မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်နဲ့ လုပ်ငန်းရှင်တွေရဲ့ အမြင်

NewLaw1

ဦးကျော်စိုးဟန်

Director

Golden House Co Ltd

အရင်ဥပဒေတုန်းက နိုင်ငံခြားကုမ္ပဏီတွေက မြန်မာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေကို အခွင့်အရေးပိုပေးတယ်လို့ ပြောတယ်။ မြန်မာတိုင်းရင်းသားတွေဘက်ကလည်း နိုင်ငံခြားသားကို ပိုပြီးအခွင့်အရေးပေးထားတယ်လို့ ပြောကြတယ်။ အခုကျတော့ ပေါ်လစီတစ်ခုတည်းနဲ့ အတူတူသွားမယ်ဆိုတော့ ကောင်းပါတယ်။ ဒီဥပဒေကလည်း လုပ်ရင်းကိုင်ရင်းကနေ အားနည်းချက်တွေ မြင်လာဦးမယ်။ ဒါကို ဆက်ပြီး ပြုပြင်သွားကြမယ်ဆိုရင် ရှေရှည်အကျိုးရှိမယ့် ဥပဒေတစ်ရပ်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။


NewLaw2

ဦးကျော်စိုးဟန်

Chairman

Myanmar Real Estate Services Association

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အာမခံချက်ပေးနိုင်လာတယ်။ အရှုပ်အရှင်းပေါ်လာရင်လည်း ဖြေရှင်းနိုင်မယ်၊ တာဝန်ယူမယ်ဆိုတဲ့ အာမခံချက်တွေ ဖော်ပြထားတာကြောင့် ဒါတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် မက်လုံးတွေ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေကိုလည်း တန်းတူအခွင့်အရေးပေးထားတာကို တွေ့ရပါတယ်။


NewLaw3

ဒေါ်ခိုင်ခိုင်နွယ်

အတွင်းရေးမှူး

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

ဒီဥပဒေအသစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရယ်၊ မြန်မာရင်းနှီးမြှုပ်နှံမှုရယ်ကို အတူတူ တစ်ခုတည်းပေါင်းလိုက်တာပေါ့။ ပေါင်းလိုက်တဲ့အခါ ဘာထူးခြားမှုရှိသလဲဆိုရင် အရင်ဥပဒေအဟောင်းမှာဆိုရင် ရင်းနှီးမြှုပ်နှံမှုလုပ်လိုက်တာနဲ့ ငါးနှစ်အခွန်ကင်းလွတ်ခွင့်ရတယ်။  အခုဥပဒေအသစ်မှာကျတော့ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ဒေသနဲ့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး အခွန်ကင်းလွတ်ခွင့်က သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ်ဆိုပြီး ကွဲသွားပါတယ်။ အဲဒါအပြင် ခံစားခွင့်က အရန်သင့်မဟုတ်တော့ဘူး။ ကိုယ်က လိုချင်ရင် ပြန်လျှောက်ရမယ်ဆိုတာမျိုး ဖြစ်သွားတယ်။ အဲဒီအခါ ဒါဟာ တကယ်ပဲပေးသင့်တဲ့ လုပ်ငန်းလား၊ ကိုယ့်တိုင်းပြည်အတွက် တကယ်အကျိုးရှိတဲ့လုပ်ငန်းလား၊ တိုင်းပြည်ဝင်ငွေ တိုးစေတဲ့လုပ်ငန်းလားဆိုတာ ကြည့်နိုင်တယ်။ နိုင်ငံခြားဝင်ငွေရှာပေးနိုင်ရင်၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ အဲဒီလို လုပ်ငန်းတွေလားဆိုတာကို ကြည့်နိုင်မယ့်ပုံစံဖြစ်ပါတယ်။

