စေ့စပ်ညှိနှိုင်းရေးအတွက် ရှာဖွေဖော်ထုတ်ခြင်း (၃)

mbh3

စေ့စပ်ညှိနှိုင်းရေးစားပွဲအပေါ်မှာ စထိုင်ပြီဆိုတာနဲ့ ရှာဖွေဖော်ထုတ်ခြင်းအပိုင်းကို စတင်ရမှာပါ။ အဲ့ဒီလိုရှာဖွေဖော်ထုတ်ရာမှာ ပထမကျွမ်းကျင်မှုဖြစ်တဲ့ ဓမ္မဓိဋ္ဌာန်နဲ့ ပုဂ္ဂလဓိဋ္ဌာန်ခွဲခြားနားလည်ခြင်း၊ ဒုတိယကျွမ်းကျင်မှုဖြစ်တဲ့ စာနာစိတ်ထားရှိခြင်းနဲ့ စာနာစိတ်ဖြင့် ချိတ်ဆက်မှုရယူတတ်ခြင်းတို့ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ဆွေးနွေးခဲ့ပြီးပါပြီ။ နောက်ထပ်လိုအပ်တဲ့ကျွမ်းကျင်မှုတွေကတော့ စွမ်းအားရှိသော မေးခွန်းများမေးတတ်ခြင်း၊ တောင်းဆိုတတ်ခြင်း၊ နားထောင်တတ်ခြင်းနဲ့ လိပ်ပတ်လည်အောင် ပန်ဆိုတတ်ခြင်းတို့ပဲဖြစ်ပါတယ်။

တတိယကျွမ်းကျင်မှုဖြစ်တဲ့ စွမ်းအားရှိသော မေးခွန်းများမေးတတ်ခြင်းနဲ့ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင် ရှေးဦးစွာလူတွေဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုမေးခွန်းတွေ မေးတတ်သလဲဆိုတာက စပြောရပါမယ်။ သုတေသနပြုသူတွေရဲ့ အဆိုအရသာမာန်အားဖြင့် လူတွေမေးတတ်တဲ့မေးခွန်းစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ''တုံးတိမေးခွန်း'' များ ဖြစ်ကြပါတယ်။ အဖြေက ဟုတ်တယ်မဟုတ်ဘူး၊ ဖြူတယ်၊ မဲတယ်၊ မကြာမီ၊ ဆယ်နှစ်ခန့်စသည်ဖြင့် အလွန်တိုတောင်းသောအဖြေများသာရနိုင်တဲ့ မေးခွန်းမျိုးဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေက စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ သိပ်အသုံးမဝင်ကြပါဘူး၊ သတင်းအချက်အလက် ပိုပြီးရှာဖွေဖော်ထုတ်နိုင်တာကတော့ ''ဖွင့်ပေးသောမေးခွန်း'' များ ဖြစ်ပါတယ်။ စွမ်းအားရှိသည့် ဖွင့်ပေးသောမေးခွန်းများဟာ တစ်ဘက်အဖွဲ့အစည်းအနေနဲ့ ဖြေတဲ့အခါမှာ စဉ်းစားဖို့အတွက်ရော၊ ခံစားဖို့အတွက်ပါ ဖြစ်လာရအောင် ဒီဇိုင်းဆင်ပေးထားတယ်လို့ ဆိုပါတယ်။ အပြန်အလှန်ဆွဲဆောင်မှုရှိပြီး ချိတ်ဆက်မှုလည်းရှိစေရပါတယ်။ စေ့စပ်ညှိနှိုင်းတယ်ဆိုတာ သမီးရည်းစားချိန်းတွေ့ကြသလို ယုံကြည်မှုရှိစေခြင်းနဲ့၊ သိုသိပ်ထားမှုတချို့ကို လှစ်ဟပြောဆိုခြင်းတို့ ပါဝင်ပါတယ်။ ပွင့်လင်းစွာစကားပြောတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ မိမိရဲ့ဖဲချပ်တွေအားလုံး စားပွဲပေါ်မှာ ခင်းကျင်းပြထားလို့တော့ မဖြစ်ဘူးဆိုတာကိုတော့ သတိထားရပါမယ်။

