CEO မဂ္ဂဇင်းဟာ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ညီနောင်အသင်းတွေနဲ့ လစဉ်တွေ့ဆုံပြီး ဖော်ပြပေးနေရာ ဒီလမှာတော့ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (Myanmar International Freight Forwarders' Association- MIFFA) နဲ့ တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
အသင်းဖြစ်ပေါ်လာပုံ . . .
၁၉၉၀ ပြည့်နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာ Freight Forwarder လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ဆယ်ဦးက ဦးဆောင်ပြီး Freight Forwarders' Association ဖွဲ့ဖို့ ကြိုးစားခဲ့ကြပါတယ်။ အစိုးရရဲ့ တရားဝင်ခွင့်ပြုမိန့်နဲ့ အသင်းဖွဲ့စည်းခွင့်ကိုတော့ ၂၀၀၀ ပြည့်နှစ်မှာ ရရှိခဲ့ပါတယ်။ တရားဝင်အသင်း ဖွဲ့ပြီးတဲ့အခါမှာ အဖွဲ့ဝင် ၄၀ လောက်ရှိလာပြီး အဖွဲ့ဝင် ၇၀ လောက်ဖြစ်လာတဲ့ ၂၀၀၃ ခုနှစ်မှာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ကြုံရတာကြောင့် Freight Forwarder လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတော်တော်များများ ပိတ်လိုက်ရပါတယ်။ ဒီနောက်ပိုင်း ငါးနှစ်၊ ခြောက်နှစ်လောက်နေတော့မှ လုပ်ငန်းတွေ ပြန်ကောင်းလာပြီး ကုမ္ပဏီတွေ တစ်ရာ၊ နှစ်ရာလောက် ပြန်ဖြစ်ပါတယ်။ ဒီနှစ်ပိုင်းမှာတော့ အဖွဲ့ဝင်လေးရာလောက် ဖြစ်လာပါပြီ။
MIFFA မှာ အသင်းဝင်အနေနဲ့ Associate Member နဲ့ Regular Member ဆိုပြီး နှစ်မျိုးရှိပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေ၊ မြန်မာကုမ္ပဏီတွေနဲ့ တွဲလုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို အသင်းမှာ Associate Member အနေနဲ့လက်ခံထားပေမဲ့ သူတို့တွေက အသင်းမှာ Vote ပေးပိုင်ခွင့်၊ EC ဖြစ်ခွင့် မရှိပါဘူး။ Regular Member အဖြစ်ကိုတော့ မြန်မာကုမ္ပဏီတွေပဲ လျှောက်ထားလို့ရပါတယ်။
လက်ရှိဆောင်ရွက်နေတာတွေ . . .
Freight Forwarder အသင်းကို မှတ်ပုံတင်တုန်းက Logistics ဆိုတဲ့ စကားလုံးကို အသုံးပြုခွင့်မရခဲ့ပေမဲ့ ဒီခေတ်ပိုင်းမှာ Logistics က တအားခေတ်စားလာတော့ MIFFA အနေနဲ့ Logistics Federation တစ်ခုဖွဲ့ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ကုန်သွယ်ရေးလုပ်ငန်းတွေက ဘယ်နိုင်ငံတွေကို အဓိကထားပြီး ဆောင်ရွက်နေပါသလဲ . . .
