စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်က စက္ခုပသာဒ

စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတိုင်းမှာ တခြားလူတွေရဲ့ မျက်လုံးထဲမှာ ကိုယ့်ကိုဘယ်လိုမြင်နေကြသလဲ။ အဲဒီအမြင်ဟာ ဆွေးနွေးပွဲအောင်မြင်မှုအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာကို  ပြောပြချင်ပါတယ်။ တချို့လေ့လာသူတွေက ဒီအမြင်ဟာ ဆွေးနွေးပွဲတွေမှာ လွှမ်းမိုးမှုရဖို့အတွက် ၆၀ ရာခိုင်နှုန်းလောက်အထိ တာသွားတယ်လို့ ဆိုပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ကျွန်တော်တို့ကို တုန်တုန်ယင်ယင် မရေမရာ မသေမချာ အခြေအနေမျိုး တွေ့လိုက်ရမယ်ဆိုရင် ဆွေးနွေးဖက်တွေက ကျွန်တော်တို့ဆီက ဘာတစ်ခုမှ ရနိုင်စရာမရှိတော့ဘူးဆိုတာ သိပ်ရှင်းပါတယ်။ သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်ပုဂ္ဂိုလ်တွေအဖြစ် ကျွန်တော်တို့ကို အားကိုးလို့မရနိုင်တော့ဘူးလို့လည်း မြင်သွားပါလိမ့်မယ်။ ဒီထက်ပိုဆိုးတာက ကျွန်တော်တို့ရဲ့အားနည်းချက်တွေကနေ သူတို့ကအမြတ်ထုတ်ပြီး နှစ်ဖက်နိုင်ဆွေးနွေးပွဲကနေ အနိုင်အရှုံးကစားဝိုင်းအဖြစ်ကို ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းဆီမရောက်ခင်မှာ စေ့စပ်ညှိနှိုင်းခြင်းနဲ့ပတ်သက်တဲ့ အတတ်ပညာနဲ့ ကျွမ်းကျင်မှုတွေရှိနေပြီးသားဖြစ်ရမယ့်အပြင် ဆွေးနွေးဖက်တွေရဲ့ စက္ခုပသာဒမှာ ကြည်ညိုစရာ၊ အားကိုးအားထားပြုစရာ အသိပညာ၊ အတတ်ပညာနဲ့ အခွင့်အာဏာပြည့်ဝသူအဖြစ် မြင်လာရအောင် လေ့ကျင့်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

''ပထမအကြိမ်ထင်မြင်ချက် (First Impression) မှာ ဒုတိယအခွင့်အရေးမရှိဘူး'' ဆိုတဲ့ စကားလိုပါပဲ၊ ဆွေးနွေးဖက်တွေရဲ့ မျက်စိတွေနဲ့ နားတွေက ကျွန်တော်တို့ကို စောင့်ကြည့်နေကြတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဦးနှောက်တွေက ချိန်ဆမှုတွေနဲ့ ထင်မြင်ယူဆချက်တွေ ထုတ်ပြန်ပေးနေပါတယ်။ လူတွေဟာ အမြင်အာရုံကဆိုရင် ပထမသုံးစက္ကန့်ကနေ ငါးစက္ကန့်လောက်နဲ့ အကြားအာရုံကဆိုရင် ၁၅ စက္ကန့်လောက် အတွင်းမှာပဲ ချိန်ဆမှုတွေကို လုပ်နိုင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲအခန်းထဲကို ဝင်လာတဲ့အခါမှာ ဖြစ်စေ၊ စကားပြောဖို့အတွက်ထိုင်ရာကနေ ထလိုက်တဲ့ အချိန်မှာဖြစ်စေ၊ ကျွမ်းကျင်စွာ လေ့ကျင့်ပြင်ဆင်ထားပြီး ဖြစ်တဲ့အတိုင်း စနစ်တကျစုဖွဲ့မှုနဲ့ လှုပ်ရှားမှုကို မှန်ကန်စွာ လုပ်နိုင်ရပါမယ်။

