MR.58

decgolf1

ကမ္ဘာ့အကျော်ကြားဆုံး ပီဂျီအေတိုး၌ ၅၈ ချက်ကွင်းပတ်ကို ရခဲ့ဖူးသူ ယခင်က မရှိခဲ့သေးပါ။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က ပြီးစီးခဲ့သော Travelers Championship မတိုင်မီအထိဖြစ်ပါသည်။ ထိုပွဲတွင်မှ နောက်ဆုံးကွင်းပတ်တွင် ဂျင်မ်ဖျူးရစ်ခ် (Jim Furyk) က ၅၈ ချက်ရခဲ့ပါသည်။

ပီဂျီအေတိုး၌ ၅၉ ချက်ကွင်းပတ်ရခဲ့သူပေါင်း ခြောက်ဦးရှိခဲ့ပါသည်။ ဂျင်မ်ဖျူးရစ်ခ်လည်း ပါခဲ့ပါသည်။ သူက ၂၀၁၃ ခုနှစ်၊ BMW Championship ဒုတိယကွင်းပတ်၌ ရခဲ့ခြင်းဖြစ်သည်။ အခြားငါးဦးမှာ အယ်လ်ဂိုင်ဘာဂါ (၁၉၇၇)၊ ချစ်ပ်ဘက်ခ် (၁၉၉၁)၊ ဒေးဗစ်ဒ်ဒူဗေါလ် (၁၉၉၉)၊ ပေါလ်ဂွေးဒိုးစ် (၂၀၁၀) နှင့် စတူးဝပ်အက်ပဲလ်ဘီ (၂၀၁၀) တို့ ဖြစ်ကြပါသည်။

၅၉ ချက်ဟူသည်မှာ ပါ ၇၂ ချက်ကွင်း၌ဖြစ်စေ၊ ပါ ၇၁ ချက်ကွင်း၌ဖြစ်စေ၊ ပါ အချက် ၇၀ ကွင်း၌ ဖြစ်စေ၊ မည်သည့်ကွင်းတွင်ပင်ရစေကာမူ အချက်လျော့မည်မျှဟု မပြောတော့ဘဲ ၅၉ ချက်ရိုက်နိုင်သူအား Mr.59 ဟု ခေါ်ခဲ့ကြပါသည်။ ၅၉ ချက်ရိုက်နိုင်ခြင်းသည် ပါ ၇၂ ချက်ကွင်း၌ဆိုပါက ၁၃ ချက်လျော့၊ ပါ ၇၁ ချက် ကွင်း၌ဆိုပါက ၁၂ ချက်လျော့နှင့် ပါအချက် ၇၀ ကွင်း၌ ဆိုပါက ၁၁ ချက်လျော့ဖြစ်ပါသည်။ မည်သည့်ကွင်းတွင်ပင် ရစေကာမူ ၅၉ ချက်ဟူသည်မှာ ရရန်အလွန်ခက်ခဲသောစကိုးဖြစ်သဖြင့် Mr.59 ဟု ချီးကျူးခေါ်ဝေါ်ခဲ့ကြခြင်းပါ။

၅၉ ချက်ရိုက်နိုင်ခဲ့သူတိုင်းတော့ ဗိုလ်မစွဲနိုင်ခဲ့ကြပါ။ အခြားကွင်းပတ်များ၏ စကိုးများက ရှိသေး၍ ဖြစ်သည်။ အထက်ပါ ခြောက်ဦးအနက် အယ်လ်ဂိုင်ဘာဂါ၊ ဒေးဗစ်ဒ်ဒူဗောလ်နှင့် စတူးဝပ်အက်ပဲလ်ဘီတို သာ ဗိုလ်စွဲခဲ့ကြသည်။ ပေါလ်ဂွေးဒိုးစ်က ဒုတိယသာရခဲ့ပြီး ချစ်ပ်ဘက်ခ်နှင့် ဂျင်မ်ဖျူးရစ်ခ်တို့က တတိယစီသာရခဲ့ ကြပါသည်။