အခုက ဥပဒေအသစ်ထွက်ပေမယ့် Rules & Regulations တော့ ထွက်ဖို့ကျန်ပါသေးတယ်။ ဥပဒေအသစ် ထွက်ပြီးတဲ့အတွက် ဥပဒေပါအကြောင်းအရာတွေ ဥပမာ - အခွန်ကင်းလွတ်ကဲ့ကာလကတော့ အသက်ဝင်နေပြီ။ ဒါပေမဲ့ Activities တွေကတော့ Rules & Regulations ထွက်လာမှရမှာပါ။ အရင် Rules & Regulations တွေမှာတော့ ဘယ်ကဏ္ဍတွေဆိုရင် ၁၀၀ ရာခိုင်နှုန်းခွင့်ပြုမယ်၊ ဘယ်ကဏ္ဍတွေဆိုရင်တော့ JV မှရမယ်။ ဒီကဏ္ဍတွေဆိုရင်တော့ Local သာ ရမယ်ဆိုတဲ့အပိုင်းတွေရှိတယ်။ အခု ဒါတွေကို ပြန်ပြင်ရမယ်။ ဒါကြောင့် တကယ်တမ်း Activities ပိုင်းမှာ Rules & Regulations ထွက်လာမှ အတည်ဖြစ်မှာပါ။

အောက်တိုဘာလ ၁၈ ရက်နောက်ပိုင်းမှာ MIC ရဲ့ Approval ရတဲ့ ကုမ္ပဏီတွေကတော့ ဥပဒေအသစ်နဲ့ အကျုံးဝင်သွားပြီ။ ဒါပေမဲ့ Rules & Regulations အသစ်မထွက်သေးတော့ အရင် Rules & Regulations နဲ့ပဲ ဆက်ပြီး အကျုံးဝင်နေဦးမယ်။ အသစ်ထွက်သွားရင်တော့ အသစ်နဲ့သွားပြီး အကျုံးဝင်ပါမယ်။

အခုဥပဒေအသစ်ထဲမှာ SME တွေကို အထူးခံစားခွင့်ပေးဖို့လည်းပါတယ်။ ဒါကိုလည်း လျှောက်ယူရမှာပါ။ နောက်ပြီး Investor Guarentee ကို တော်တော်လေးပေးထားတာလည်း တွေ့ရပါတယ်။


NewLaw4

ဒေါက်တာစိုးထွန်း

President

Myanmar Automobile Manufacturer & Distributor Association

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအသစ်ထွက်တကို ကြိုဆိုပါတယ်။ လိုအပ်ချက်တွေတော့ ရှိပါသေးတယ်။ ဒါကိုတော့ By Law ဖြစ်လာတဲ့အခါ သေချာစောင့်ကြည့်ရပါမယ်။ ဒီလိုထွက်လာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ပြီးသားဖြစ်ပါတယ်။


NewLaw5

ဦးဇော်မင်းဝင်း

ဥက္ကဋ္ဌ

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေသစ်က အများသိကြတဲ့အတိုင်း နိုင်ငံခြားသားနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုကို ပေါင်းလိုက်တာဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကလည်း မူဝါဒ ၁၂ ချက်ကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရင် လတ်တလော စီးပွားရေးအခြေအနေကတော့ နည်းနည်းနှောင့်နှေးနေပါတယ်။ တိုးတက်မှုရှိလားဆိုတော့လည်း ရှိတဲ့သူတော့ ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ မဖြစ်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော့်အမြင်ကတော့ နိုင်ငံတော်အစိုးရ အပြောင်းအလဲကြောင့်လည်း ပါမယ်ထင်ပါတယ်။ သူတို့တွေ မူဝါဒအသစ်တွေ ဘာတွေချမှတ်မလဲဆိုတာကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ မူဝါဒချမှတ်ပြီးပြီဆိုရင်တော့ နိုင်ငံခြားသားတွေလည်း ပိုပြီးရင်းနှီးမြှုပ်နှံဖို့ လာမယ်ထင်ပါတယ်။ ဘာပဲပြောပြော နိုင်ငံသားတွေအတွက်လည်း လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ပိုများလာမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က သူတို့နဲ့စာရင် ငွေကြေးအရရော၊ ဈေးကွက်အရရော နည်းပညာအရရော အားနည်းတာကြောင့် သူတို့ချည်း လုပ်သွားမယ်ဆိုရင် ဒီကလူတွေအတွက် နည်းနည်းစိုးရိမ်စရာတော့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်မျှော်လင့်တာက သူတို့ဘက်ကနေ ကျွန်တော်တို့နိုင်ငံသားလုပ်ငန်းရှင်တွေကို လက်တွဲပူးပေါင်းပြီး Joint Venture သဘောမျိုး ဖက်စပ်လုပ်သွားမယ်ဆိုရင် အားလုံးအတွက် အကျိုးရှိမယ်ထင်ပါတယ်။


