စေ့စပ်ညှိနှိုင်းရေးစားပွဲမှာပါဝင်ကြတဲ့ လူတွေအကြောင်း၊ စေ့စပ်ညှိနှိုင်းရာမှာ အခြေခံစဉ်းစားသင့်တဲ့ အကြောင်းတွေကို ကျွန်တော်တို့ဆွေးနွေးခဲ့ကြပြီးပါပြီ။ ဒီလိုနဲ့ ယခုအခါစေ့စပ်ညှိနှိုင်းရေး ဗဟိုစက်ဝန်းအတွင်းကို ရောက်လာကြပါပြီ။ ဒါတွေကတော့ စေ့စပ်ညှိနှိုင်းရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ၊ လုပ်ငန်းအဆင့်တွေနဲ့ လုပ်ငန်းကတွေပါပဲ။ စေ့စပ်ညှိနှိုင်းမှုတိုင်းမှာ ဒီအစိတ်အပိုင်းတွေအားလုံး လိုချင်မှလိုမှာဖြစ်ပေမဲ့ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကဲ့သို့သော အလွန်ရှည်လျားပြီး ရှုပ်ထွေးနက်နဲတဲ့ ဆွေးနွေးပွဲတွေမှာတော့ ဆက်လက်တင်ပြပေးသွားမယ့် လက်သုံးကိရိယာများကို အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိနိုင်မှာ ဖြစ်ပါတယ်။ အလိုဆန္ဒရှိမှု၊ စမှတ်၊ ကြမ်းခင်းအမှတ်၊ အကောင်းဆုံးရွေးချယ်စရာနည်းလမ်းနှင့် အဆိုးဆုံးရွေးချယ်စရာနည်းလမ်းတို့ဟာ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်မှာ မူဘောင်အပိုင်းအခြားနဲ့ အခြားရွေးချယ်စရာနည်းလမ်းများ ဖန်တီးတဲ့အခါမှာ အချင်းချင်း အပြန်အလှန် ချိတ်ဆက်မှုရှိနေတဲ့ အကြောင်းအရာများပါပဲ။ စေ့စပ်ညှိနှိုင်းမှုတိုင်းမှာ ပေးခြင်းနဲ့ယူခြင်းတို့ ပါဝင်ကြပါတယ်။ အဲ့ဒီတော့ အများဆုံးဘယ်လောက်ရနိုင်မလဲ၊ အနည်းဆုံးဘယ်လောက်ဆိုရင်အလုပ်ဖြစ်မလဲ နှစ်ဖက်စလုံးက စဉ်းစားကြရမှာပါ။ ဒါကြောင့် မူဘောင်အပိုင်း အခြားသတ်မှတ်ပြီး ဒီအပိုင်းအခြားအတွင်းမှာ ကျွန်တော်တို့ လှုပ်ရှားကစားကြရမှာဖြစ်ပါတယ်။ မူဘောင်အပိုင်း အခြားဆိုရာမှာ ငွေကြေးချည်းပဲ ပါဝင်တာမဟုတ်ပါဘူး။ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုအပါအဝင် အသိအမှတ်ပြုမှု၊ ဂုဏ်သိက္ခာ၊ ဥပဒေစည်းမျဉ်းစည်းကမ်း၊ သမိုင်းကြောင်းယဉ်ကျေးမှု၊ ဘာသာစကား စတဲ့ အများပြည်သူဆိုင်ရာ ရေတို၊ ရေရှည်အကျိုးစီးပွားစသည်တို့လည်း ပါဝင်နိုင်ပါတယ်။ လိုက်လျောမှုအဖြစ် နှစ်ဖက်စလုံးက အသုံးပြုနိုင်တဲ့ အကြောင်းအရာမှန်သမျှ မူဘောင်အပိုင်းအခြားအဖြစ် သတ်မှတ်စဉ်းစားထားရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာတော့ ရှင်းလင်းလွယ်ကူမှုအတွက် ငွေကြေးနဲ့သက်ဆိုင်တဲ့ သာဓကကိုပဲ အသုံးပြုသွားမှာပါ။ လူတိုင်းမှာ အတွင်းစိတ်ထဲက ကိုယ့်ဘာသာကိုယ်စဉ်းစားထားတဲ့ လုပ်ငန်းစဉ်တစ်ခုစီ ရှိတတ်ကြပါတယ်။ တခြားလူတွေနဲ့ စေ့စပ်ညှိနှိုင်းမှုမလုပ်ခင် ကိုယ့်ဘာသာကိုယ် စိတ်ထဲမှာစေ့စပ်ကြည့်ပါတယ်။ အဲ့ဒီမှာ အလိုဆန္ဒရှိမှုဆိုတာ စတင်ပေါ်ထွက်လာတာပဲ။ ဒီအလိုဆန္ဒရှိမှုဟာ နည်းနည်းကြီးမားနေမှာဆိုတော့ လက်တွေ့မကျဘဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုကြီးမားနေတာ ကောင်းပါတယ်။ အခုကျွန်တော်တို့က စေ့စပ်ညှိနှိုင်းရေးစားပွဲကို သွားဖို့ပြင်ဆင်နေချိန်ဆိုတော့ ဒီအချိန်မှာ အလိုဆန္ဒရှိမှုကြီးမားနေတာဟာ လက်ခံနိုင်ပါတယ်။ ကျွန်တော်တို့က တိုက်ခန်းတစ်ခန်းဝယ်ချင်တယ်၊ ကြိုက်တဲ့တိုက်ခန်းက သိန်း ၇၅၀ ဈေးပေါက်တယ်၊ ကျွန်တော့်ရဲ့အလိုဆန္ဒရှိမှုက သိန်း ၅၀၀ နဲ့ ရချင်တယ်။ စေ့စပ်ညှိနှိုင်းရေးမတိုင်ခင် အစောဆုံးကာလမှာ ကျွန်တော်ရဲ့ အလိုဆန္ဒရှိမှုက ကွာဟချက် အတော်အတန်ကြီးမားနေပါတယ်။ ကနဦးအခြေအနေမှာတော့ ဒါကိုလက်ခံနိုင်ပါတယ်။
စမှတ်က အလိုဆန္ဒရှိမှုနဲ့ မတူပါဘူး၊ နည်းနည်းပိုပြီး အားထုတ်ရပါတယ်။ အစစ်အမှန်အဖြစ်အများ လက်ခံထားချက်တွေအပေါ်မှာလည်း အခြေခံပြီး စဉ်းစားရပါတယ်။ ဒါကြောင့် စမှတ်ဆိုတာ မိမိမျှော်လင့်သော တစ်စုံတစ်ခုအတွက် လက်တွေ့ကျကျရယူနိုင်သော အနည်းဆုံး ပေးနိုင်တဲ့တန်ဖိုး သို့မဟုတ် အခွင့်အရေးဖြစ်ပါတယ်။ အထက်ပါ တိုက်ခန်းအရောင်းအဝယ်တွင် ရောင်းမယ့်လူကို အလေးမထားရာလည်းမကျရအောင် မိမိရဲ့ဂုဏ်သိက္ခာထိခိုက်ပြီး တခြားလူတွေက ဝိုင်းလှောင်တာလည်း မခံရအောင်၊ လက်တွေ့ပေါက်ဈေးဘောင် အနီးအနားအထိကပ်ပြီး သိန်း ၆၅၀ ပေးမယ်လို့ စတင်ညှိနှိုင်းခြင်းဟာ စမှတ်ပါပဲ။
စေ့စပ်ညှိနှိုင်းတဲ့အခါမှာ ရောင်းသူဘက်ကချည်းပဲ ကြမ်းခင်းအမှတ်ရှိနိုင်တာ မဟုတ်ပါဘူး၊ ဝယ်သူဘက်ကလည်း ကြမ်းခင်းအမှတ်ထားနိုင်ပါတယ်။ ရောင်းသူဘက်က ဒီအမှတ်ထက်နိမ့်ရင် မရောင်းဘူး၊ ဝယ်သူဘက်ကတော့ ဒီအမှတ်ထက်ပိုမြင့်ရင် မဝယ်ဘူးဆိုပြီး ကိုယ့်ကြမ်းခင်းအမှတ်နဲ့ ကိုယ်ရှိနိုင်ပါတယ်။ ဒီလိုကြမ်းခင်းအမှတ်တွေရှိပေမဲ့ စစ်တမ်းကောက်သူတွေကတော့ တစ်ကမ္ဘာလုံးမှာ လူအများစုဟာ ဒီကြမ်းခင်းအမှတ်တွေကို ကျော်လွန်ပြီး အပေးအယူလုပ်တာမျိုးရှိကြတယ်လို့လည်း ဆိုပါတယ်။ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် အခုလိုကြမ်းခင်းအမှတ်ကို ကျော်လွန်ပြီး အရောင်းအဝယ်လုပ်ကြပေမယ့် နိုင်ငံရေးကိစ္စ၊ အများပြည်သူအကျိုးစီးပွားကိစ္စတွေကို စေ့စပ်ညှိနှိုင်းကြတဲ့အခါမှာတော့ ကြမ်းခင်းအမှတ် ကျော်လွန်ပြီး သဘောတူညီချက်ရအောင်လုပ်ဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။ အထက်ကတင်ပြခဲ့တဲ့ သာဓကအရဆိုရင် စမှတ်ဖြစ်တဲ့ သိန်း ၆၅၀ နဲ့ ကြမ်းခင်းအမှတ်သည် ၇၂၅ သိန်း ဖြစ်မည်ဆိုပါစို့။ စေ့စပ်ညှိနှိုင်းဖို့အတွက် ကျွန်တော်တို့ဖန်တီးလိုက်တဲ့ မူဘောင်အပိုင်းအခြားဟာ ဒီအမှတ်နှစ်ခုရဲ့ ခြားနားချက် ၇၅ သိန်းဖြစ်လာပါတယ်။ ဒါကဝယ်သူဘက်က မူဘောင်အပိုင်းအခြားဖြစ်ပါတယ်။ ရောင်းသူဘက်ကလည်း သူ့ဘာသာသူရှိနေမှာပါ။
