အခါကျတော့ ပရိဘောဂကို ထူးထူးခြားခြား အားပေးတယ်ဆိုတာမျိုးက မရှိခဲ့ပါဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ကြိမ်၊ ဝါးအသင်းတို့ သစ်အခြေခံအသင်းတို့ ဖွဲ့စည်းပြီးတော့ ရုန်းကန်ခဲ့ရပါတယ်။ အခုတော့ မြန်မာနိုင်ငံပရိဘောဂစက်မှုလက်မှုအသင်းဆိုပြီး ဖြစ်လာတဲ့အခါကျတော့ ဝန်ကြီးဌာနတွေကလည်း အားပေးတဲ့အတွက် လွယ်ကူလာပါတယ်။ ပရိဘောဂကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။   ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနကနေပြီးတော့ ဌာနပေါင်းစုံပါတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲလေးတစ်ခု သူတို့ကို ပြန်လည်တင်ပြခိုင်းပါတယ်။ အဲဒီလိုလမ်းညွှန်ထားတာလေးရှိလို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံပရိဘောဂ ဈေးကွက်အလားအလာနဲ့ ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုများ

-------------------------------------

ပရိဘောဂနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်ရမယ့်အပိုင်းကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဥပဒေထုတ်တဲ့သူတွေ စည်းကမ်းထိန်းကျောင်းတဲ့သူတွေက ဒီလုပ်ငန်းကြီး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ချီတုံချတုံဖြစ်နေတဲ့သဘောမှာ ရှိပါတယ်။ ဥပမာအားဖြင့် ပြောရရင် သစ်ကုန်ကြမ်းတွေ ရှားပါးသွားတာမျိုးတွေ၊ သစ်မခုတ်တော့တဲ့ ကိစ္စမျိုးတွေ၊ နောက်ပြီး Import သွင်းလာတဲ့ Furniture တွေရဲ့ Tax တွေနည်းနေတာမျိုးတွေ၊ နောက်ပြီး ကုန်ကြမ်းတွေ တင်သွင်းတဲ့အခါမှာ တချို့ကုန်ကြမ်းတွေ ဈေးတွေများနေတာမျိုးတွေ အဲဒီလိုဖြေရှင်းရမှာတွေ အများကြီးရှိပါတယ်။ အဲဒီလိုဖြေရှင်းပြီးသွားရင်တော့ ဖွံ့ဖြိုးတိုးတက်မှုကတော့ မြန်ဆန်လာမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ ဖွံ့ဖြိုးလာနိုင်မလားဆိုတာကတော့ ချက်ချင်းကြီးမပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ ဒီတစ်လနှစ်လအတွင်းမှာတော့ အများကြီးပြောဆိုဆွေးနွေးသွားဦးမှာဖြစ်ပါတယ်။

Export လုပ်ဖို့ သတ်မှတ်ချက်ထားတာမျိုးရှိသလား

-----------------------

Export လုပ်ဖို့အတွက် ရည်ရွယ်ချက်ထားတာေတွေတော့ ရှိပါတယ်။ Export လုပ်လို့မရဘူးဆိုတာကလည်း အခက်အခဲလေးတွေ ရှိလို့ဖြစ်ပါတယ်။ အဲဒီလိုအခက်ခဲတွေ ဖြေရှင်းဖို့ဆိုတာကလည်း သက်ဆိုင်ရာဌာနတွေကနေ သူတို့လက်ရှိကျင့်သုံးနေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြုပြင်ဖို့ဆိုတဲ့ Procedure အဆင့်ဆင့်ကို ကျော်ဖြတ်ဖို့ရှိနေတဲ့အခါကျတော့ ဆွေးနွေးတိုင်ပင်အချိန်ယူပြီး ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