decgolf2

ဖျူးရစ်ခ်သည် ယခုနှစ် Travelers Championship ပြိုင်ပွဲ၏ နောက်ဆုံးနေ့၌ ၅၈ ချက်ရိုက်နိုင်ခဲ့သော်လည်း ဗိုလ်မစွဲနိုင်ခဲ့ပြန်ပါ။ ပထမသုံးရက်က စကိုးများက သိပ်မကောင်း၍ ဖြစ်ပါသည်။ ပြိုင်ပွဲကွင်းမှာပါ အချက် ၇၀ ကွင်းဖြစ်ပေရာ ပထမသုံးရက်က ဖျူးရစ်ခ်သည် ၇၃၊ ၆၆၊ ၇၂ သာရိုက်နိုင်သဖြင့် သုံးရက်ပေါင်း တစ်ချက် ပိုသာရနေခဲ့ပြီးအဆင့်တွင်လည်း ၇၀ တွင်သာ ရှိခဲ့သည်။ နှစ်ရက်နှင့် မပြုတ်သူများအနက်တွင် သူ့နောက်၌ သုံးဦးသာရှိတော့သည်။ ဦးဆောင်သူဒင်နီယယ်ဘာဂါက ၁၅ ချက် လျော့ရနေပါသည်။

ပထမသုံးရက်က လက်မတွေ့ခဲ့သော ဖျူးရစ်ခ်သည် နောက်ဆုံးနေ့၌ လက်စွမ်းပြခဲ့ပါသည်။ ဂရင်း ၁၈ ခုစလုံးသို့ ရယ်ဂူလေးရှင်းအွန်ခဲ့သည်။ ထိုနေ့က သူတစ်ဦးသာ ၁၈ ဂရင်းစလုံးသို့ ရယ်ဂူလေးရှင်း အွန်ခြင်းဖြစ်သည်။ ယူအက်အိုးပင်းမေဂျာပွဲကြီးတစ်ကြိမ် အပါအဝင် ပီဂျီအေတိုးပွဲပေါင်း ၁၇ ပွဲဗိုလ်စွဲထားသူ အသက် ၄၆ နှစ်ရှိပြီဖြစ်သည့် ဖျူးရစ်ခ်၏ဘဝတွင် ယခုကဲ့သို့ ၁၈ ဂရင်းစလုံးသို့ ရယ်ဂူလေးရှင်းအွန်ခဲ့သော ကွင်းပတ်ပေါင်း ကိုးကြိမ်ရှိခဲ့ပါပြီ။ ဤနေ့၌ ဘိုဂီလည်း တစ်ကျင်းမျမပါအောင် ကစားနိုင်ခဲ့သည်။ သူ့တစ်သက်တာတွင် ဘိုဂီမပါသော ကွင်းပတ်ပေါင်း ၂၀၇ ခုရှိ ခဲ့ပါပြီ။

နောက်ဆုံးနေ့၌ ကစားရမည့် ၇၃ ဦးအနက် အဆင့် ၇၀ တွင်ရောက်နေသော ဖျူးရစ်ခ်မှာ အစောဆုံး ထွက်ရမည့်အတွဲများ၌ ပါခဲ့ပါသည်။ နံနက် ၈ နာရီ ၄၁ မိနစ်က သူ၏တာထွက်ချိန်ဖြစ်သည်။ ဗိုလ်စွဲရန် မျှော်လင့်ချက်မရှိသောအတွဲများအတွက်မှာ ခပ်မြန်မြန်ရိုက်၍ စောစောပြီးကာ စောစောအိမ်ပြန်ရန်ပဲ ဖြစ်ပါသည်။ ပထမကျင်း၌ ''ပါ'' ရပြီးနောက် ဒုတိယကျင်းတွင် ၁၆ ပေ ဘာဒီပတ်ဝင်သောအခါ စုစုပေါင်းအီးဗင်းပါသို့ သူပြန်ရောက်လာသည်။ ထိုသို့ ဘာဒီရလိုက်ခြင်းက မီးတောက်မီးလျှံ အရှိန်အဟုန်၏အစပဲဖြစ်သည်။ တတိယကျင်းပါဖိုး၌ ၁၃၅ ကိုက်အကွာမှ ပစ်ချင်းဝက်ချ်ဖြင့် ရိုက်သော သူ၏ဒုတိယအချက်သည် အလံတိုင်အား ထိမှန်သွားသည်ကို သူနှင့် သူ့ကက်ဒီတို့က တွေ့လိုက်ရသည်။ အလံတိုင်မှာ သစ်ပင်အရိပ်ထဲတွင် ကျရောက်နေသဖြင့် ဂေါက်သီးဝင် မဝင်ကို သူတို့မမြင်နိုင်ပါ။ သို့သော် ဂရင်းပတ်လည်ရှိပွဲကြည့်သူ လေးငါးဆယ်ဦးထံမှ ဟစ်အော်ပုံများအရ အီဂယ်ဝင်သွားကြောင်း သူတို့သိလိုက်ကြသည်။ အရူးအမူးဖြစ်စေသော ပထမကော်နာက စတင်ခဲ့ပါပြီ။ ပထမကော်နာ၏ ကျန်ခြောက်ကျင်းတွင် သူက ဘာဒီငါးကျင်းထပ်ရလိုက်သည်။