ရောင်းသူဘက်က မူဘောင်အပိုင်းအခြားနဲ့ ဝယ်သူဘက်က မူဘောင်အပိုင်းအခြား တစ်ထပ်တည်းကျသော အစိတ်အပိုင်းကလေးပါလာပြီဆိုရင်တော့ ဒီအစိတ်အပိုင်းအတွင်းမှာ အရောင်းအဝယ်ဖြစ်ဖို့ ရှိပါတယ်။ မူဘောင်အပိုင်းအခြားနှစ်ခုက တစ်ခြားစီဖြစ်နေမယ်၊ ကွာဟနေမယ်ဆိုရင်တော့ အရောင်းအဝယ်မဖြစ်တော့ပါဘူး။ အဲဒီအခါ ဘာလုပ်မလဲ၊ ကြိုစဉ်းစားထားရပါမယ်။ ရွေးချယ်စရာ နည်းလမ်းများကို ရှာဖွေရမှာဖြစ်ပါတယ်။ ဒီတိုက်ခန်းကို ကျွန်တော်ကကြိုက်တယ်ဆိုတာ တစ်ခုတည်းသော အဖြေမဟုတ်ပါဘူး၊ ကျွန်တော်မှာ စိတ်ချရတဲ့ အခြားအဆက်အသွယ်တွေ ရှိပါတယ်။ ကျွန်တော်ရဲ့ ဘက်စုံလိုလားချက်စံနှုန်းနဲ့ညီညွတ်တဲ့ အခြားတိုက်ခန်းတစ်ခန်း သို့မဟုတ် ရင်းနှီးမြှပ်နှံမှုအကွက်ကောင်းတစ်ခုကို ပြင်းပြင်းထန်ထန် ခေါင်းခြင်းရိုက်အဖြေရှာထားပြီး ဖြစ်ရပါမယ်။ ဒီလိုအကောင်းဆုံးရွေးချယ်စရာနည်းလမ်းတစ်ခု ရှာတွေ့ပြီးပြီဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့လည်း လက်တွေ့ဘဝမှာ ကျွန်တော်တို့အတွက် ရွေးချယ်စရာဟာ အကန့်အသတ်တွေ ရှိနေမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ပြင်ဆင်ချိန်မှာ လုပ်ထားသင့်တာကို လုပ်နိုင်သလောက် လုပ်ထားဖို့ လိုပါတယ်။
အကောင်းဆုံးရွေးချယ်စရာနည်းလမ်းကို ရှာဖွေလို့မရတော့ဘူးဆိုရင် အဆိုးဆုံးရွေးချယ်စရာ နည်းလမ်းတစ်ခုကိုလည်း စဉ်းစားထားရပါတယ်။ ဒါကတော့ မိမိရဲ့ကြမ်းခင်းအမှတ်ကို ပြန်လည်စစ်ဆေးခြင်းဖြစ်ပါတယ်။ တခြားရွေးချယ်စရာနည်းလမ်းတွေက ဒီလောက်ကျပ်တည်းနေပြီဆိုရင် ကြမ်းခင်းအမှတ်ကို ကျော်လွန်ပြီးတော့ ပေးရတော့မလား၊ ကြမ်းခင်းအမှတ်အသစ် ပြန်လည်သတ်မှတ်ခြင်းပဲပေါ့။ စေ့စပ်ညှိနှိုင်းရေးစားပွဲရောက်ပြီးမှဆိုရင် ကြမ်းခင်းအမှတ်မှားနေတဲ့အခါ မိမိအပေါ်မှာ ဖိအားတွေ များလာလိမ့်မယ်။ အဲ့ဒီအခါ ထိပ်ထိပ်ပျာပျာဖြစ်လာပြီး လိုအပ်သည်ထက် ပိုအလျော့ပေးရတာဖြစ်နိုင်ပါတယ်။ ဒီလိုကြမ်းခင်းအမှတ် ပြန်သတ်မှတ်တာကို အဆိုးဆုံးရွေးချယ်စရာနည်းလမ်းလို့ ပြောကြတာဖြစ်ပါတယ်။
ပြင်ဆင်ချိန်မှာ ဖိအားတွေမရှိသေးတဲ့အတွက် ကိုယ့်စိတ်တိုင်းကျလုပ်နိုင်တဲ့အလုပ်မှန်သမျှကို ကျွန်တော်တို့ လုပ်ထားကြရပါမယ်။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေစပြီဆိုရင်တော့ တိုးတက်လာတဲ့ အခြေအနေတွေနဲ့အတူ ကြိုတင်ပြုလုပ်ထားတဲ့ မူဘောင်အပိုင်းအခြားနဲ့ ရွေးချယ်စရာနည်းလမ်းတွေကို ပြန်လည်ရည်ညွန်းပြီး စဉ်းစားချင့်ချိန် ဆုံးဖြတ်ကြရမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
မင်းဗထူး