စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က လိုက်လျောမှု

winwin

လူတွေက တော်တော်ထူးဆန်းတယ်။ စိတ်အခြေအနေကောင်းမွန်တဲ့ မည်သည့်ပုဂ္ဂိုလ်မဆို နှစ်ဖက်စလုံးအရှုံးပေါ်စေမယ့် စေ့စပ်ညှိနှိုင်းရေးမျိုးတော့ လုပ်ချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ယုံနိုင်စရာတောင်မရှိပါဘူး၊ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ လူတွေဟာ မကြာခဏဆိုသလို သတိလက်လွတ်ဖြစ်ကြပြီး နှစ်ဖက်ရှုံးအခြေအနေဆီ ရောက်သွားကြတာတွေ့ရပါတယ်။ စေ့စပ်ညှိနှိုင်းရာမှာ နှစ်ဖက်စလုံးက ကိုယ်လိုချင်တာမရတော့ဘူးဆိုရင် နှစ်ဖက်ရှုံးတာပဲပေါ့။ အချိန်တွေရှုံး၊ လုပ်အားတွေရှုံး အရင်းအမြစ်တွေရှုံး နောက်ဆုံးမှာ ရည်မှန်းချက်ပါ ဆုံးရှုံးနိုင်ပါတယ်။ တကယ်တော့ လူတွေဟာ တစ်ယောက်ကိုတစ်ယောက်က အနိုင်လိုချင်စိတ်အားကြီးလာပြီး နောက်ဆုံးမှာ နှစ်ဖက်ရှုံးသဘောမျိုး ဖြစ်သွားခဲ့ရတာကို ငယ်ရွယ်တဲ့ကလေးဘဝတွေ မှာ ပိုတွေ့နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ နှစ်ဖက်ရှုံးဖြစ်ရတယ်ဆိုတာ ရင့်ကျက်ခြင်းနဲ့လည်း သက်ဆိုင်ပါတယ်လို့ ပြောချင်ပါတယ်။

စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ လိုက်လျောမှုတွေဟာ တစ်ဖက်နဲ့တစ်ဖက်ဖလှယ်နိုင်တဲ့ ပစ္စည်းတွေပါပဲ။ ငွေကြေး၊ ထုတ်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတို့ဟာ အမျိုးခွဲ ပေါင်းမြောက်မြားစွာ ပါဝင်ဖွဲ့စည်းထားတဲ့ အဓိကဖလှယ်ရေးပစ္စည်းတွေ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲဆိုတာ စုံတွဲအကလို့ ပြောခဲ့တဲ့အတိုင်းပါပဲ၊ သတင်းအချက်အလက်တွေရော၊ လက်ဆုပ်လက်ကိုင်ပြုနိုင်တဲ့ လိုက်လျောမှုတွေရော ခြေတစ်လှမ်းပြီးတစ်လှမ်း ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်နဲ့ အပေးအယူလုပ်ကြရပါတယ်။ အဲဒီတော့ ဒီနေရာမှာသိပ်အရေးကြီးတာက ကိုယ်ဖလှယ်နေတဲ့ ပစ္စည်းအကြောင်း ကောင်းကောင်းသိဖို့၊ ဒီပစ္စည်းဟာ ကိုယ့်အတွက် ဘယ်လောက်တန်ဖိုးရှိတယ်၊ သူ့အတွက်ကျတော့ ဘယ်လောက်တန်ဖိုးဖြစ်သွားစေတယ်ဆိုတာကို အသိဉာဏ်ပညာကြွယ်ဝစွာနဲ့ သိရှိနားလည်ထားဖို့ပဲ ဖြစ်ပါတယ်။