၂၂၃ ကိုက်ကွာဝေးသော ကျင်းငါးပါသရီး၌သာ ''ပါ'' တစ်ကျင်းပါခဲ့ပြီး ကျန်ကျင်းများ၌ ဘာဒီများ ရခဲ့ခြင်းပါ။ ကျင်းလေးပါဖိုး၌ သူ၏ တီရှော့တ်က ဖဲဝေးသို့ ရောက်သော်လည်း အခြားသူရိုက်ပြီးသား ဒစ်ဗစ်ရာထဲ၌ ကျနေခဲ့သည်။ သူက ထိုနေရာမှသံလေးဖြင့် ရိုက်ခဲ့ရာ ဤနေ့အတွက် အကောင်းဆုံးရိုက်ချက်ဟုဆိုပါသည်။ ကျင်းပေါက်နှင့် လေးပေအကွာအထိ နီးကပ်သွားခဲ့ပါသည်။ ကျင်းခုနစ်၌ သံကိုးရိုက်ချက်နှင့် ကျင်းကိုး၌ ပစ်ချင်းဝက်ချ် ရိုက်ချက်များမှာ ကျင်းပေါက်နှင့် တစ်ပေအကွာ၌ ရပ်သွားခဲ့ကြသည်။ ပထမသုံးရက်က ရှုပ်ထွေးနေခဲ့သော သူ၏ဂေါက်ဆွင်းသည် ဤနေ့၌ အကောင်းဆုံးပုံစံပြန်ရခဲ့ပါသည်။

ပထမကော်နာအား ရှစ်ချက်လျော့ ၂၇ ချက် ရိုက်နိုင်ခဲ့ခြင်းပါ။ ထိုအချိန်တွင် သူက အချက် ၆၀ အောက် ကွင်းပတ်ကို ရနိုင်ကြောင်း စဉ်းစားမိခဲ့သည်။ ပုံမှန်အားဖြင့်ဆိုပါလျှင် ထိုသို့သောဖြစ်ခဲလှသည့် မှော်အစွမ်း ဆန်ဆန်စကိုးအား တွေးတောလိုက်မိသူများအတွက်မှာ စကိုးပျက်တော့မည့်လမ်းစပင်ဖြစ်ပါသည်။ သို့သော် ဖျူးရစ်ခ်၌ ၅၉ ချက်ရခဲ့ဖူးသော ရာဇဝင်နှင့် အတွေ့အကြုံရှိခဲ့ပြီးပါပြီ။ လွန်ခဲ့သော သုံးနှစ်က ၂၀၁၃ ခုနှစ် BMW Championship တွင် နောက်ဆုံးသုံးကျင်း၌ ဘာဒီနှစ်ကျင်းရပါက ၅၉ ချက်ရမည့်အခြေအနေရှိခဲ့စဉ်က သူလုပ်နိုင်ခဲ့ဖူးသည်။ သူက ခြောက်ဦးမြောက် Mr.59 ဖြစ်ခဲ့သည်။

