စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ့်ဘက်ကပြင်ဆင်စရာရှိတာတွေတော့ ပြင်ဆင်လာရမှာပါပဲ။ ဒီလိုပြင်ဆင်တဲ့နေရာမှာ အဆိုတစ်ခု၊ သို့မဟုတ် တင်ပြချက်တစ်ခု အနည်းဆုံးပါဝင်မှာပါ။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ လူတွေစုံပြီဆိုတာနဲ့ ဆွေးနွေးပွဲစတော့မယ်။ ဆွေးနွေးပွဲ စဖွင့်ဖွင့်ချင်းအချိန်ကာလဟာ ဆွေးနွေးပွဲတစ်ခုလုံးရဲ့ အရေးကြီးဆုံးအချိန်ပါပဲ။ အဖွင့်စကားပြောကြားခွင့်ရရင် ဘယ်တော့မှ လက်လွတ်မခံပါနဲ့၊ ဒါဟာ အလွန်ကြီးမားတဲ့ အခွင့်အရေးပါ။ အဖွင့်စကားပြောကြားခွင့် မရသည့်တိုင်၊ ကိုယ့်အလှည့်မှာပြောကြားနိုင်ဖို့အတွက် ဆွေးနွေးဖက် ပရိသတ်အခြေအနေကိုကြည့်ပြီး သုံးစွဲရမယ့် အသံအနိမ့်အမြင့်၊ သူတို့ရဲ့ စိတ်ဝင်စားမှု၊ သဘောပေါက်လက်ခံနိုင်မှု အခြေအနေတွေကို တွက်ဆပြီး ကိုယ်ပြောရမယ့်စကားကို ဆက်တင်ပုံစံချရမယ်။ အခု ကျွန်တော်တင်ပြမယ့် 'အ' လေးလုံးဆက်တင်ကတော့ ခင်မင်မှုမပျက်ဘဲ နှစ်ဦးနှစ်ဖက် အကျိုးရလဒ်ပေါ်ထွက်လာအောင် ဖွဲ့စည်းထားတဲ့ အံ့သြဖွယ်ရာ လက်သုံးကိရိယာကလေးတစ်ခု ဖြစ်တာကြောင့် မျှဝေပေးလိုက်ပါတယ်။
အဆိုတစ်ခု၊ သို့မဟုတ် တင်ပြချက်တစ်ခုကို နှစ်မိနစ်လောက်ပဲပြောပြော ၁၅ မိနစ်လောက်ပဲပြောပြော 'အ' လေးလုံးဆက်တင်ကလေးနဲ့ စီထားလိုက်မယ်ဆိုရင်၊ ရှေ့လူတွေစကားပြောနေတုန်းမှာပဲ ကိုယ်က အလွယ်တကူနဲ့ စနစ်တကျဖွဲ့စည်းပြင်ဆင်ထားလို့ရပါတယ်။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ စာရွက်ကြီး ကိုင်ဖတ်တာကိုတော့ ကျွန်တော်တို့ လုံးဝမထောက်ခံနိုင်ပါဘူး။ အကြာကြီးပြောဖို့လည်း မသင့်တော်ပါဘူး။ လိုရင်းကို စနစ်တကျကလေး ဖွဲ့စည်းပြီး နောက်ဆုံးသတင်းအချက်တွေ ကိုးကားပြောသွားတာ အကောင်းဆုံးပါပဲ။
ပထမဦးဆုံး အသုံးပြုရမယ့် 'အ' တစ်လုံးကတော့ 'အာရုံများကို စုစည်းနိုင်ဖို့’ ဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးပွဲ လာတက်သူတွေဟာ စားပွဲရှေ့မှ လူ့ကိုယ်ခန္ဓာကြီးတွေရောက်ရှိပြီး ထိုင်နေကြပေမယ့်၊ သူတို့ရဲ့ စိတ်အာရုံတွေဟာ ကြိုတင်ပြီး အလုပ်တွေရှုပ်နေကြတာများပါတယ်။ အလုပ်ကိစ္စ၊ မိသားစုရေးရာ၊ သိလိုတဲ့ သတင်းအချက်အလက်တွေနဲ့ အခြားစိတ်ကသိကအောက်ဖြစ်စရာ ကိစ္စတွေရှိနေကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စကားစပြောပြီဆိုတာနဲ့ သူတို့ရဲ့ စိတ်အာရုံတွေကို ကျွန်တော်တို့နဲ့အတူ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ကို ပြန်ရောက်အောင် လုပ်ဖို့က ပထမအရေးကြီးပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် ဆုံရပ်တစ်ခုမှာ အချိန်းအချက်ပြုလုပ်တဲ့နည်းလမ်းကို အသုံးပြုရပါ မယ်။ ကျွန်တော်တို့ပြောမယ့် စကားခေါင်းစဉ်အောက်ကို သူတို့ရဲ့ စိတ်တွေသေသေချာချာ ပြန်လည်ဝင်ရောက်လာအောင် ရည်မှန်းပြီး စကားကိုစပြောရပါမယ်။ ဒီလိုဖြစ်လာစေဖို့ သူတို့ကိုယ်တိုင် နှုတ်ကပြန်ဖြေရမယ့် မေးခွန်း သို့မဟုတ် စိတ်ထဲကပဲအဖြေပေးရမယ့် မေးခွန်းကိုမေးခြင်း၊ စိတ်ဝင်စားစရာ အဖြစ်အပျက် ဇာတ်လမ်းပုံပြင်ပြောခြင်း၊ အကိုးအကား စာရင်းဇယား (နှိုင်းယှဉ်ချက်)၊ ဥပမာဥပမည်း၊ ဂုဏ်ပြုမှုတွေ၊ ရယ်မောစရာ စသည်တို့နဲ့ စတင်ဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေနဲ့ ပတ်သက်လို့ စာဖတ်သူတွေလည်း သိရှိထားပြီးဖြစ်လို့ အကျယ်မပြောလိုတော့ပါဘူး။ ဒါပေမဲ့ လူတွေရဲ့ သန်ရာသန်ရာအပြုအမူ အမျိုးအစားကိုလိုက်ပြီး တုံ့ပြန်မှုတွေကတော့ မတူကြပါဘူး။ အားကောင်းတဲ့ မေးခွန်းတစ်ခုကို မေးတာကျတော့ ဘယ်လိုအပြုအမူ အမျိုးအစားသမားပဲဖြစ်ဖြစ် သူတို့ရဲ့ စိတ်ဝင်စားမှုတွေကို သိမ်းကျုံးပြီး ဖမ်းစားထားနိုင်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အခြေအနေနဲ့ဆက်စပ်ပြီး မေးခွန်းရဲ့အဖြေကို ဦးနှောက်နဲ့စဉ်းစားရခြင်း သို့မဟုတ် နှလုံးသားနဲ့ ခံစားရခြင်းဖြစ်လာစေမယ့် မေးခွန်းဒီဇိုင်းမျိုးဖြစ်ဖို့ပဲ လိုပါတယ်။ လှုပ်ရှားရုန်းကန်မှု သဘောပါတဲ့ ဒီဇိုင်းဖြစ်သင့်တဲ့အပြင် 'မရှိမှုကိုအခြေခံ' တဲ့ မေးခွန်းဖြစ်ခဲ့ရင် လူတွေရဲ့စိတ်တွေဟာ ထုံထုံထိုင်းထိုင်း ဖြစ်နေရာက လက်ရှိဖြစ်နေတဲ့ ပြဿနာတွေအပေါ်ကို ချက်ချင်းပြောင်းလဲရောက်ရှိသွားပါလိမ့်မယ်။ ''ကျွန်တော်တို့ဟာ စစ်ပွဲတွေကိုရပ်တန့်သွားအောင် ဘာကြောင့်မလုပ်နိုင်ရတာလဲ'' ၊ ''ဒီလမှာ ကုန်ထုတ်လုပ်မှု ဘာကြောင့် ကျဆင်းသွားရသလဲ'' အစရှိတဲ့ မေးခွန်းပုံစံမျိုးတွေပါ။ စကားပြောသန်တဲ့ 'ပြောဆိုသူ' အမျိုးအစားကို ဇာတ်လမ်းပုံပြင်နဲ့ နှိုးဆွပေးနိုင်သလို 'လုပ်ကိုင်သူ' အမျိုးအစားအတွက် အကိုးအကား အထောက်အထား၊ 'စဉ်းစားသူ' အမျိုးအစားအတွက် စာရင်းဇယားနှိုင်းယှဉ်ချက်၊ 'အုပ်ထိန်းသူ' အမျိုးအစားအတွက် ဂုဏ်ပြုမှတ်တမ်းတွေက သူတို့ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စကားမပြောခင် ဆွေးနွေးဖက်တွေရဲ့ အပြုအမူ၊ စိတ်ဝင်စားမှုတွေကို ကြည့်ရှုလေ့လာရတာ ဖြစ်ပါတယ်။