NewLaw6

ဦးထွန်းထွန်းနိုင်

CEO

Blue Ocean Operation Management Co Ltd

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအသစ်ကို သိပ်ကိုကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက မြန်မာကုမ္ပဏီတွေက နိုင်ငံခြားကုမ္ပဏီတွေနဲ့အတူတူ အခွင့်အရေးမရဘူး။ အခုအခွင့်အရေးတူတူရတယ်။ နောက်တစ်ခုက ပြည်နယ်နဲ့တိုင်းတွေမှာ Investment တွေ ပိုလုပ်လို့ရရင် Attraction တွေပိုလုပ်လို့ရတယ်။ Investment တွေ အကုန်လုံးက ရန်ကုန်မှာတင်မဟုတ်ဘဲ ပြည်နယ်နဲ့တိုင်းတွေပါ ရောက်ရှိတဲ့အတွက် မြန်မာတစ်ပြည်လုံးမှာ အားလုံးပူးပေါင်းပါဝင်တဲ့ တိုးတက်မှုတွေ ဖြစ်လာနိုင်ပါတယ်။


NewLaw7

ဒေါက်တာထွန်းသူရသက်

CEO

Myanmar Information Technology Pte Ltd

အားနည်းချက်တွေကို ပြုပြင်ပြီးထားတဲ့အတွက် အင်မတန်ကောင်းပါတယ်။ ဥပဒေတစ်ခုဆိုတာက လိုအပ်ချက်ရှိတာတွေကို ပြင်ဆင်ပြီးတော့ ပိုကောင်းလာအောင်လုပ်ဖို့ လိုပါတယ်။ ကာလံဒေသံနဲ့လည်း ကိုက်ညီဖို့ လိုတယ်။ ပြောင်းလဲနေတဲ့ တိုးတက်မှုနဲ့လည်း ကိုက်ညီဖို့ လိုပါတယ်။


NewLaw8

ဦးနေလင်းဇင်

တွဲဖက်အထွေထွေအတွင်းရေးမှူး

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း

အခုထွက်ပေါ်လာတဲ့ ဥပဒေသစ်ဟာ အားထည့်ကြိုးစားပြုပြင်ထားတာကို တွေ့ရပါတယ်။ ဒီဥပဒေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ပြီးသားဖြစ်သလို မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေကိုလည်း နိုင်ငံခြားသားတွေနည်းတူ တန်းတူအခွင့်အရေးတွေ ပေးထားပါတယ်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူရယ် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူရယ်လို့ ခွဲခြားမှုတွေမရှိတဲ့အတွက် ညီမျှတဲ့ ဥပဒေတစ်ခုလို့ မြင်ပါတယ်။