Logistics နဲ့ Freight Forwarding ကတော့ Worldwide ကို ဦးတည်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အရင်ကတော့ US Sanction ရှိတဲ့အတွက် US ကိုတော့ ပို့လို့မရဘူး။ ဒါပေမဲ့ သူတို့ဘက်ကတော့ သွင်းလို့ရပါတယ်။ လောလောဆယ် Trade ကတော့ Unbalance ဖြစ်နေပါတယ်။ ဘာလို့လဲဆိုရင် အခုက မြန်မာပြည်မှာ Infrastructure Development တွေက တအားများတဲ့အခါကျတော့ Trade မှာ အဝင်တွေပဲ ရှိတယ်။ ဒီကထွက်တာဆိုလို့ စိုက်ပျိုးရေးကုန်စည်တွေနဲ့ အထည်အလိပ်တွေပဲ ရှိပါတယ်။ အထည်အလိပ်လုပ်ငန်းဆိုင်ရာ ပို့ကုန်တွေက မနှစ်ကထက်စာရင် အများကြီးတက်လာပါတယ်။
အခုဆို US Sanction ကင်းလွတ်ခွင့်လည်း ရပြီဖြစ်သလို ဥရောပကလည်း GSP ပေးပြီဖြစ်ပါတယ်။ ဒါအပြင် အာဆီယံနိုင်ငံတွေကလည်း ကုန်သွယ်မှုမူဝါဒဆိုင်ရာ တင်းကျပ်မှုတွေ လျှော့ချပြီး လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေပေးတဲ့အခါကျတော့ အာဆီယံနိုင်ငံတွေနဲ့လည်း ကုန်သွယ်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။ သွင်းကုန်ဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းတွေကိုတော့ နိုင်ငံတကာနဲ့ ဆက်ဆံဆောင်ရွက်နေရတာဖြစ်ပြီး ပို့ကုန်ဆိုင်ရာကုန်သွယ်ရေးလုပ်ငန်းတွေကိုတော့ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံဆောင်ရွက်နေရတာများ ပါတယ်။ ဒါပေမဲ့ အခုနှစ်ပိုင်းတွေမှာ အမေရိကန်ကိုရော၊ ဥရောပကိုပါ ကုန်သွယ်ခွင့်တွေရတဲ့အတွက် ပို့ပေးနေရတာတွေ ရှိပါတယ်။ ဒါအပြင် အီရန်၊ အီရတ်တို့မှာလည်း ဈေးကွက်ချဲ့ထွင်မှုတွေ စလုပ်နေပြီ ဖြစ်ပါတယ်။ အသင်းကတော့ သယ်ယူပို့ဆောင်ရေးကိုပဲ သီးသန့်လုပ်တာ ဖြစ်ပါတယ်။ အရင်က ရေကြောင်း၊ လေကြောင်းနဲ့ပဲ ကုန်စည်တွေကို သယ်ယူပို့ဆောင်ပေးနေရာကနေ ဒီနှစ်ပိုင်းတွေမှာ အိမ်နီးချင်းနိုင်ငံတွေကို ကုန်းလမ်းကနေတစ်ဆင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပါတယ်။ အစိုးရကလည်း ၂၀၁၇ ခုနှစ်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီမှုစာချုပ်တွေ ချုပ်ဆိုတော့မှာဖြစ်တဲ့အတွက် ကုန်းလမ်းကြောင်းကနေလည်း ပို့လို့ရတော့မှာဖြစ်ပါတယ်။ မြစ်တွင်းသွားတွေကိုလည်း အခုဆိုရင် ညဘက်ပါသွားလို့ရအောင် စလုပ်နေပြီဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ ကုန်စည်တွေကို သယ်ယူပို့ဆောင်နိုင်ဖို့ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။
အသင်းကနေ ဘယ်လိုကုန်စည်မျိုးကို သယ်ယူပို့ဆောင်ပေးနေတာလဲ . . .
ပို့ကုန်ဆိုရင် ဒီကထွက်တဲ့ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍဆိုင်ရာ ကုန်စည်တွေဖြစ်တဲ့ ဆန်၊ နှမ်း၊ ပဲ၊ ပြောင်း၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်ကောင်းတွေ ပို့နေသလို သွင်းကုန်ကတော့ အခြေခံအဆောက်အအုံကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးရေးပစ္စည်းတွေဖြစ်တဲ့ စက်ပစ္စည်း၊ ဘိလပ်မြေ၊ သံ၊ မြေသြဇာစတဲ့ ကုန်စည်တွေကို သယ်ယူပို့ဆောင်ပေးနေရပါတယ်။ အထည်အလိပ်ကဏ္ဍမှာဆိုလည်း ဟိုဘက်က ကုန်ကြမ်းတွေသွင်းပြီးတော့ ဒီမှာချုပ်ပြီး ပြန်ပို့ပေးနေရတာရှိပါတယ်။ အဲဒီတော့ ပို့ကုန်၊ သွင်းကုန်မှာ အသင်းကနေ သယ်ပို့ပေးနေရတာ တော်တော်များများက အထည်အလိပ်တွေ၊ ပင်လယ်စာတွေ၊ ရော်ဘာ၊ ပရိဘောဂပစ္စည်းတွေ၊ ဖိနပ်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင် ဘီယာကိုပါပို့နိုင်အောင် ဆောင်ရွက်နေပါတယ်။
ပြည်တွင်းက ပို့ဆောင်ရေးအသင်းတွေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေပါသလဲ . . .
အသင်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တခြားပို့ဆောင်ရေးအသင်းတွေဖြစ်တဲ့ Myanmar Highway Truck Association ၊ Myanmar Container Truck Association ၊ Myanmar Customs Brokers Association ၊ Myanmar Mercantile Marine Development Association ၊ UMFCCI နဲ့ ဆက်စပ်အသင်းတွေ၊ Myanmar Coastal Voyage Ship Owners' Association တို့နဲ့ MIFFA တို့ပူးပေါင်းပြီး အခုဆို Logistics Federation ကို ထူထောင်နေပြီဖြစ်သလို GMS Freighter ဆိုပြီး GMS နိုင်ငံ ခြောက်နိုင်ငံအောက်မှာလည်း ဒီအဖွဲ့ငါးဖွဲ့လုံးပါတဲ့ Working Group ကို ဖွဲ့စည်းထားပါတယ်။
ပို့ဆောင်ရေးကို ဘယ်လမ်းကြောင်းနဲ့ အများဆုံးဆောင်ရွက်ပေးနေပါသလဲ . . .