ဒီလိုလိုက်လျောမှုချင်း ဖလှယ်ကြတဲ့နေရာမှာ နှစ်ဖက်စလုံးလိုချင်တဲ့စံကတော့ ကိုယ့်ဘက်မှာ တန်ဖိုးနည်းနည်းသာရှိပြီး သူ့ဘက်အတွက် ကြီးကြီးမားမား တန်ဖိုးထားနိုင်တဲ့အရာဖြစ်ဖို့ပါပဲ။ သာဓကအနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင် တိုက်ခန်းတစ်ခန်းအရောင်းအဝယ်ဖြစ်ဖို့ စကားပြောနေကြတယ်ဆိုပါစို့။ မိမိဘက်က ဒီတိုက်ခန်းကို ရောင်းချချင်တာက တစ်နေရာမှာ ရင်းနှီးမြှပ်နှံဖို့အတွက်ပဲ ရည်ရွယ်တာပါ။ ဝယ်ယူလိုသူကတော့ ရန်ကုန်ကို တစ်နယ်တစ်ကျေးကရောက်လာပြီး သားသမီးတွေ အဆင့်မြင့်ပညာသင်ကြားနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကဒီတိုက်ခန်းမှာရှိနေတဲ့ ပရိဘောဂတွေ လျှပ်စစ်ပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို တန်ဖိုးထားတယ်။ မိမိအတွက်ကျတော့ တိုက်ခန်းရောင်းပြီးရင် ဒါတွေကို ဘယ်ပို့ရမှန်းတောင် မသိဘူးဖြစ်နေတယ်။ ဒါ ကြောင့် တိုက်ခန်းအရောင်းအဝယ်ကိစ္စ စကားပြောကြတဲ့နေရာမှာ ပရိဘောဂတွေ အခမဲ့လွဲပြောင်းပေးမယ့် မိမိရဲ့လိုက်လျောမှုဟာ နှစ်ဖက်စလုံးလိုချင်တဲ့စံနဲ့ ဘောင်ဝင်တဲ့အတွက် အောင်မြင်ဖို့အလားအလာရှိတယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဒါပေမဲ့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတိုင်းမှာတော့ အခုလိုလွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်းရှိမည် မဟုတ်ပါ။ လူအများစုဟာ လှည်းလမ်းကြောင်းအဟောင်းအတိုင်းပဲ သွားလိုကြပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာလည်း ဒီအတိုင်းဖြစ်တာများပါတယ်။ လူတိုင်းက ဝန်မခံကြပေမယ့် ကျွန်တော်တို့ရဲ့ မသိစိတ်ထဲမှာက ကိုယ်သိထားတာနဲ့ပဲ အလုပ်လုပ်ချင်ကြပါတယ်။ မိမိဘက်က အဖွဲ့အစည်းတွေအတွင်းမှာ ဖလှယ်နိုင်စရာ အကြောင်းအရာများစွာရှိနေလင့်ကစား စေ့စပ်ညှိနှိုင်းသူတွေကိုယ်တိုင်က လုံးဝမသိသေးတာ၊ တစ်စိတ်တစ်ပိုင်းမသိနိုင်သေးတာ၊ ကိုယ့်ဘက်က အရေးမကြီးဘူးဆိုပြီး လုံးဝထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိသေးတာတွေ ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့မသိသေးတဲ့ နည်းပညာကျွမ်းကျင်မှုတစ်ခု၊ ဥပဒေစည်းမျဉ်းစည်းကမ်း ပြင်ဆင်ပေးနိုင်တဲ့ လုပ်ထုံးလုပ်နည်းတစ်ခု၊ အရင်းအမြစ်တစ်ခု၊ ဒါမဟုတ် ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ ဖွဲ့စည်းမှုနည်းစနစ်တစ်ခုခုဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ ဆွေးနွေးကြတဲ့အခါမှာ အရေးကြီးတဲ့ဖဲချပ်တစ်ချပ် လိုနေသလို ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် စေ့စပ်ညှိနှိုင်းသူတွေအနေနဲ့ လိုက်လျောမှုတွေလုပ်တဲ့အခါမှာ ကိုယ်မသိသေးတာ ဘာများရှိဦးမလဲလို့ ရှာဖွေအားထုတ်ရတဲ့အလုပ်ဟာ ထိုက်တန်တဲ့အလုပ်ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ပြင်ဆင်ချိန် ကာလအတွင်းမှာ ကျွန်တော်တို့ဘက်က လိုက်လျောပေးနိုင်တဲ့အချက်တွေကို အပြည့်အဝစီစဉ်ထားပြီး ဖြစ်ပါတယ်ဆိုရင်တောင်မှ စေ့စပ်ညှိနှိုင်းရေးစားပွဲအပေါ်မှာ ဆွေးနွေးညှိနှိုင်းရင်း အပြန်အလှန်လိုက်လျောမှုတွေ ဖလှယ်ရာကနေ အသစ်တိုးတက်ဖြစ်ထွန်းလာတဲ့ အခြေအနေတွေကြောင့် ကျွန်တော်တို့မသိနိုင်သေးတဲ့ လိုက်လျောနိုင်စရာအကြောင်းအရာကလေးတွေ ကျန်ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲလုပ်ငန်းစဉ် မပြီးပြတ်သေးသမျှ ကာလပတ်လုံး အသစ်လိုက်လျောနိုင်စရာ အကြောင်းအရာတွေကို ဆက်လက်ရှာဖွေနေဖို့ လိုအပ်မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ တစ်ဖက်အဖွဲ့အစည်း တန်ဖိုးထားလိုအပ်နေတဲ့ နည်းပညာကျွမ်းကျင်မှုတွေ၊ ဥပဒေစည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်း ပြင်ဆင်ပေးဖို့ကိစ္စတွေ၊ အရင်းအမြစ်တွေနဲ့ ပြောင်းလဲပေးနိုင်တဲ့ ဖွဲ့စည်းမှုနည်းစနစ်တွေအကြောင်းလည်း အပြင်းအထန်စုံစမ်းလေ့လာနေရမှာဖြစ်သလို အဆက်မပြတ်ရှာဖွေဖော်ထုတ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါဟာ မိမိအဖွဲ့အစည်းက လိုက်လျောပေးနိုင်မှုတွေကို စမ်းတဝါးဝါး ရှာဖွေနေရခြင်း အလုပ်အတွက် အချိန်ကုန်သက်သာသွားစေမှာ ဖြစ်ပါတယ်။ မိမိဘက်က အကုန်အကျနည်းနည်းနဲ့ သူ့ဘက်အတွက် တန်ဖိုးကြီးမားတဲ့ လိုက်လျောမှုတွေ၊ ဒါမဟုတ် သူ့ဘက်က အကုန်အကျနည်းနည်းနဲ့ မိမိဘက်အတွက် တန်ဖိုးကြီးမားသောလိုက်လျောမှုတွေဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ မျက်လှည့်ပြလိုက်သလို ထူးခြားတဲ့ရလဒ်ပေါ်ထွက်လာစေမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

မင်းဗထူး