NewLaw9

ဦးမိုးကျော်

Managing Partner

Win Thin & Associates

ဒါက နိုင်ငံတကာနဲ့ ကြည့်ပြီးတော့ ကိုယ့်နိုင်ငံနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ဥပဒေကို ရေးဆွဲထားတာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဆိုပြီး ဥပဒေကို ခွဲထားတာဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံခြားသားတွေက နိုင်ငံသားဥပဒေကိုကြည့်ပြီး နိုင်ငံသားတွေကိုပဲ ဦးစားပေးတယ်ထင်ကြသလို နိုင်ငံသားတွေကလည်း ဒီလိုပဲ နိုင်ငံခြားသားတွေကို ဦးစားပေးတယ်လို့ ထင်ကြပါတယ်။ အခု ဒီဥပဒေနှစ်ခုလုံးကို ပေါင်းထားတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေဆိုပြီး တစ်ခုတည်းဖြစ်သွားပါပြီ။ ဒီဥပဒေအရလည်းပဲ အခွန်နဲ့ပတ်သက်ပြီးတော့ Incentive တွေအနေနဲ့ သုံးနှစ်တို့၊ ငါးနှစ်တို့၊ ခုနစ်နှစ်တို့ အခွန်ကင်းလွတ်ခွင့် အသီးသီးပေးထားတဲ့နေရာတွေလည်း ရှိနေပါပြီ။ တချို့ Sector တွေမှာလည်း လုံးဝမပေးတာတွေရှိပါတယ်။ အဲဒါက ဘာလို့လည်းဆိုတော့ ကိုယ့်မြန်မာပြည်မှာ အစကတည်းက လာလုပ်ချင်နေတဲ့ ဧရိယာတွေကို ဒီဘက်ကနေ Incentive တွေ ထပ်ပေးမယ်ဆိုရင် မမျှတတာကြောင့် တကယ်ရင်းနှီးမြှုပ်နှံမှုလိုတဲ့ ဒေသတွေအတွက်ပဲ Incentive တွေ ပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက ဥပဒေပဲ ထွက်သေးတာဖြစ်ပါတယ်။ တကယ့် လက်တွေ့အကောင်အထည်ဖော်ဖို့က ဥပဒေနောက်ကနေ နည်းဥပဒေဆိုတာ ရှိရပါမယ်။ ဒါတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းပြီး ကိုယ့်နိုင်ငံနဲ့ အဆင်ပြေတဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း ဆွဲဆောင်မှုရှိတဲ့ နည်းဥပဒေတွေ အမြန်ဆုံးရေးဖို့ လုပ်နေကြပါပြီ။ ရေးလည်း စရေးနေပါပြီ။ ၂၀၁၇ ခုနှစ်မှာ နည်းဥဒေလည်းထွက်လာပြီဆိုရင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုများလာမယ်လို့ ထင်ပါတယ်။


NewLaw10

ဒေါက်တာမောင်မောင်လေး

Managing Director

Ni Lay Naing Co Ltd

Vice President (UMFCCI)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ပေါ်လာပါပြီ။ ဒါပေမဲ့ နည်းဥပဒေတွေ ကျန်သေးတယ်။ ဒီလိုထွက်လာတာဟာ အလွန်ကောင်းပါတယ်။ နိုင်ငံတကာကလည်း ဝင်လာမှာဖြစ်တဲ့အတွက် ကိုယ်ကနိုင်ငံတကာနဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ရပါမယ်။ ယှဉ်ပြိုင်မှုတွေ ရှိလာတဲ့အခါ ကိုယ်က အကောင်းဆုံးယှဉ်ပြိုင်နိုင်အောင်တော့ ကြိုးစားရပါမယ်။ ယှဉ်ပြိုင်မှုမှာ ပွင့်ပွင့်လင်းလင်း ဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်။


NewLaw11

ဒေါက်တာမျိုးသက်

Chairman

Sein Yadanar Wut Hmone Co Ltd

Vice President (UMFCCI)

အခု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေအသစ်က အထူးသဖြင့်တော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပိုပြီး မြန်မြန်ဆန်ဆန်လုပ်နိုင်အောင် ဆွဲလိုက်တဲ့ဥပဒေပဲ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်တွေမှာ အချိန်အကြာကြီးနဲ့ လုပ်နေရရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက စိတ်ဝင်စားမှုနည်းလာမှာပဲ ဖြစ်တဲ့အတွက် အခုလို ရင်းနှီးမြှုပ်နှံမှုကို အချိန်တိုတိုနဲ့ အကောင်အထည်ဖော်နိုင်ဖို့အရေးကြီးပါတယ်။ ဒီဥပဒေကလည်း အဲဒီလို လုပ်ပေးထားပါတယ်။ အရင်ကလို ဗဟိုက ချုပ်ကိုင်ထားတာ မဟုတ်တော့ဘဲ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေကို ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ခွဲဝေပေးထားတဲ့အတွက် လုပ်ဆောင်ရလွယ်ကူလာမှာ ဖြစ်ပါတယ်။