လက်ရှိမှာ ၈၀ ရာခိုင်နှုန်းကို ရေကြောင်းနဲ့ ပို့နေပါတယ်။ လေကြောင်းနဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို ပို့နေပြီး ကျန်တဲ့ ၅ ရာခိုင်နှုန်းလောက်ကိုတော့ နယ်စပ်ကနေတစ်ဆင့် ကုန်တင်ကားတွေနဲ့ ပို့ပေးနေပါတယ်။ ဒါကလည်း လောလောဆယ်မှာ မဲဆောက်-မြဝတီနဲ့ မူဆယ်-တရုတ်ပြည်ကို ပို့တာပဲ များပါသေးတယ်။
လက်ရှိအထိ မြန်မာပြည်ထဲကို ဝင်လာတဲ့ပစ္စည်းတွေက တစ်နှစ်ထက်တစ်နှစ် ၂၅ ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ အထွက်ကတော့ နည်းနေပါသေးတယ်။ ဒါပေမဲ့ စီးပွားကူးသန်းဝန်ကြီးကလည်း ဒီနှစ်မှာ ပို့ကုန်ကို သုံးဆတက်ချင်တာဖြစ်တဲ့အတွက် Re-export ကို ပြန်ခွင့်ပြုလိုက်တာကြောင့် ပို့ကုန်ပမာဏက တက်လာပါတယ်။ ကုန်ကြမ်းတွေကတော့ တခြားနိုင်ငံတွေကို ပို့ဖို့အရည်အသွေးမီအောင် အတော်လေး ကြိုးစားရဦးမှာဖြစ်တဲ့အတွက် ထင်သလောက်တော့ မထွက်လာသေးပါဘူး။
[caption id="attachment_28452" align="alignnone" width="370"]အာဆီယံအစည်းအဝေးတက်ရောက်စဉ်[/caption]
၂၀၁၇ ခုနှစ်မှာ ဖြစ်လာနိုင်တဲ့ ကုန်သွယ်မှုအလားအလာ . . .
အခုလောလောဆယ် ဒီနှစ်ဒီအခြေအနေအတိုင်းကို ပြောရမယ်ဆိုရင် System Changes တွေ၊ Policy Reform တွေကြောင့်တော့ နည်းနည်းနှေးသွားတာတွေ ရှိပါ တယ်။ အခုမှအွန်လိုင်းစနစ်တွေ၊ Myanmar Automatic Customs Clearance System (MACCS) စနစ်တွေကို သုံးတာဖြစ်တဲ့အတွက် အဆင်မပြေသေးတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒါတွေက နောက်ခြောက်လလောက်ဆိုရင်တော့ ပြေလည်သွားနိုင်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မြင်ပါသလဲ . . .
ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကနေ အွန်လိုင်းစနစ်နဲ့ လုပ်လို့ရတော့မှာ ဖြစ်တာကြောင့် အရင်ကထက်ပိုပြီး အဆင်ပြေလာမှာ ဖြစ်ပါတယ်။ နောက်ပြီး ၂၀၁၈ ခုနှစ်မှာ အာဆီယံလွတ်လပ်စွာ ကုန်သွယ်ခွင့်လည်း ရရှိလာတော့မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၇ ခုနှစ်မှာ ထိုင်းနိုင်ငံနဲ့စပြီး ကုန်သွယ်မှုလွတ်လပ်ခွင့် သဘောတူညီမှုစာချုပ်ကို လက်မှတ်ထိုးတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး Common Control Area လို့ခေါ်တဲ့ ဒီဘက်က Custom က စစ်ပြီးသွားရင် ဟိုဘက်က မစစ်ဘဲလွှတ်ပေးတဲ့စနစ်ကိုလည်း အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။ ဒီစနစ်အောင်မြင်ပြီးနောက်ပိုင်းမှာ One Stop စနစ်လို့ခေါ်တဲ့ တစ်နေရာတည်းမှာ ဒီဘက်က Custom ရော၊ ဟိုဘက်က Custom ပါ ပေါင်းပြီးစစ်တဲ့စနစ်ကိုလည်း အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လေကြောင်းနဲ့ပို့ဆောင်တာဟာလည်း အရင်ကထက်ပိုပြီး တိုက်ရိုက်လေကြောင်းလိုင်းတွေ များလာတာကြောင့် ကုန်ပစ္စည်းတွေကို တဆင့်ခံပို့နေရာကနေ တိုက်ရိုက်ပို့နိုင်နေပြီ ဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ . . .
အရင်က လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ နားလည်မှုတွေနဲ့ လုပ်သွားပေမဲ့ တဖြည်းဖြည်းနဲ့ ဒါတွေက Regulation ၊ Notification ဖြစ်လာတယ်။ ဒါကို သေသေချာချာ ထဲထဲဝင်ဝင်နဲ့ မှန်မှန်ကန်ကန် ပြန်လုပ်မယ်ဆိုတော့ ဘယ် Notification ကမှ မလုပ်ရဘူးလို့ ပြောထားတာမရှိပေမဲ့ ဖြစ်နေတဲ့ အကျိုးအကြောင်းတွေ အများကြီးရှင်းစရာရှိနေပါတယ်။ လက်ရှိမှာ Private Sector နဲ့ ဝန်ကြီးဌာနဆက်သွယ်ရေးမှာ Release Order ကိစ္စလို နားလည်မှုလွဲနေတာတွေ ရှိနေပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ၊ ဆွေးနွေးတာတွေ ပြုလုပ်နေပါတယ်။ နောက်ပြီး လောလောဆယ်မှာ ပစ္စည်းပို့ဝန်ဆောင်မှုပေးနေတဲ့ အေးဂျင့်တွေဟာ လိုင်စင်မရသေးပါဘူး။ ဒါကြောင့် အသင်းက အစိုးရအနေနဲ့ အေဂျင့်လိုင်စင်ချပေးဖို့ ကြိုးစားဆောင်ရွက်နေတာရှိပါတယ်။
တခြားနိုင်ငံတွေကို ကုန်စည်တွေပို့တဲ့အခါမှာ လက်မခံလို့ ပြန်လာရတာတွေ ရှိပါတယ်။ ဒါကြောင့် ဘယ်နိုင်ငံတွေက ဘယ်ကုန်စည်တွေကို တားမြစ်ထားတယ်ဆိုတာ ပြောပြပေးပါ . . .
မြန်မာနိုင်ငံက အဝင်မှာ အရက်၊ ဘီယာ၊ ဆေးလိပ်ကို တားမြစ်ထားတာကလွဲရင် ကျန်တာတွေ ဝင်လို့ရပါတယ်။ သူများနိုင်ငံတွေကတော့ ဘယ်ပစ္စည်းကိုမှ တားမြစ်မထားပါဘူး။ ဒါပေမဲ့ အဲဒီနိုင်ငံနဲ့သက်ဆိုင်တဲ့ Health Certificate ၊ Quality Control ၊ SPS Certificate ၊ FDA Certificate စတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မပြည့်စုံရင်တော့ ပြန်လာရမှာပဲ ဖြစ်ပါတယ်။ လက်မခံဘူးဆိုပြီး တားမြစ်ထားတဲ့ ကုန်စည်မျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ UAE နိုင်ငံတွေကိုတော့ အရက်မတင်ပို့ရပါဘူး။ ဒါကြောင့်လည်း အေးဂျင့်လိုတာ ဖြစ်ပါတယ်။ ကုန်သည်တွေက ဟိုဘက်ကိုပို့ဖို့ ဘာတွေလိုတယ်ဆိုတာကိုမသိပေမဲ့ အေးဂျင့်တွေကျတော့ ဟိုဘက်အေးဂျင့်တွေနဲ့ အဆက်အသွယ်ရှိပြီး ဘယ်ပစ္စည်းပို့မယ်ဆိုရင် ဘယ်လိုကန့်သတ်ချက်တွေရှိတယ်၊ ဘာစာရွက်စာတမ်းတွေ လိုတယ်ဆိုတာကို မေးနိုင်ပြီး ကန့်သတ်ချက်တွေကို ပြည့်မီအောင် ဖြည့်နိုင်ရင် ပို့လို့ရပါတယ်။
ပစ္စည်းပို့တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ . . .
ပစ္စည်းပို့တဲ့အခါမှာ အခုက တအားလွယ်ပြီး ဘာအခက်အခဲမှ မရှိပါဘူး။ ဒါပေမဲ့ ပစ္စည်းတင်သွင်းတဲ့အခါမှာတော့ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ဒါတွေက ဥပဒေပိုင်းတည်ငြိမ်သွားရင် ပြေလည်သွားမယ်လို့ ထင်ပါတယ်။
ထက်ထက်