တခြားနိုင်ငံတွေအနေနဲ့ကော မြန်မာနိုင်ငံက ပရိဘောဂတွေကို နှစ်သက်ကြသလား

-------------------------------

တစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာရှိတဲ့ Product တွေကို ဝယ်ချင်ကြပါတယ်။ မြန်မာနိုင်ငံကို နှစ်သက်တဲ့သူတွေကတော့ မြန်မာပစ္စည်းတွေကို ကြိုက်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံက နိုင်ငံတကာနဲ့ အနှစ် ၂၀ လောက် အဆက်အသွယ်ပြတ်သွားခဲ့တော့ မြန်မာ့လက်ရာတွေကလည်း ကမ္ဘာ့အဆင့်အတန်းနဲ့ ဝေးကွာသွားတဲ့အခါကျတော့ ဝယ်သူကတော့ နည်းသွားပါတယ်။ Confidence လည်း တော်တော်လေး နည်းသွားပါတယ်။ ကျွန်တော်တို့က ဒါတွေကိုပြန်ရဖို့တော်တော်လေးကို ကျားကုတ်ကျားခဲ ပြန်လုပ်ရမှာဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ယှဉ်နိုင်ဖို့ ပြည်တွင်းက လုပ်ငန်းရှင်တွေအနေနဲ့ ဘာတွေလုပ်ဖို့လိုပါသလဲ

------------------------

အရင်ဆုံးလုပ်ငန်းရှင်တွေ ရပ်တည်နိုင်မယ့် စည်းကမ်းဥပဒေတွေ အရင်သတ်မှတ်စေချင်ပါတယ်။ လုပ်ငန်းရှင်ဆိုတာက ချေးငွေအရလုပ်ငန်းတိုးချဲ့ရတာရှိတယ်၊ ပြီးတော့ သူ့ရဲ့ Capital လေး မပျောက်သွားအောင်လုပ်နေရတဲ့ အနေအထားမှာ သူတို့ရပ်တည်နိုင်ဖို့ မပံ့ပိုးပေးနိုင်ဘူးဆိုရင် တခြားအလုပ်ပြောင်းလုပ်ကုန်ကြမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပရိဘောဂကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟာဆိုရင် အလုပ်အကိုင်အခွင့်လမ်းအများကြီး ဖန်တီးပေးနိုင်သလို နိုင်ငံခြားဝင်ငွေရှာဖွေတဲ့ ကဏ္ဍလည်းဖြစ်တာကြောင့် အစိုးရကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိနဲ့ အရွေ့တစ်ခုဖြစ်အောင် လုပ်ကိုင်ပေးသင့်တယ်လို့ ထင်ပါတယ်။ အစိုးရကိုယ်တိုင်က မပြတ်မသားဆိုရင် ဒီလောကကြီးက တိုးတက်ဖို့လည်း ခက်ခဲနေပါလိမ့်မယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဆုံးရှုံးသွားပါလိမ့်မယ်။

နောက်ဆုံး ကိုယ့်တိုင်းပြည်ရဲ့ တန်ဖိုးရှိတဲ့လက်ရာတွေကို လူကြီးတွေက လက်ဆင့်မကမ်းတော့ဘဲ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ မြန်မာမှုဆိုတာ အချိန်ကြာလာရင် ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါက အစိုးရမှာ တာဝန်ရှိပါတယ်။


[caption id="attachment_32499" align="alignnone" width="370"]aprsp2ဦးကျော်သူ
ဥက္ကဋ္ဌ
မြန်မာနိုုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း[/caption]

အသင်းအကြောင်းမိတ်ဆက်

------------------------------

မြန်မာနိုင်ငံ ကြိမ်နဲ့ဝါးလုပ်ငန်းရှင်များအသင်းက အဓိကအားဖြင့် ကြိမ်နဲ့ဝါးထုတ်ကုန်တွေကို ပြည်ပတင်ပို့ဖို့ လုပ်ပါတယ်။ အဲဒီလိုသူတွေက အဓိကဖွဲ့စည်းထားပါတယ်။ ခုနောက်ပိုင်းမှာတော့ စိုက်ပျိုးသူတွေရော ထုတ်လုပ်သူတွေရော၊ စိတ်ပါဝင်စားသူတွေရော အကုန်လုံးပါဝင်ဖွဲ့စည်းထားပြီးတော့ အခုဆိုရင် အသင်းသားသုံးရာကျော်ရှိပါတယ်။ မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်အနှံ့အပြားကသူတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ အခုဆိုရင် ကြိမ်စိုက်ပျိုးရေး၊ ဝါးစိုက်ပျိုးရေးတွေကိုလည်း လုပ်ကိုင်နေပါတယ်။ ကုန်ချောထုတ်လုပ်ခြင်း လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေပါတယ်။ နောက်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာလည်း ကြိမ်ဝါးထုတ်လုပ်တဲ့ သင်တန်းတွေကိုလည်း သင်ကြားပို့ချပေးတာမျိုးတွေ လုပ်ဆောင်နေပါတယ်။