NewLaw12

ဒေါက်တာမျိုးသန့်

Managing Director

Zar & Zar Co Ltd

ဥပဒေသစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပိုပြီးတော့ ကြိုဆိုထားတယ်။ ကျွန်တော့်အမြင်ကတော့ ရင်းနှီးမြှုပ်နှံမှုတွေလာတာကောင်းပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကို နည်းပညာပိုင်းတိုးတက်အောင်လုပ်ပေးမယ့် လုပ်ငန်းမျိုး၊ ငွေအရင်းအနှီးအများကြီးနဲ့လုပ်ငန်းတွေကို ဦးစားပေးခွင့်ပြုစေချင်ပါတယ်။


NewLaw13

ဦးရဲမင်းအောင်

အတွင်းရေးမှူး

MAPCO

ဥပဒေက ကောင်းပါတယ်။ နိုင်ငံခြားသားနဲ့ နိုင်ငံသား တစ်ပြေးညီအခွင့်အရေးပေးမယ်ဆိုတဲ့ အနေအထား တွေ့ရတယ်။ နည်းဥပဒေတွေ ဆက်ထွက်ဖို့လိုသေးတယ်။ နောက်ပြီး နည်းဥပဒေတွေကောင်းဖို့လိုသလို တကယ့်လက်တွေ့ဆောင်ရွက်တဲ့နေရာမှာ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်မှာရှိတဲ့ ဌာနဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကလည်း ရင်းနှီးမြှုပ်နှံမှုကိုအားပေးပြီးတော့ ရင်းနှီးမြှုပ်နှံမှုကို လက်ကမ်းကြိုဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။


NewLaw14

ဒေါ်ဝင်းဝင်းတင့်

Managing Director

City Mart Holding Company Limited

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအသစ်ကို ကောင်းမွန်တယ်လို့ ကျွန်မမြင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ အသစ်နဲ့အတူ ကုမ္ပဏီဥပဒေအသစ်လည်း ဖြစ်လာမယ်လို့ မှန်းထားပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီဥပဒေနှစ်ခုက ချိတ်ဆက်ထားတယ်လို့ သိထားတဲ့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအသစ် မထွက်ခင် ကုမ္ပဏီဥပဒေအသစ်အရင်ထွက်မယ်လို့ မှန်းထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအသစ်ပဲ အရင်ထွက်လာတော့ တကယ့်သက်ရောက်မှုက ဘယ်လိုရှိလာမလဲဆိုတာကို လောလောဆယ်မှာ တိတိကျကျပြောလို့ မရသေးပါဘူး။ တခြားတစ်ဖက်ကကြည့်မယ်ဆိုရင်တော့ နိုင်ငံသားတွေအတွက်ရော နိုင်ငံခြားသားအတွက်ပါ ရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ခုတည်းရှိတော့တာကြောင့် ပိုပြီးရှင်းလင်းပြတ်သားတဲ့ဥပဒေမျိုး ဖြစ်လာတယ်လို့တော့ မြင်ပါတယ်။