ဒုတိယကော်နာတွင် ကျင်း ၁၀၊ ၁၁၊ ၁၂ သုံးကျင်းဆက်တိုက် ဘာဒီများသူရခဲ့သည်။ ဤနေ့အတွက် ၁၁ ချက်လျော့ဖြစ်လာသည်။ ကျန်ကျင်းအားလုံး၌ ''ပါ'' ရပါက ၅၉ ချက်ရမည်။ နောက်ထပ် ဘာဒီတစ်ကျင်းရပါက ၅၈ ချက်ရပါမည်။ ကျင်း ၁၃ မှာ ၅၂၃ ကိုက်သာဝေးသည့် ပါဖိုက်ဖြစ်သဖြင့် ဘာဒီရနိုင်သည်။ သို့သော် သူ့ဒရိုက်ဗ်က ဖဲဝေးဒစ်ဗစ်ရာထဲသို့ ကျနေခဲ့ပြန်သည်။ ရေကိုကျော်၍ တူးအွန်ရိုက်ရန် မဖြစ်နိုင်သဖြင့် ချိုခဲ့ရပြီး သရီးအွန်သာရိုက်နိုင်ခဲ့သည်။ ၂၅ ပေအကွာမှ တူးပတ်သာရခဲ့သဖြင့် ''ပါ'' သာဖြစ်ခဲ့သည်။

ကျင်း ၁၄ ပါဖိုး၌ ဆယ်ပေအကွာမှ ဘာဒီမဝင်ခဲ့ပါ။ ကျင်း ၁၅ မှာ ၂၉၆ ကိုက်သာရှည်သော ပါဖိုးကျင်းဖြစ်ပေရာ ဘာဒီရရန်အလွယ်ဆုံးကျင်းပါ။ သူ၏ ဒရိုက်ဗ်က ဂရင်းနှင့် ကိုက်အနည်းငယ်အကွာအထိ ရောက်ခဲ့သည်။ သံခုနစ်ဖြင့် လှိမ့်ခဲ့ရာ ကျင်းပေါက်အား ရှစ်ပေကျော်သွားခဲ့ပြီး ဘာဒီသွင်းရာတွင်လည်း ရစ်ထွက်ခဲ့ပြန်သည်။ ပရိသတ်ထုထံမှ ညည်းတွားသံကြီးပင် ထွက်ပေါ်လာခဲ့ပါသည်။

decgolf3

ကျင်း ၁၆ မှာ ပါသရီးဖြစ်ပြီး ၁၇၁ ကိုက်ရှည်သည်။ ဖျူးရစ်ခ်၏ သံရှစ်ရိုက်ချက်က အွန်ပြီး ဘာဒီပတ်က ပေ ၂၀ ကျော်ခန့်ရှိကာ ကွေးသောလမ်းကြောင်းဖြင့် ပတ်ရမည့်အနေအထားပါ။ သူ၏ဘာဒီပတ်က ကွေးပြီး ကျင်းပေါက်ထဲကျသွားသည့်အခါ ပရိသတ်ထံမှ ကျယ်လောင်သောဟစ်အော်အားပေးသံကြီး ထွက်ပေါ်လာပါသည်။ ဖျူးရစ်ခ်လည်း လက်သီးဆုပ်ကာ ကြုံးဝါး၍ အားမန်တက်နိုင်ခဲ့သည်။ ဤနေ့အတွက် ၁၂ ချက်လျော့ရခဲ့ပါပြီ။ ကျန်နှစ်ကျင်းတွင် ''ပါ'' မလွတ်ပါက ၅၈ ချက်ရပါတော့မည်။ ထိုနှစ်ကျင်းတွင်သာ ဘာဒီများရပါက ၅၇ ချက်နှင့် ၅၆ ချက်တို့ပင်ဖြစ်နိုင်ပါသေးသည်။

ကျင်း ၁၇ မှာ တီရှော့တ်အလွန်ခက်သော ကျင်းပါ။ သူက ဟိုက်ဘရစ်ဖြင့် ထွက်ခဲ့ပြီး သံရှစ်ဆက်ရိုက်ရကာ ပေ ၃၀ ဘာဒီပတ်ရခဲ့သော်လည်း တူးပတ်ဖြင့် ''ပါ'' သာရခဲ့သည်။ ကျင်း ၁၈ ပါဖိုးသည် ၄၄၄ ကိုက်ရှည်ပါသည်။ ဖျူးရစ်ခ်က ဒရိုက်ဗာဖြင့် ရိုက်ခဲ့ပြီး သံကိုးသာ ဆက်ရိုက်ခဲ့ရသည်။ ကျင်းပေါက်နှင့် ပေ ၃၀ အကွာ၌ အွန်ခဲ့သည်။ တူးပတ် သူရခဲ့ပါသည်။ ၅၈ ချက်ရခဲ့ပါပြီ။ ပီဂျီအေတိုး၏ ပထမဆုံး Mr.58 ဖြစ်လာခဲ့ပါပြီ။ တစ်နည်းပြောရသော် Mr.58 ကလပ်၏ စဦးတည်ထောင်သူဖြစ်ခဲ့ပါပြီ။