ဒုတိယ အသုံးပြုရမယ့် 'အ' တစ်လုံးကတော့ 'အဖြေရှိဖို့' ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ကို ကျွန်တော်တို့ရောက်လာတာ မေးခွန်းတွေ မေးဖို့ချည်းပဲ မဟုတ်ဘူး၊ ဒီလိုပြဿနာတွေအတွက် အဖြေရှိပါတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောရပါမယ်။ ဥပမာ- ဆွေးနွေးပွဲခေါင်းစဉ်က 'ပဋိပက္ခဖြေရှင်းရေး' ဖြစ်ခဲ့ရင် ကျွန်တော်တို့က ''ပဋိပက္ခဖြေရှင်းနိုင်ရန်အတွက် အချင်းချင်းယှဉ်ပြိုင်အနိုင်လုကြမယ့်အစား အတူတကွ လက်တွဲဆောင်ရွက်သော သဘောတရားအရ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းရမယ်'' ဆိုတာဟာ အဖြေတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်ဒီအဖြေကို ရွေးချယ်သင့်သလဲဆိုတာကိုလည်း လိုရင်းရှင်းပြနိုင်ပါတယ်။
တတိယအသုံးပြုရမယ့် 'အ' တစ်လုံးကတော့ 'အစီအစဉ်ရှိဖို့ပဲ' ဖြစ်ပါတယ်။ အထက်က အဖြေကို လက်တွေ့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အကြမ်းဖျင်းအားဖြင့် သုံးပိုင်းနဲ့ပဲ တင်ပြသင့်တယ်လို့ အကြံပေးလိုပါတယ်။ အလွန်ဆုံး အပိုင်းလေးပိုင်းပေါ့၊ ဒီထက်အပိုင်းတွေ များသွားရင် လူတွေက မှတ်မိမှာမဟုတ်တော့ဘူး။ အလွန်ရှုပ်ထွေးတဲ့ ကိစ္စတွေမှာ ပြောစရာအချက်တွေ အများအပြားပါဝင်နိုင်သော်လည်း သူတို့ကို အုပ်စုဖွဲ့ပြီး သုံးလေးပိုင်းအတွင်းမှာ ဘောင်ဝင်အောင် လုပ်ရပါတယ်။ အဲ့ဒီအပိုင်းတစ်ပိုင်းချင်းအောက်မှာ လိုအပ်ရင် အဆင့်သုံးလေးဆင့် ထပ်ထည့်နိုင်ပါတယ်။ ဒီအစီအစဉ်ထဲမှာပဲ အချိန်ကာလ ကန့်သတ်ချက်တွေလည်း ပါရှိနိုင်ပါတယ်။
စတုတ္ထအသုံးပြုရမယ့် 'အ' ကတော့ 'အထုပ်အထည်ရှိဖို့' ပါပဲ။ တချို့လူတွေက ဆွေးနွေးပွဲတွေမှာ စကားတွေ အကြာကြီးပြောနေတာကို စိတ်ရှည်လက်ရှည် သည်းညည်းခံနားထောင်နေခဲ့ရပေမယ့်၊ နောက်ဆုံးမှာ ကိုယ့်အတွက် ဘာမှလုပ်စရာလည်းမပါ၊ ရစရာလည်း မရှိခဲ့တဲ့ အတွေ့အကြုံမျိုးကို စာဖတ်သူတွေလည်း အနည်းနဲ့အများ တွေ့ကြုံဖူးကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ တစ်မိနစ်ပဲ စကားပြောပြော နှစ်မိနစ်ပဲ စကားပြောပြော၊ ဆွေးနွေးဖက်တွေဆီက အချိန်ကိုယူပြီး သုံးစွဲလိုက်ရတာဖြစ်လို့ သူတို့အတွက် အနည်းဆုံး မျှော်လင့်ချက်ကလေးတစ်ခုတော့ အထုပ်အထည်သဘောမျိုး ကျန်ရစ်ခဲ့စေချင်ပါတယ်။
''ကျွန်တော်တို့မှာ အခုလိုမှန်ကန်တဲ့ ရပ်တည်ချက်တစ်ခုရ ရှိပြီဆိုရင်၊ ကျွန်တော်ယုံကြည်ပါတယ်၊ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ ပြေငြိမ်းမှုတစ်ခု သေချာပေါက်ရရှိနိုင်ပါပြီလို့'' စသည်ဖြင့်ပြောပြီး နိဂုံးချုပ်နိုင်ပါတယ်။
မင်းဗထူး