NewLaw15

ဦးသူရကိုကို

Managing Director

YGA Capital Ltd

တစ်အချက်ကတော့ Approval Process နဲ့ Investment Law ကို Syncronize လုပ်လိုက်တာပေါ့။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေကို ပူးပေါင်းလိုက်တယ်လို့ ကျွန်တော် သဘောအရ နားလည်ထားပါတယ်။ အဲဒါလုပ်လိုက်တဲ့အတွက် Approval Process ၊ MIC Process ကလည်း ပိုလွယ်ပြီး ပို Streamline ဖြစ်လာတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒါက In Execution ပါ။ အဲဒါ တကယ်လို့ ဟုတ်တယ်ဆိုရင်တော့ အများကြီးကြိုဆိုပါတယ်။ တချို့ဟာက လုပ်ငန်းလေးတွေကို လွယ်ကူစွာ ပူးပေါင်းချင်တာတို့ ရင်းနှီးမြှုပ်နှံချင်တာတို့အတွက် ဒီ MIC Proces ကြီးကို တကယ့်လျှပ်စစ်စီမံကိန်း Process ကြီးလောက် အတူတူဖြတ်နေရတဲ့အတွက် အဆင်မပြေပါဘူး။ အထူးသဖြင့် အလတ်စား၊ အသေးစားလုပ်ငန်းတွေအတွက် အဆင်မပြေတာပါ။ အခုကတော့ Streamline ဖြစ်တဲ့အတွက် အခွင့်အရေးတွေကလည်း တစ်ညီတည်းဖြစ်လာဖို့ ရည်ရွယ်ချက်နဲ့ဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ Effect ကတော့ စောင့်ကြည့်ရဦးမှာပါ။ နောက်တစ်ခုကလည်း Taxation Relief တွေကလည်း နည်းနည်းလေးပြုပြင်လိုက်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ခါတိုင်းက MIC Approval ရတာနဲ့ Tax ကင်းလွတ်ခွင့် ငါးနှစ်ရတာတို့ ဘာတို့ရှိပါတယ်။ ဒါပေမဲ့အခုကျတော့ အစိုးရက ဘယ်လုပ်ငန်းတွေမှာ ဒီလိုကင်းလွတ်ခွင့် အခွင့်အရေးပေးမယ်၊ ဘယ်လုပ်ငန်းတွေကတော့ မြန်မာပြည် သာမန်အများပြည်သူအတွက် အကျိုးသိပ်မရှိတဲ့အတွက် ဒါတွေကိုတော့ အခွင့်အရေးမပေးနိုင်ဘူးဆိုတာမျိုး လုပ်လိုက်ပါတယ်။ ကျွန်တော်တို့ အစိုးရအတွက်လည်း အကောက်ခွန်က အင်မတန်မှ အရေးကြီးတဲ့ ဝင်ငွေဖြစ်ပါတယ်။ ဒီလိုမျိုး ရွေးချယ်တာကတော့ ကောင်းပါတယ်။ နိုင်ငံတော်ရဲ့ Priority နဲ့ Policy နဲ့ ကိုက်ညီပြီးတော့မှ Investment တွေကို ရွေးချယ်မှာပါ။ ပြည်နယ်တွေမှာ လုပ်မယ့်လုပ်ငန်းတွေကို အခွင့်အရေးပိုပေးမှာတို့လို အကြောင်းတွေကိုလည်း ကျွန်တော်ကြားရပါတယ်။ ဒါတွေကလည်း နိုင်ငံတော်ရဲ့ Economic Policy နဲ့ ကိုက်ညီပြီးတော့မှ Taxation Policy ကို အသုံးချသွားတာပါ။ စင်ကာပူမှာလည်း ဒီလိုလုပ်ကြပါတယ်။ စင်ကာပူမှာ Taxation Policy တွေက High Techenology ၊ Online ၊ Internet လုပ်ငန်းတွေကို အခွင့်အရေးပေးပါတယ်။ Enterpreneurial Environment ကို အားပေးချင်လို့ပါ။ အဲဒီလိုမျိုး မြန်မာပြည်လည်း သူ့အဆင့်နဲ့သူ Taxation Policy ကို သုံးပြီးတော့ ဆွဲခေါ်တာပေါ့။ ဒါကတော့ ကြိုဆိုပါတယ်။ In Execution ဆိုတော့ စောင့်ကြည့်ရဦးမှာပါ။ နောက်တစ်ခုပြောချင်တာက ဥပဒေက မြန်မြန်ဆန်ဆန်လည်း အတည်ဖြစ်သွားတဲ့အတွက် အစိုးရက Signal ပေးလိုက်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ အစိုးရအသစ်၊ လွှတ်တော်အသစ်ကလည်း ပုဂ္ဂလိကစီးပွားရေးစနစ်ကို အားပေးထောက်ခံချင်ပါတယ်လို့သူတို့က Signal ပေးလိုက်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါကလည်း အရေးကြီးပြီး အဲဒါကိုလည်း ကျွန်တော်တို့က ကြိုဆိုပါတယ်။ တကယ့် Effect ကိုတော့ စောင့်ကြည့်ရဦးမှာပါ။