ဖွင့်ပေးသောမေးခွန်းများ မေးရာမှာဖြစ်စေ၊ တောင်းဆိုခြင်းလုပ်တဲ့အခါမှာဖြစ်စေ ကျွန်တော်တို့မေးနိုင်တဲ့ မေးခွန်းကို ''ဘာဖြစ်လို့လဲ''  နဲ့ ''ရှင်းပြပေးနိုင်မလား'' ဆိုတဲ့ စကားလုံးတွေနဲ့ အဆုံးသတ်ပေးရမှာဖြစ်ပါတယ်။ မိမိကအဲ့ဒီလိုမေးပြီးပြီဆိုရင်တော့၊ ဒီအတိုင်းနေလို့မရတော့ဘူး။ မိမိရဲ့စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် (EQ) ရေဒါနဲ့ တစ်ဘက်လူတွေရဲ့တုံ့ပြန်မှုတွေကို မျက်နှာအမူအရာနဲ့ ကိုယ်လက်လှုပ်ရှားမှုများကအစ ပြောဟန်ဆိုဟန်နဲ့ ဖြေကြားချက်အနက်ကောက်ခြင်းတို့အတွက်ပါ အဆက်မပြတ်စစ်ဆေးနေရမှာ ဖြစ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ရေဒါက ဖမ်းယူရရှိတဲ့ပုံရိပ်တွေကိုကြည့်ပြီး မိမိဘက်က ဦးဆောင်မေးခွန်းတချို့ မေးထိုက်တဲ့အချိန်ရောက်ပြီဆိုရင် စမေးရပါမယ်။ ''ဦးဆောင်မေးခွန်း''ဆိုတာကတော့ မိမိရွေးချယ်ထားတဲ့ လမ်းကြောင်းအတိုင်း တစ်ဘက်လူကလိုက်ပါလာစေနိုင်တဲ့ မေးခွန်းပဲဖြစ်ပါတယ်။ တကယ်လို့ဆွေးနွေးပွဲဟာ သိပ်စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ အခြေအနေမျိုးမဟုတ်တော့ဘူးဆိုရင်တော့၊ စွန့်စားမှုအခြေခံတဲ့ မေးခွန်းမျိုး မေးတန်ရင်မေးရပါတယ်။ ''စွန့်စားမှုအခြေခံမေးခွန်း'' ဆိုတာကတော့ ဒီစေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ တစ်ခုခုကွဲပြားခြားနားတာကို တစ်ဘက်ဘက်ကမလုပ်တော့ဘူးဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အပျက်သဘောအကျိုးဆက်များကို ပေါ်လွင်မြင်သာအောင်မေးတဲ့ မေးခွန်းမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ တခါတလေကျတော့လည်း စွန့်စားမှုအခြေခံမေးခွန်းရဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ အကျိုးကျေးဇူး အခြေခံမေးခွန်းများကို မေးနိုင်ပါတယ်။ ''အကျိုးကျေးဇူးအခြေခံမေးခွန်း'' ဆိုတာကတော့ အကယ်၍ သူတို့ဘက်ကများ လှုပ်ရှားဆောင်ရွက်မှုတစ်ခုခု လုပ်လိုက်မယ်ဆိုရင်၊ အပြုသဘောရလဒ်တွေ ဘယ်လိုထွက်ပေါ်လာနိုင်သလဲဆိုတာကို စဉ်းစားမိစေဖို့ ဖိတ်ခေါ်တဲ့မေးခွန်းပါပဲ။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲအဆုံးသတ်ကာလမှာ တစ်ဘက်လူတွေက ဘာကိုလိုချင်နေကြသလဲဆိုတာကို အကျိုးကျေးဇူးအခြေခံမေးခွန်းများမေးခြင်းဖြင့် ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ သူတို့ဘက်က တုန့်ပြန်လာတဲ့ အဖြေတွေကနေ ကျွန်တော်တို့က အာရုံခံတတ်ဖို့ပဲလိုမှာဖြစ်ပါတယ်။ ဒါဟာအတော်တန်ဖိုးကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

