စေ့စပ်ညှိနှိုင်းဆွေးနွေးတယ်ဆိုတာ သတင်းအချက်အလက်တွေပါဝင်တဲ့ လှုပ်ရှားဆောင်ရွက်မှုအစီအစဉ်တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ကို ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေ၊ ဖိအားရှိနေမှုတွေ၊ အချိန်ဇယားတွေ၊ လိုက်လျောပေးနိုင်တဲ့အချက်တွေ အစရှိတာတွေကို ပိုမိုသယ်ဆောင်သွားနိုင်လေ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ဟာ ရှင်းရှင်းလင်းလင်း ရှိလေပါပဲ။ အလားတူပါပဲ၊ တစ်ဖက်အဖွဲ့က သတင်းအချက်အလက်တွေ ပိုမိုဖွင့်ဟပေးနိုင်လေ ကျွန်တော်တို့ဟာ ကိုယ့်ဘက်ကလိုချင်တာနဲ့ သူ့ဘက်ကလိုချင်တာတွေကို ပိုမိုဉာဏ်အမြော်အမြင်ရှိစွာနဲ့ စေ့စပ်ညှိနှိုင်းနိုင်လေပါပဲ။ ကျွန်တော်တို့ အမြဲတမ်းဂရုပြုရမှာက စေ့စပ်ညှိနှိုင်းတယ်ဆိုတာ တစ်ဖက်ကို အခြားတစ်ဖက်က အလဲထိုးနိုင်ဖို့မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးကျေးဇူးရှိစေမယ့် ရလဒ်ရရှိဖို့ပဲ ဖြစ်ပါတယ်။
စေ့စပ်ညှိနှိုင်းရေးစားပွဲကိုသွားတဲ့အခါ အခြားတစ်ဖက်အဖွဲ့အစည်းဆီက သတင်းအချက်အလက်တွေ ရဖို့အတွက်ချည်း အားထုတ်နေလို့မရပါဘူး။ ကိုယ့်ဘက်က အဖွဲ့အစည်းရဲ့ သတင်းအချက်အလက်တွေလည်း အလုံအလောက်ရှိနေမှသာ အပြန်အလှန်အဓိပ္ပာယ်ရှိတဲ့ စကားပြောလို့ရမှာပါ။ ဒီဆွေးနွေးပွဲတွေမှာ ထောက်လှမ်းရေးသတင်းတွေ စုံစမ်းထောက်လှမ်းဖို့ ရည်ရွယ်ချက်ရှိမယ်ဆိုရင်တော့ ယုံကြည်မှုပျက်ပြားစေနိုင်တဲ့အတွက် ရေရှည်ပန်းတိုင်ကို အတူတကွလျှောက်လှမ်းဖို့ မဖြစ်နိုင်တော့ပါဘူး။ သို့ပေမယ့် ဆွေးနွေးပွဲနဲ့ဆက်စပ်တဲ့ အခြားသတင်းအချက်အလက်တွေ ပြည့်စုံနိုင်သမျှ ပြည့်စုံစေရပါတယ်။ သာဓကအနေနဲ့ ပြောရမယ်ဆိုရင် လုပ်ငန်းဌာနကြီးရဲ့ အစဉ်အလာသဘောထား၊ အရင်းအမြစ်တွေရဲ့ ရှားပါးမှု၊ ဒါမှမဟုတ် ပေါများမှု၊ ပြည်တွင်းပြည်ပ၊ ဌာနတွင်း ဌာနပြင်မူဝါဒဆိုင်ရာ ရာသီဥတုအခြေအနေ၊ တစ်နိုင်ငံလုံး ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုတွေနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲအပေါ် သက်ရောက်နိုင်တဲ့ ပတ်ဝန်းကျင်ရေးရာ အခြေအနေတွေ ပါဝင်နိုင်ပါတယ်။
အခုလို အဆုံးမရှိတဲ့ သတင်းခေတ်ကြီးမှာ ကျွန်တော်တို့အတွက် သတင်းအချက်အလက်တွေက တောင်ပုံရာပုံ ဖြစ်နေတတ်ပေမယ့်လည်း ကိုယ်လိုချင်တဲ့ အားကိုးအားထားပြုနိုင်တဲ့သတင်းကို စုဆောင်းရာမှာ အမြဲတမ်းလိုလို ကျွန်တော်တို့မှာ ပြဿနာတွေနဲ့ ကြုံကြရပါတယ်။ များသောအားဖြင့် ပြင်ဆင်ချိန်မလုံလောက်မှုအတွက် အကြောင်းပြကြပေမယ့်လည်း လိုချင်တဲ့သတင်းကို ဦးစားပေးရွေးချယ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ တစ်ခါတစ်ရံမှာ တစ်ကမ္ဘာလုံးက သတင်းအချက်အလက်တွေက အလွယ်တကူရနိုင်ပေမယ့်လည်း မိမိအဖွဲ့စည်းအတွင်းက သတင်းတွေကို သဲသဲကွဲကွဲဖြစ်အောင် မပြုလုပ်နိုင်တာ ရှိနိုင်ပါတယ်။ အားကိုအားထားပြုနိုင်တဲ့ သတင်းအချက်အလက် မလုံလောက်ခြင်းဟာ မိမိအဖွဲ့အစည်းအကျိုးစီးပွားကို သေချာပေါက်နစ်နာစေပါလိမ့်မယ်။