NewLaw16

ဦးအောင်ကြည်စိုး

Managing Director

Eastern Wealth Trading Co Ltd

General Secretary (UMFCCI)

လိုအပ်ချက်၊အားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ ထုတ်ပြန်လိုက်တဲ့အတွက် ကြိုဆိုပါတယ်။ တိုင်းပြည်အတွက် အမှန်တကယ် လုပ်ရမယ့် Export Processing Zone လည်း ရှိပါတယ်။ ဒီအထဲမှာ Export Processing Enterprise ဆိုပြီးတော့လည်း ရှိပါတယ်။ အဓိပ္ပာယ်ကတော့ Export သာ တကယ်လုပ်မယ်ဆိုရင် Export Zone ရဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ။ သူဟာ Export ကိုသာလုပ်မယ့် Enterprise ဆိုရင် ဒီရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ဒီအခွင့်အရေးတွေကို ခံစားခွင့်ပေးထားပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဥပဒေ ဖြစ်ပါတယ်။


NewLaw17

ဦးအောင်မင်း

Managing Director

Golden Myint Manufacturing Co Ltd

အခုရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေသစ်က ထွက်လာတဲ့အခါ ဒီဥပဒေအသစ်ကို နိုင်ငံခြားသားလုပ်ငန်းရှင်တွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ မသိသေးပါဘူး။ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ပြင်ဆင်ပြီးမှ ထွက်လာတဲ့အတွက် ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။


NewLaw18

ဒေါက်တာအောင်သိန်း

Managing Director

Nibban International Ltd

အခု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအသစ်ကတော့ အရင်တုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုကွဲနေတာကို ဥပဒေတစ်ခုတည်းအနေနဲ့ ပေါင်းလိုက်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက လုပ်ငန်းဆောင်ရွက်တဲ့အခါမှာလည်း ပြည်ထောင်စုအဆင့် အစိုးရအထိ တင်ဖို့မလိုတဲ့လုပ်ငန်းတွေ၊ အလွန်များတဲ့ ငွေကြေးမြှုပ်နှံမှုမဟုတ်တဲ့ လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) ရဲ့ ဥပဒေမှာပါတဲ့ Intensive တွေကို မလျှောက်ထားဘူးဆိုရင် MIC တင်စရာမလိုဘဲနဲ့သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရရဲ့ခွင့်ပြုချက်နဲ့ ဆောင်ရွက်လို့ရပါတယ်။ ဥပမာ - အထည်ချုပ်လုပ်ငန်းမျိုး ဖြစ်ပါတယ်။ ဒီလိုခွင့်ပြုလိုက်တဲ့အတွက် လုပ်ငန်းတွေ မှတ်ပုံတင်တဲ့အခါ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်တဲ့အပိုင်းမှာ ပိုပြီးလွယ်ကူမြန်ဆန်သွားပါတယ်။ နောက်တစ်ခုကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် ဇုန်တွေခွဲပြီးတော့ စီးပွားရေးဖွံ့ဖြိုးပြီးဒေသတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် သုံးနှစ်၊ စီးပွားရေး ဖွံ့ဖြိုးမှု အနည်းငယ်နည်းသေးတဲ့ ဒေသတွေမှာဆိုရင် အခွန်ကင်းလွတ်ခွင့် ငါးနှစ်နဲ့ ဝေးလံခေါင်ပါးပြီး မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာဆိုရင် အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ဆိုပြီး ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းရော ပြည်ပကပါ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အရင်ထက် ပိုလွယ်ကူသွားမယ်လို့ မြင်ပါတယ်။