အသင်းအနေနဲ့ ဘာတွေလုပ်ပေးနေသလဲ

-----------------

ကျွန်တော်တို့ လက်ရှိအနေထားအရဆိုရင် ကြိမ်နဲ့ ဝါးလုပ်ငန်းက ကုန်ကြမ်းရှားပါးလာတာကို တွေ့ရပါတယ်။ နောက်ပြီး ဈေးကွက်ကိုလည်း ထိုးဖောက်နေရတဲ့ အနေထားမှာရှိပါတယ်။ ပြီးခဲ့တဲ့ကာလတုန်းကလည်း ဌာနဆိုင်ရာနဲ့ပတ်သက်ပြီးတော့ အခက်အခဲတွေ၊ ကျော်လွှားရတာမျိုးတွေ ရှိပါတယ်။ အဲဒါတွေကို အသင်းသားတွေကိုယ်စား ဌာနဆိုင်ရာတွေနဲ့ ဖြေရှင်းပေးရတာမျိုးတွေ ရှိပါတယ်။ အခုဆိုရင်လည်း အသေးစားအလတ်စားလုပ်ငန်းတွေအတွက် ချေးငွေရရှိရေး ပရောဂျက်တွေကိုလည်း အသင်းကနေ တင်ပေးပါတယ်။ ဌာနဆိုင်ရာနဲ့ပတ်သက်တဲ့ လိုအပ်တဲ့အရာတွေကိုလည်း ကျွန်တော်တို့က သင်ပေးပါတယ်။ ဥပမာ- စက်မှုကြီးကြပ်အသေးစားအလတ်စားဌာနတို့ဆိုရင်လည်း သူတို့လုပ်နေတဲ့ ကြိမ်သင်တန်း၊ ဝါးသင်တန်းနဲ့ ဗေဒါသင်တန်းတို့ဆိုရင်လည်း  ကျွန်တော်တို့အသင်းကနေပြီးတော့ ကူညီပြီး သွားဖွင့်ပေးပါတယ်။ နောက်တစ်ခါ သစ်တောဦးစီးကလုပ်တဲ့ ကြိမ်ဝါးကျွမ်းကျင်မှုသင်တန်းတွေဆိုရင်လည်း ကျွန်တော်တို့ သွားသင်ပေးပါတယ်။

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ပရိဘောဂလုပ်ငန်းတွေအနေနဲ့ ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုများ

--------------------------

ကျွန်တော့်အထင်အရဆိုရင်တော့ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဈေးကွက်က ပုံမှန်အတိုင်းပဲသွားနေလောက်ပါမယ်။ ဒါပေမဲ့လည်း ရိုက်ခတ်မှုတော့ အနည်းအကျဉ်းရှိပါလိမ့်မယ်။ ဥပမာဆိုရင် မောင်တောကိစ္စလိုမျိုးဆိုရင်လည်း ရိုက်ခတ်မှုတော့ရှိပါတယ်။ တချို့နိုင်ငံတွေမှာဆို မြန်မာနိုင်ငံရဲ့ ပုံရိပ်မကောင်းတာမျိုးတွေ ဖြစ်နေပါတယ်။ ဒါတွေကို ကျွန်တော်တို့ပစ္စည်းတွေရဲ့ အရည်အသွေးတွေနဲ့ ကျော်ဖြတ်ဖို့တော့ လိုအပ်ပါတယ်။ ပြည်တွင်းမှာဆိုရင်လည်း နိုင်ငံစီးပွားရေးတုံ့ဆိုင်းမှုတွေ ဖြစ်နေပါတယ်။ ဒါကိုလည်း နိုင်ငံတော်အနေနဲ့ ဖြေရှင်းနေတာကို တွေ့ရပါတယ်။ နောက်ပြီး အခွန်အခတွေနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတော်အနေနဲ့ ကူညီပေးနေတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။

ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေလည်း ရှိနေတဲ့အတွက်ကြောင့်မို့လို့ ပြည်တွင်းထုတ်ကုန်တွေကို ပိုအားပေးပြီးတော့ နိုင်ငံတော်ရဲ့စီမံကိန်းတွေ၊ နိုင်ငံခြားကနေလာရောက်ပြီးတော့ ရင်းနှီးမြှုပ်နံှတဲ့ Investment တွေမှာ ပြည်တွင်းစက်ရုံတွေကထွက်တဲ့ ပစ္စည်းတွေကို ဝယ်ပေးခြင်းအားဖြင့် နိုင်ငံခြားငွေလည်းမကုန်ဘဲ ပြည်တွင်းလုပ်ငန်းတွေကိုလည်း ပံ့ပိုးရာရောက်တဲ့တွက် အလုပ်အကိုင်အခွင့်အလမ်းတွေကအစ များပြားလာပါတယ်။ တခြားနိုုင်ငံတွေမှာလည်း ဒီလိုအခက်အခဲတွေရှိပါတယ်။ နိုင်ငံကြီးတွေကအစ အဲဒီလို ကိုယ့်နိုင်ငံကထွက်တဲ့ ကုန်ပစ္စည်းတွေကိုသုံးပြီး နိုင်ငံကို တိုးတက်အောင်လုပ်ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ယှဉ်နိုင်ဖို့ ပြည်တွင်းက လုပ်ငန်းရှင်တွေအနေနဲ့ ဘာတွေလုပ်ဖို့လိုပါသလဲ

------------------------

ပရိဘောဂတွေကို စစ်ဆေးတဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အမြင့်ကနေလွှတ်ချပြီး ကျိုးမကျိုးစစ်ဆေးတာမျိုး၊ အလေးနဲ့ဖိပြီး ခံနိုင်ရည်အားစစ်ဆေးတာမျိုး၊ နောက်ပြီးသုံးထားတဲ့ Chemical တွေ၊ လူတွေရဲ့ ကျန်းမာရေးနဲ့ သင့်တော်မှုရှိမရှိဆိုပြီး စစ်ဆေးနည်းအမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာ ထုတ်လုပ်နေတဲ့ ပစ္စည်းတွေကတော့ Mass Product ထက် အရေအတွက်နည်းနည်းနဲ့ အလယ်အလတ်ဈေးကွက်ကို ရောင်းတာများပါတယ်။ သိပ်ပြီးပေါပေါလည်း ထုတ်လုပ်လို့မရပါဘူး။ ဈေးအမြင့်ကြီးလည်း မထုတ်လုပ်နိုင်ကြသေးပါဘူး။ အဲဒီတွက်ကြောင့် ဒီကလုပ်ငန်းရှင်အများစုက အလယ်အလတ်ပိုင်းကို ဦးတည်ပြီး ထုတ်လုပ်တာများပါတယ်။ ဒါကြောင့် အရည်အသွေးပိုင်းကတော့ သိပ်ပြီးပြဿနာမရှိလောက်ပါဘူး။ နောက်ပြီးတော့ ကျွန်တော်တို့က ပစ္စည်းတွေကို သုံးတဲ့နေရာမှာ ကြိမ်ဆိုလည်း သဘာဝကြိမ်ကို သုံးပါတယ်။ ဝါးလည်း အဲဒီနည်းအတိုင်းပဲသုံးပါတယ်။ သစ်ဆိုလည်း Solid Wood တွေကို သုံးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပစ္စည်းတွေရဲ့ အရည်အသွေးကတော့ အလယ်အလတ်ဈေးကွက်အတွက် သင့်တော်ပါတယ်။ ဒါပေမဲ့ အမေရိကန်တို့လို နိုင်ငံကြီးတွေကို တင်ပို့မယ်ဆိုရင်တော့ ကျွန်တော်တို့ပစ္စည်းတွေကို သူတို့ Standard  မီအောင်လုပ်ဖို့တော့ ပြင်ဆင်ထားဖို့လိုပါတယ်။ လူနှစ်ထောင် သုံးထောင်လောက်ဆံ့တဲ့ Furniture စက်ရုံလို စက်မှုလုပ်ငန်းကြီးတွေထိ ဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အဲဒီလို Standard တွေကို လိုက်နာဖို့လိုမှာ ဖြစ်ပါတယ်။


[caption id="attachment_32500" align="alignnone" width="370"]aprsp3ဦးဆွေငြိမ်း
လက်ထောက်အထွေထွေအတွင်းရေးမှူး
သစ်အခြေခံစက်မှုလုပ်ငန်း[/caption]