စာရှုသူတွေဟာ သတင်းအချက်အလက်တွေကို မျှဝေပေးလိုစိတ်မရှိတဲ့ အလွန်သိုသိပ်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ စကားပြောဖူး၊ ဆွေးနွေးညှိနှိုင်းဖူးပါသလား။ အဲဒီလူတွေနဲ့ ဆက်လက်အလုပ်လုပ်လို့ မဖြစ်နိုင်ပါဘူးဆိုတဲ့ အတွေးရောက်မလာကြဘူးလား။ ကျွန်တော်တို့အားလုံး နားလည်ထားကြပါတယ်။ အပြန်အလှန်သတင်း ဖလှယ်မှုမရှိရင် ရှေ့ခရီးဆက်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုမရနိုင်လို့ပါ။ အစစအရာရာ ပွင့်ပွင့်လင်းလင်းပြောတတ်သူနဲ့ အုံ့ပုန်းသမား ဘယ်သူကို ကျွန်တော်တို့ ယုံကြည်နိုင်ကြမလဲ။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ စကားပြောကြတဲ့အခါ အမြဲတမ်းရှိသမျှအကုန် စာအုပ်ဖွင့်ချပေးထားဖို့တော့ မလိုပါဘူး။ ကိုယ်သိချင်တာထက်ပိုပေးဖို့မလိုပါဘူး။ ဒါပေမဲ့ တစ်ဖက်အဖွဲ့အစည်းက ကိုယ်မျှဝေပေးနိုင်တဲ့ သတင်းအချက်အလက်ဟာ ကျေနပ်ဖွယ်မရှိဘူးလို့ ခံစားလာခဲ့ရင် သူတို့ရဲ့စေ့စပ်ညှိနှိုင်းရေး အပြုအမူဟာ ပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက်မျှဝေရာမှာ မနည်းလွန်းမများလွန်းစေဘဲ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိထိရောက်စေဖို့က လိုရင်းပါပဲ။
တကယ်တော့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲဆိုတာ နှစ်ပါးသွားအကလိုပါပဲ။ တစ်ယောက်တည်းက အံကိုက်ကွက်တိ ခြေလှမ်းလှမ်းနေလို့မရပါဘူး။ နှစ်ဖက်အပြန်အလှန်အပေးအယူမျှဖို့လိုပါတယ်။ မိမိက သတင်းအချက်အလက် တစ်စုံတစ်ရာမျှဝေပေးပြီးရင်လည်း သူ့ဘက်က ဘာပြန်ပေးလာမလဲဆိုတာလည်း စောင့်ကြည့်ရပါမယ်။ ဒါကြောင့် ကျွန်တော်တို့မှာရှိတာ တစ်ခါတည်း အကုန်လုံးပေးပစ်လိုက်လို့မရနိုင်တဲ့ သတင်းဖလှယ်ခြင်းနည်းလမ်းလို့ ပြောရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံကတော့ စေ့စပ်ညှိနှိုင်းရေးစားပွဲကို ရောက်လာခဲ့ကြတဲ့ လူအများစုဟာ ကံမကောင်းအကြောင်းမလှစွာပဲ သတင်းအမြတ်ထုတ်ဖို့နဲ့ အခွင့်အရေးပိုရဖို့ပဲ ကြိုးစားကြတာတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သတင်းအချက်အလက်တွေကို ဘယ်လောက်အထိ ပွင့်ပွင့်လင်းလင်းပြောရမလဲဆိုတဲ့ကိစ္စဟာ ကွဲပြားခြားနားတဲ့ လူတွေရဲ့အပြုအမူပုံစံနဲ့ အစဉ်အမြဲပြောင်းလဲနေတဲ့ အခြေအနေအရပ်ရပ်ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
မင်းဗထူး