NewLaw19

ဦးအေးသောင်း

ဗဟိုအလုပ်အမှုဆောင်

UMFCCI

ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ကို ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် ကြိုဆိုပါတယ်။ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ရှုထောင့်တစ်ခုကကြည့်မယ်ဆိုရင် နည်းနည်းစောသေးတယ်လို့ ထင်ပါတယ်။ စောသေးတယ်ဆိုတာက ရန်ကုန်မှာတောင် မဖွံ့ဖြိုးသေးဘဲ နယ်တွေဖွံ့ဖြိုးဖို့ဆိုတာ မလွယ်ပါဘူး။ အစီအစဉ်ကတော့ အင်မတန်ကောင်းတယ်ဆိုပေမယ့် နယ်တွေအတွက်က ဖြည့်ဆည်းစရာတွေ အများကြီးရှိနေပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ၊ လျှပ်စစ်မီးတွေ စသဖြင့် အစုံပဲလိုအပ်နေပါသေးတယ်။ အဓိကအရေးကြီးတာကတော့ မီးပဲဖြစ်ပါတယ်။ မီးမရရင် စက်မှုဇုန်တည်ဖို့ မဖြစ်နိုင်ပါဘူး။ အခုဆို ဧရာဝတီတိုင်းမှာတည်တဲ့ စက်ရုံဆယ်ရုံမှာ လေးရုံပဲဖွင့်နိုင်ပါတယ်။ ဘားအံမှာလည်း စက်မှုဇုန်တည်ထားတယ်။ အမည်ခံပဲရှိပြီး တစ်ယောက်၊ နှစ်ယောက်လောက်ပဲ လုပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနဲ့နီးတဲ့အတွက် အဲဒီနယ်ကလူတွေက ထိုင်းမှာပဲ အလုပ်သွားလုပ်ကြတာကြောင့် အလုပ်လုပ်မယ့်သူမရှိဘူး ဖြစ်နေပါတယ်။

အရင်အစိုးရလက်ထက်က လုပ်ရမယ့် Project တွေမှာ ကောင်းတာတွေကို ဆက်လုပ်ရပါမယ်။ အခု အစိုးရလက်ထက်မှာ ဒါထက်ကောင်းတာကိုလည်း ပိုလုပ်ရပါမယ်။ တကယ်လုပ်ချင်တဲ့စိတ်ရှိတဲ့ သူတွေ ရောက်လာတာကိုလည်း ကြိုဆိုပါတယ်။

နိုင်ငံရေးကတော့ ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ အခွင့်အရေးတွေလည်း ပေးနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ သတိထားရမှာက AEC ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လူတွေ မညံ့ကြပါဘူး။ နည်းပညာ၊ ငွေကြေး၊ ဈေးကွက်နဲ့ ပညာရှင်မရှိပေမယ့် မဖြစ်ဖြစ်အောင် လုပ်နေကြပါတယ်။ AEC လာပြီး နိုင်ငံခြားကနေဝင်လာတဲ့အခါ ဒီမှာအောင်မြင်နေတဲ့သူတွေကို ဝါးမျိုသွားရင် လုပ်ငန်းရှင်တွေပါ အလုပ်သမားဖြစ်သွားနိုင်ပါတယ်။ အဲဒီတော့ နိုင်ငံတော်အနေနဲ့အခုအချိန်မှာ လုပ်မယ်ဆိုရင် မီပါသေးတယ်။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲတွေကို မေတ္တာရပ်ခံချင်တာကတော့ စေတနာအမှန်နဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့လုပ်ပေးပါလို့ ပြောချင်ပါတယ်။ အားလုံးပေါင်းစပ်ပြီး ပြဿနာတစ်ခုရဲ့ အဖြေကိုရအောင်ရှာကြပါ၊ ကျွန်တော်တို့လုပ်ငန်းရှင်တွေလည်း ပါဝင်ပါ့မယ်လို့ ပြောချင်ပါတယ်။

အယ်ဒီတာအဖွဲ့