အမှတ် (၁) ပရိဘောဂစက်ရုံအကြောင်း

------------------------------------------

ကျွန်တော်တို့ ပရိဘောဂစက်ရုံက ၁၉၂၀ ပြည့်နှစ်ကစပြီး သစ်တောဦးစီးဌာနက Research လုပ်ပါတယ်။ ကျွန်းသစ်ဆိုရင်တော့ တန်ဖိုးမြင့်ပါတယ်။ ကျွန်းသစ်အစားထိုးလူသိနည်းတဲ့ သစ်တွေမျိုးစုံဟာ တောထဲမှာရှိပါတယ်။ ဒီလိုသစ်တွေထဲမှာမှ ပရိဘောဂထုတ်လို့ရတဲ့ သစ်တွေမျိုးစုံရှိပါတယ်။ ဒီလိုထုတ်လို့ရတဲ့ သစ်မျိုးတွေကို အစိုဓာတ်ထုတ်ပြီးတော့ Research လုပ်ဖို့ စတင်ပေါက်ဖွားလာတဲ့ စက်ရုံဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်ကစတာဆိုတော့ နောက်ထပ်နှစ်နှစ်ဆိုရင် နှစ်ပေါင်းတစ်ရာသက်တမ်းရှိနေပြီ ဖြစ်ပါတယ်။ စပြီးလုပ်တာကတော့ သစ်တောက Research လုပ်ဖို့ သီးသန့်ဖြစ်ပြီး ခေတ်အဆက်ဆက် ပြောင်းလဲလာတော့ သစ်တောက လုပ်ငန်းသဘာဝနဲ့ ကိုက်ညီတဲ့ ARDC လို့ခေါ်တဲ့ မြေယာကျေးလက်ကြီးပွားရေး ကော်ပိုရေးရှင်းကို လွှဲခဲ့ပါတယ်။ မြေယာကျေးလက်ကြီးပွားရေးကော်ပိုရေးရှင်းကနေမှ မြန်မာ့သစ်လုပ်ငန်းအောက်မှာရှိတဲ့ Furniture Industry Department (FID) ကို ပြန်လွှဲခဲ့ပါတယ်။ အဲဒီကနေ ပရိဘောဂစက်ရုံ (၁) ဆိုပြီး ပေါ်လာပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က ရုံးတွေ၊ ကျောင်းတွေအတွက် ပရိဘောဂတွေကို ဒီစက်ရုံကပဲ ထုတ်ပေးပါတယ်။ ကျွန်တော်တို့စက်ရုံက ထွက်တာတွေကို အစိုးရက ရုံးသုံး၊ ကျောင်းသုံးဆိုပြီးသတ်မှတ်ပေးပါတယ်။ ကျွန်တော်တို့စက်ရုံကထုတ်ပြီး ဝယ်မှသာ အစိုးရက အသိအမှတ်ပြုပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့က ပစ္စည်းတွေကိုများလို့ မပေးနိုင်တော့ဘူးဆိုပြီး ထုတ်ပြန်မှပဲ ပြင်ပကဝယ်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ စက်ရုံက ပစ္စည်းတွေက ဈေးသက်သာပြီး ခိုင်ခံ့မှုလည်းရှိပါတယ်။ သစ်ရဲ့အစိုဓာတ်ကိုထုတ်တဲ့အခါမှာ ကျွန်တော်တို့က ပေါင်းခန်းတွေ  Kiln Dry တွေထဲကို သစ်တွေကိုထည့်ပါတယ်။ အစိုဓာတ်ထုတ်ပြီးမှသာ Furniture လုပ်တဲ့အတွက် ဒီပရိဘောဂပစ္စည်းက ကြာကြာခံပါတယ်။ သံချေးလိုက်တာတွေ မရှိပါဘူး။ ဒါကြောင့် နာမည်ရလာပါတယ်။ နောက်ပိုင်းမှာတော့ အခြားလုပ်ငန်းတွေနဲ့ အကျိုးတူပူးပေါင်းပြီး လုပ်တာတွေရှိပါတယ်။ နိုင်ငံခြားကနေ အသိပညာအတတ်ပညာတွေနဲ့ Technical Know How တွေရပါတယ်။ အဲဒီကနေလည်း ထုတ်လာတာရှိပါတယ်။ အခုဆိုရင် Internet ကနေ ဒီဇိုင်းတွေကို လေ့လာနိုင်တော့ ပညာတွေရပါတယ်။