စေ့စပ်ညှိနှိုင်းရာမှာ တောင်းဆိုတတ်ခြင်းဟာလည်း အရေးကြီးတဲ့ စတုတ္ထကျွမ်းကျင်မှုဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူအတော်များများက တောင်းဆိုခြင်းအလုပ်ကို မလုပ်ချင်ကြပါဘူး။ ဘာကြောင့် ဒီအလုပ်မလုပ်ချင်တာလဲဆိုတာကို သုတေသီတွေက အကြောင်းရင်းကို လိုက်ရှာကြပါတယ်။ အပြီးသတ်မှာတော့ မိမိရဲ့တောင်းဆိုချက်ကို ''ပယ်ချခံရမှာကြောက်လို့'' ဆိုတဲ့ အဖြေရပါတယ်။ တကယ်တော့တောင်းဆိုတယ်ဆိုတာ လိုအပ်တာ သို့မဟုတ် လိုချင်တာရှိလို့ တောင်းရတာပါ။ မတောင်းဆိုရင် ဘာမျှရလာနိုင်စရာအကြောင်းမရှိပါဘူး။ တောင်းဆိုခဲ့ရင် ဖြစ်နိုင်တဲ့အဖြေလေးမျိုးထဲက တစ်ခုခုတော့ ရရှိနိုင်ပါတယ်။ (တစ်) လိုချင်တာရမယ် (နှစ်) မရဘူး (သုံး) တန်ပြန်အဆိုပြုချက်ပဲရမယ် (လေး) အချိန်ဆွဲထားလိမ့်မယ်။ ဒီလေးချက်ထဲမှာ (တစ်) နဲ့ (လေး) က အပြုသဘောတုံ့ပြန်မှုပဲ။ လိုချင်တာနဲ့အများကြီး နီးစပ်ပါတယ်။ (သုံး) ကလည်း ညှိနှိုင်းကြည့်ရင်ဖြစ်နိုင်တယ်။ (နှစ်) က ငြင်းပယ်ထားသော်လည်း မိမိဘက်က စိတ်မပျက်ရဘူး၊ ရလိုစိတ်နဲ့ ဆက်လက်စူးစမ်းနိုင်တယ်၊ အခြားရွေးချယ်စရာနည်းလမ်းအသစ်များ ပေါ်ထွက်လာနိုင်တယ်။ ဒါကြောင့် ရှာဖွေဖော်ထုတ်ခြင်းအပိုင်းမှာ တောင်းဆိုတတ်မယ်ဆိုရင် လိုချင်တာရနိုင်ခြေအများကြီးရှိတာဖြစ်တဲ့အတွက် ကျွန်တော်တို့က ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ထားဖို့ပဲ လိုပါတယ်။