ဤနေ့အတွက် ၁၂ ချက်လျော့နှင့် စုစုပေါင်း ၁၁ ချက်လျော့ရခဲ့သော ဖျူးရစ်ခ်က အဆင့်ပူးတွဲပဉ္စမ ချိတ်နိုင်ခဲ့သည်။ စုစုပေါင်း ၁၄ ချက်လျော့ဖြင့် ဗိုလ်စွဲသွားသူက ရပ်ဆဲနော့စ်ဖြစ်ပါသည်။ ဖျူးရစ်ခ်ကစားပြီး သွားချိန်တွင် နော့စ်တို့အတွဲသည် စတင်၍ပင် တာမထွက်ရသေးပါ။ နော့စ်သည် ဤနေ့၌ နှစ်ချက်လျော့သာ ရခဲ့သော်လည်း သုံးရက်အပြီးက ၁၅ ချက်လျော့ရနေခဲ့သူ ဒင်နီယယ်ဘာဂါက ဤနေ့တွင် သုံးချက်ပိုသာ ရိုက်နိုင်ခဲ့သဖြင့် ကျော်တက်ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ဖျူးရစ်ခ်၏ ဤနောက်ဆုံးနေ့ ၁၂ ချက်လျော့စကိုးသည်  ကျန်လူအားလုံး၏ပျမ်းမျှရိုက်နိုင်သည့် စကိုးထက် ၁၀ ဒသမ ၇ ချက်ပင် သာလွန်ကောင်းမွန်ခဲ့ပါသည်။

လွန်ခဲ့သော ၃၉ နှစ်က ပထမဆုံး Mr.59 အမည်ပေးခြင်းခံရသူ အယ်လ်ဂိုင်ဘာဂါသည် ယနေ့အခါတွင် အသက် ၇၉ နှစ်ရှိနေပါပြီ။ သူက ယနေ့အထိ ဂေါက်သီးမှန်မှန်ကစားဆဲဖြစ်သည်။ သူက အဆိုပါ ဖျူးရစ်ခ် ၅၈ ချက်ရသည့်နေ့တွင် သူက အသက် ၅၀ ကျော်များ၏ စီနီယာတိုးပြိုင်ပွဲဖြစ်သော 3M Championship သို့ ရောက်နေခဲ့သည်။ ပြိုင်ပွဲဝင်ရန် မဟုတ်ဘဲ ထိုပြိုင်ပွဲ၏ ပရိုအမ်လှုပ်ရှားမှုပွဲလေးများ၌ ပါဝင်ရန်ဖြစ်ပါသည်။ လှုပ်ရှားမှုတစ်မျိုးမှာ စနေနေ့တွင် အယ်လ်ပီဂျီအေတိုး၏ တစ်ဦးတည်းသော ၅၉ ချက် ရိုက်နိုင်ခဲ့သူဖြစ်သည့် အင်နီကာဆိုရမ်စတမ်နှင့်အတူ ဂေါက်သီးကစားပေးခြင်းဖြစ်သည်။ Mr.59 နှင့် Ms.59 တို့အတူ တွဲကစားခြင်းပါ။