အနာဂတ်အစီအစဉ်

---------------------

အနာဂတ်အစီအစဉ်ကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ပရိဘောဂထုတ်လုပ်ရတဲ့ တစ်ခုတည်းသော စက်ရုံရှိပါတယ်။ ပုဂ္ဂလိကတွေကလဲ အခုအပြိုင်အဆိုင်တွေပေါ်လာပြီဖြစ်ပါတယ်။ ဒါပေမယ့်  အစိုးရလုပ်ငန်းဌာနကိုတော့ ပစ်ပယ်ထားလို့မရပါဘူး။ အခုပြခန်းဆိုရင် ကျွန်တော်တို့က ပြခန်းခမပေးရဘူး။ Complementary အနေနဲ့ ကျွန်တော်တို့ဝန်ကြီးဌာနက ထုတ်တဲ့ပစ္စည်းတွေကို Hornor လုပ်တယ်။ တခြားဌာနအခန်းတွေဆိုရင် ပြခန်းခပေးရပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အပြိုင်အဆိုင်ထုတ်တဲ့သူတွေနဲ့ ယှဉ်နိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်တော်တို့က ၂၀၁၈ မှာပေါ်လာမယ့် ခေတ်ရဲ့အခြေအနေကို မူတည်ပြီးတော့ ပိုပြီးကောင်းသထက်ကောင်းအောင် လုပ်သွားဖို့ရှိပါတယ်။

နိုင်ငံတကာနဲ့ယှဉ်နိုင်ဖို့ အကြံပေးချက်

------------------------

နိုင်ငံတကာနဲ့ ယှဉ်ပြိုင်တာကောင်းပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အားပေးပါတယ်။ ကျွန်တော်တို့ တစ်နှစ်ကို လေးကြိမ်ပြဖြစ်ပါတယ်။ ကြိမ်၊ ဝါးနဲ့၊ သစ်အခြေခံ ပရိဘောဂထုတ်လုပ်တဲ့အသင်း၊ နောက်တစ်ဖွဲ့က Yangon Lifestyle Furniture Fair ဆိုပြီးရှိပါတယ်။ ကိုယ့်နိုင်ငံက လူတွေနိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ကျွန်တော်တို့ကတော့ အားပေးပါတယ်။ ပြပွဲတွေမှာလည်း ပြခိုင်းပါတယ်။ ကျွန်တော်တို့လဲ ဒီလိုတွေပြသပြီး တဖြည်းဖြည်း တိုးတက်လာတာဖြစ်ပါတယ်။

ပရိဘောဂလုပ်ငန်းဈေးကွက်အခြေအနေ

-------------------------------

အရင်တုန်းကတော့ ကျွန်တော်တို့စက်ရုံမှာ အမေရိကန်နိုင်ငံနဲ့ လက်တွဲလုပ်ပါတယ်။ အီတလီနဲ့လည်း လက်တွဲလုပ်ဖူးပါတယ်။ ဟောင်ကောင်နဲ့လည်း တွဲလုပ်ဖူးပါတယ်။ သူတို့ရဲ့ပေါ်လာတဲ့ဈေးကွက်ကို ကျွန်တော်တို့က လိုက်ပေးပါတယ်။ လိုက်ပေးနိုင်တော့ နောက်ပိုင်းကျရင်တော့ လိုက်နိုင်မယ်လို့ ယူဆပါတယ်။


[caption id="attachment_32501" align="alignnone" width="370"]aprsp4ဒေါ်ဝင်းမာရွှေ
Managing Director
Home Pacific Myanmar Co.,Ltd[/caption]