နောက်ထပ်ကျွမ်းကျင်မှုတစ်မျိုးကတော့ နားထောင်တတ်ခြင်းပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် အစေးကပ်ဖို့၊ အပေါက်အလမ်းတည့်ဖို့ဆိုတာ နားထောင်တတ်ခြင်းထက်ကောင်းတဲ့ နည်းလမ်းမရှိပါဘူး။ နားထောင်တာဟာ နှစ်ဘက်စလုံးအတွက် အကျိုးကျေးဇူးရှိပါတယ်။ ဒါပေမဲ့ နားထောင်တတ်ခြင်းမှာ အဆင့်နှစ်မျိုးရှိပါတယ်။ အခြေခံအဆင့်က မိမိအတွက်နားထောင်ခြင်းဖြစ်ပြီး အဆင့်မြင့်နားထောင်တတ်ခြင်းကတော့ သူများအတွက် နားထောင်တတ်ခြင်းဖြစ်ပါတယ်။ မိမိအတွက်နားထောင်သူကတော့ မိမိလိုချင်တာကို နားထောင်တယ်၊ ခိုင်လုံတဲ့အကြောင်းပြချက်ရှိရင် ဖြတ်ပြောတယ်။ ခင်ဗျားပြောတာ စိတ်မဝင်စားဘူး၊ သိပြီးသား၊ အရေးမကြီးပါဘူး၊ ဂရုမစိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ။ ဟိုဘက်ကလည်း ဆက်ပြောချင်စရာစကား မရှိတော့ပါဘူး။ စေ့စပ်ညှိနှိုင်းရာမှာ မသင့်လျော်တဲ့အပြုအမူပါပဲ။ အဆင့်မြင့်နားထောင်တတ်သူကတော့ ခင်ဗျားဟာ ကျွန်တော်အတွက် အရေးကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ပဲဆိုတဲ့ ရပ်တည်ချက်နဲ့ အာရုံစိုက်နားထောင်တယ်၊ ခန္ဓာကိုယ်က ရှေ့သို့အနည်းငယ်ညွှတ်ပြီး မျက်လုံးချင်းဆုံထားတယ်။ စကားပြောနေတဲ့လူကို ဆက်ပြောဖို့ အားပေးနေသလိုပဲ။ ယုံကြည်မှုပိုရလိမ့်မယ်။ ကိုယ်ကပြန်ပြောတဲ့အခါမှာလည်း သူကအဲ့ဒီလို ဂရုစိုက်နားထောင်လိမ့်မယ်။ စေ့စပ်ညှိနှိုင်းရာမှာ နှစ်ဦးနှစ်ဘက် အကျိုးကျေးဇူးဖြစ်စေတဲ့ နားထောင်ခြင်းအတတ်ပညာပါပဲ။

နောက်ဆုံးနဲ့ ဆဋ္ဌမမြောက်ကျွမ်းကျင်မှုကတော့ လိပ်ပတ်လည်အောင်ပြန်ဆိုတတ်ခြင်းပဲဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲအစီအစဉ်အရ ဆွေးနွေးဆဲ သို့မဟုတ်ဆွေးနွေးပြီး အကြောင်းကိစ္စတစ်ခုခုနဲ့ ပတ်သက်လို့ ရှေ့နောက်အစီအစဉ်တကျဖြစ်သော စကားပြေစကားလုံးများဖြင့် အဓိပ္ပာယ်ရှင်းလင်းစွာ ပြန်လည်ပြောကြားခြင်း ဖြစ်ပါတယ်။ အရေးကြီးသောစကားလုံးများ စာပိုဒ်များ မကြွင်းကျန်စေဘဲလိုရင်းကို အကျဉ်းချုံးပြန်လည်ဖော်ပြခြင်းလည်း ဖြစ်ပါတယ်။ အားလုံးကဝိုင်းနားထောင်ပြီးထပ်ဖြည့်သင့်တာဖြည့်၊ ပြင်သင့်တာပြင်ပြီး လက်ခံလိုက်ခြင်းဖြင့် နှစ်ဦးနှစ်ဘက်စလုံးရဲ့ စိတ်ထဲမှာရှင်းလင်းကျေနပ်မှုကို ဖြစ်စေနိုင်ပါတယ်။

စေ့စပ်ညှိနှိုင်းရေးရေးစားပွဲတစ်ခုမှာ ကျွမ်းကျင်မှုခြောက်မျိုးပါရှိတဲ့ ရှာဖွေဖော်ထုတ်ခြင်းအပိုင်းကို ကျကျနနပေါင်းစပ်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်တယ်ဆိုရင် ဒီဆွေးနွေးပွဲရဲ့ ရလဒ်အခြေအနေကို ကျွန်တော်တို့ကြိုတင်ခန့်မှန်း အကဲခတ်လို့ရနေပါပြီ။

မင်းဗထူး