တနင်္ဂနွေနေ့၌ သူသည် အထွေအထူး အလုပ်မရှိသဖြင့် လော့ကာခန်းနှင့် လေ့ကျင့်ရေးယာဉ်များဆီသို့ သွားရောက်ကာ မိတ်ဟောင်းဆွေဟောင်းများအား နှုတ်ဆက်နေခဲ့ပါသည်။ ထိုစဉ် အခန်းထဲ၌ ဖွင့်ထားသော တီဗီတွင် ဂျင်မ်ဖျူးရစ်ခ်တို့ ပြိုင်ပွဲလိုက်ဗ်ထုတ်လွှင့်မှုအစီအစဉ်က ပြသနေပြီး ဂျင်မ်ဖျူးရစ်ခ်၏ ရလဒ်များက ၅၉ ချက်ဆီသို့ ဦးတည်နေကြောင်း တင်ဆက်သံကို သူကြားလိုက်ရသည်။ သူကလည်း စိတ်ဝင်စားစွာ စောင့်ကြည့်နေစဉ်တွင် တီဗီရှေ့၌ လာရောက်ကြည့်ရှုသူများ များပြားလာခဲ့သည်။ ဖျူးရစ်ခ်သည် အီဂယ် တစ်ကျင်း၊ ဘာဒီ ဆယ်ကျင်းရခဲ့ပြီး နောက်ဆုံးနှစ်ကျင်း၌ ''ပါ'' များရကာ ၁၂ ချက်လျော့ ၅၈ ချက်ရသွားခြင်း အား သူတို့တွေ့မြင်လိုက်ကြရပါသည်။

နောက်ထပ် နှစ်နာရီအတွင်း ဂိုင်ဘာဂါထံသို့ မက်ဆေ့ချ်များ မြောက်မြားစွာဝင်လာသည်။ ဂိုင်ဘာဂါ၏ ၅၉ ချက်မှာ ''ပါ'' ၇၂ ချက်ကွင်းတွင်ရခြင်းဖြစ်ရာ ၁၃ ချက်လျော့ဖြစ်ပြီး ဖျူးရစ်ခ်၏ ၅၈ ချက်မှာ ''ပါ'' အချက် ၇၀ ကွင်းတွင်ရခြင်းဖြစ်၍ ၁၂ ချက်လျော့သာ ဖြစ်ကြောင်းဆိုသည်များလည်း ပါရှိသည်။ ဂိုင်ဘာဂါက ၅၈ ချက်ရိုက်နိုင်သူပေါ်လာခြင်းအား များစွာအံ့သြခြင်းတော့မဖြစ်ပါဟုဆိုသည်။ ယခုနှစ်ထဲတွင်ပင် ယခင်အပတ်က Web.com Tour ၌  စတီဗင်ဂျေဂါက ၅၈ ချက်ရခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ကလည်း ဂျပန်တိုးတွင် လယိုအီရှိကာဝါက ၅၈ ချက်ရခဲ့ဖူးပါသည်။ ၂၀၀၀ ပြည့်နှစ် ယူအက်စ်အိုးပင်းလက်ရည်စစ်ပွဲ၌ ရှိဂဲခိမာရူယားမားကလည်း ရခဲ့ဖူးပါသည်။ ကနေဒါတိုး၌ ၂၀၀၁ ခုနှစ်က ဂျေဆင်ဘုံးကလည်းကောင်း၊ ဥရောပတိုး၌ ၂၀၁၄ ခုနှစ် လက်ရည်စစ်ပွဲတွင် ဂျွန်ဟန်းကလည်းကောင်း ရခဲ့ကြပါသေးသည်။ ယခုတွင်မူ ကမ္ဘာ့အကောင်းဆုံးနှင့် အကျော်ကြားဆုံးပီဂျီအေတိုး၌ ၅၈ ချက် ရိုက်နိုင်သူ ပေါ်ထွက်လာခဲ့ပါပြီ။

၅၈ ချက်ရိုက်နိုင်သူပေါ်ထွက်လာမည်ဟု မျှော်လင့်ထားပြီးဖြစ်သည့် မစ္စတာဂိုင်ဘာဂါက ''ကျွန်တော့် မိတ်ဆွေတွေက ရှေ့နှစ်ကျရင် ကျွန်တော့်ရဲ့ ၅၉ ချက် ရခဲ့မှု အနှစ် ၄၀ ပြည့်အခမ်းအနားလုပ်ဖို့ စီစဉ်ချင်တယ်လို့ ပြောနေတယ်။ ကျွန်တော်ပြောလိုက်တယ်။ သိပ်မလောကြဖို့။ ဒီကြားထဲမှာ တစ်ယောက်ယောက်က ၅၈ ချက် ရိုက်ချင်ရိုက်နိုင်ဦးမှာလို့။ အခုပြောရင်းဆိုရင်းပဲ ပေါ်လာပြီလေ'' ဟုဆိုပါသည်။

ဝင်းမြင့်သိန်း