ပရိဘောဂတွေအနေနဲ့ ဘယ်လိုအမျိုးအစားတွေ ပြသထားပါသလဲ

------------------------

Furniture ပြပွဲတိုင်းမှာတော့ ကျွန်မတို့က ဈေးကွက်တစ်ခုအနေနဲ့ အမြဲတမ်းဝင်ပြသဖြစ်ပါတယ်။ ကျွန်မတို့က အဓိက Rubber Wood Furniture လုပ်တာဖြစ်ပါတယ်။ Indoor Furnitures တွေအတွက် အဓိကလုပ်တာ ဖြစ်ပါတယ်။ Rubber Wood ကတော့ အရင်က ထင်းအတွက်ပဲ သုံးကြတာဖြစ်ပါတယ်။ အခုမြန်မာပြည်မှာတော့ Furniture အတွက်လည်း သုံးလာနေပြီ ဖြစ်ပါတယ်။ အိမ်အတွက် Design Creation လုပ်ပြီး Interior Decoration အတွက်လည်း သုံးလာကြပါတယ်။ တချို့လူတွေကတော့ အစက ဒီလိုမျိုးသုံးလို့ရတယ်ဆိုတာ မသိကြပါဘူး။ မလေးရှားတို့ အီတလီတို့ကတော့ သုံးနေတာကြာပြီ။ နောက်ပိုင်းတော့ ကျွန်မတို့မြန်မာပြည်မှာ တဖြည်းဖြည်းသုံးလာကြပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့က ဒီ Trend ကို ဖောက်ချင်တာကြောင့် Interior Decoration အတွက် Rubber Wood ကို သုံးရခြင်းဖြစ်ပါတယ်။ ကျွန်မလက်ရှိမှာ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းထဲမှာ ဝင်ထားပါတယ်။ ကျွန်းမဟုတ်ဘဲ အမျိုးအစားများစွာရှိနေတဲ့ သစ်တွေကို Creation လုပ်ပေးနိုင်တဲ့ကုမ္ပဏီတွေကို  ပိုပြီးတော့အားပေးပါတယ်။ ဒီအသင်းကြီးကနေပဲ နိုင်ငံခြားက နည်းပညာတွေ၊ သင်တန်းတွေ ပေးနိုင်ရင်တော့ မြန်မာပရိဘောဂလုပ်ငန်း ပိုမိုတိုးတက်လာမယ်လို့ ထင်ပါတယ်။ ပရိဘောဂလုပ်ငန်းကတော့ မြန်မာပြည်အနေအထားနဲ့ဆိုရင် ပရိဘောဂပို့တာက Tax  ပိုများနေပါတယ်။ ရိုးရိုးခွဲသားဆိုရင်တော့ Tax  နည်းပါတယ်။ အမှန်ကတော့ ပရိဘောဂကုမ္ပဏီတွေကို Promote လုပ်ပေးရရင် Tax က နည်းရမှာဖြစ်ပါတယ်။ အခုက နည်းနည်းပြောင်းပြန်လေးတွေဖြစ်တော့ Furniture လောကကတော့ မြန်မာပြည်မှာ နည်းနည်းပိုပြီးတော့ ခက်ခဲနေပါတယ်။

၂၀၁၈ အတွက် ဈေးကွက်အလားအလာ

-----------------

ပရိဘောဂဈေးကွက်ကတော့ ဒီနှစ် ၂၀၁၈ ခုနှစ်မှာ ပိုကောင်းလာမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းမှာ သစ်လုံးတွေပို့တာလည်း ရပ်သွားပြီ၊ ခွဲသားတွေကိုလည်း Tax ဖိုးကို ပိုကောက်မယ်ဆိုတော့ Furniture Business ကိုတော့ နည်းနည်း Tax လျှော့မယ်လို့ ကြားလာတော့ အလားအလာ ပိုကောင်းလာမယ်လို့ ထင်ပါတယ်။

နိုင်ငံတကာနဲ့ယှဉ်နိုင်ဖို့ ပြည်တွင်းက လုပ်ငန်းရှင်တွေအနေနဲ့ ဘာတွေလုပ်ဖို့လိုပါသလဲ

-------------------------

နိုင်ငံတကာနဲ့ယှဉ်ဖို့အတွက်ကတော့ နည်းပညာ တကယ်ကိုလိုအပ်ပါတယ်။ နောက်တစ်ခုက Rubber Wood ဆိုရင် တခြားနိုင်ငံတွေက သုံးကြပါတယ်။ မြန်မာပြည်ကတော့ သုံးသင့်တာကြာပါပြီ။ ပစ္စည်းလည်းရှိပါတယ်။ ဒါပေမဲ့ နည်းပညာမရှိပါဘူး။ ဒါကြောင့် နည်းပညာက တကယ်ကို လိုအပ်တယ်လို့ပဲ ပြောချင်ပါတယ်။