လမ်းလျှောက်တဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာ သဘာဝဟန်ပန်အတိုင်း ခါးဆန့်ထားပြီး တည့်တည့်မတ်မတ်ဖြစ်ဖို့နဲ့ ခြေလှမ်းကျဲကျဲ ဣန္ဒြေမပျက် လျှောက်လှမ်းဖို့ လိုပါတယ်။ ပျော့အိပျော့ခွေ မဖြစ်စေရပါဘူး။ မတော်တဆထိခိုက်မိတာ၊ ခလုတ်တိုက်မိတာ မဖြစ်စေရပါဘူး။ တစ်ခုခုမတော်တဆဖြစ်ခဲ့ရင် ''ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းမှုအားနည်းချက်ရှိတယ်'' လို့ သတင်းထုတ်ပြန်ပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲမတိုင်ခင်ကတည်းက ဆွေးနွေးပွဲလုပ်မယ့်အခန်းကို ကြိုတင်သွားရောက်ပြီး၊ သွားလာလှုပ်ရှားရမယ့်လမ်းကြောင်း၊ အဆင်းအတက်၊ အဖုအထစ်၊ အခင်းအကျင်း၊ အမာအပျော့၊ အနိမ့်အမြင့်ကို ကြိုတင်လေ့လာထားသင့်ပါတယ်။ မိတ်ဆွေတွေကို နှုတ်ဆက်တဲ့အခါမှာလည်း တည်ငြိမ်မှု၊ ယုံကြည်မှုနဲ့ ရည်မှန်းချက်ပြည့်ဝနေမှု ပေါ်လွင်ရပါမယ်။ ခြေထောက်ကို ပခုံးအကျယ်အဝန်းခန့်အတိုင်း ခပ်ကျဲကျဲကလေးချဲထားရပါမယ်။ လက်နှစ်ဖက်ကို ဘေးမှာပဲ အလိုက်သင့်ချထားရပါမယ်။ စစ်တပ်ထဲကလူတွေ သက်သာအနေအထားမှာရပ်သလို လက်ကိုနောက်ပစ် မထားရပါဘူး။ လက်ဆွဲနှုတ်ဆက်ပြီးရင်လည်း လက်ကိုတည်ငြိမ်စွာ ဘေးကိုချထားရပါမယ်။ စားပွဲထိုင်ခုံမှာ ထိုင်ပြီဆိုရင်တော့ လက်နှစ်ဖက်ကို ရှေ့ကစားပွဲပေါ်တင်ထားရပါမယ်။ စကားပြောတဲ့အခါ ကိုယ်ဟန်လက်ဟန် လှုပ်ရှားမှုရှိပေမယ့် ကျန်တဲ့အချိန်မှာတော့ လက်တွေဟာ စားပွဲပေါ်မှာပဲ ရှိနေသင့်ပါတယ်။

စကားပြောရင်း အသက်ရှူတာလည်း အရေးကြီးပါတယ်။ အသက်ရှူမှားလောက်အောင် ကမူးရှူးထိုး စကားပြောမယ်ဆိုရင် တစ်စုံတစ်ရာကြောက်ရွံ့စိတ်ကို ဖော်ပြပါတယ်။ ယုံကြည်မှုမရှိဘူး၊ ရေစိမ်ခံစေ့စပ်ညှိနှိုင်းရေးသမား မဟုတ်ဘူးဆိုတာကို ဝန်ခံရာကျပါတယ်။ တကယ်လို့ စိတ်လှုပ်ရှားမှုဖြစ်နေတယ်ဆိုရင် အသက်ကို နှစ်ခါလောက် ရှည်ရှည်ရှူပြီး ကိုယ်တွင်းကလာပ်စည်းတွေကို အောက်ဆီဂျင်ဖြည့်ပေးလိုက်ရင် ပိုမိုတည်ငြိမ်တဲ့ပုံစံမျိုး ရနိုင်ပါတယ်။

may2017minbahtoo

ခေါင်းဆောင်တစ်ယောက်ရဲ့ကိုယ်ဟန်နဲ့ ပါဝါရှိတဲ့ မတ်ရပ်အနေအထားကနေ ဖြည်းဖြည်းမှန်မှန် အသက်ရှူကာ အခြားဆွေးနွေးဖက်တွေဘက်ကိုလှည့်ပြီး မျက်လုံးချင်းတွေ့ဆုံမှုဟာ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ထိတွေ့မှုကို နက်ရှိုင်းစေပါတယ်။ မျက်လုံးချင်းဆုံလိုက်မှ သူတို့နဲ့ချိတ်ဆက်မိပြီဆိုတာကို သူတို့ကသတိပြုမိပါတယ်။ ဒီလိုမလုပ်ရင် ကျွန်တော်တို့ပြောတာကို သူတို့ ရတစ်ဝက် မရတစ်ဝက် ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ဆွေးနွေးဖက်ရဲ့ မျက်လုံးကိုမကြည့်ဘဲ စကားပြောရင် ကိုယ့်ရဲ့စိတ်က မသက်မသာ ဖြစ်နေတယ်၊ ဒါမှမဟုတ် မပြောချင်ဘဲပြောနေရတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဘာပဲပြောပြော ဒီလိုမှတ်ယူခြင်းခံရရင် ဒါဟာ ကိုယ့်ရဲ့အားနည်းချက်ဖြစ်သွားတာပါပဲ။ ဆွေးနွေးဖက် တစ်ယောက် နှစ်ယောက်တည်းဆိုရင်တော့ သူတို့ကိုမ ကြာခဏကြည့်ပြီး ပြောနိုင်ပါတယ်။ ဆွေးနွေးဖက်များရင် ရှေ့တန်းအလယ်ဘယ်ညာအစုံနဲ့ နောက်ခုံတန်းမှာ ထိုင်နေသူတွေဆီပါ ဖြန့်ခွဲပြီး မျက်လုံးချင်း ထိတွေ့မှု ရယူရပါတယ်။ ကျွန်တော်တို့ပြောနေတာက ဆွေးနွေးဖက်အားလုံးအတွက် ပြောနေတာ၊ သူတို့အားလုံး ကျွန်တော်တို့နဲ့ အတူရှိနေကြပါဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

တခြားလူတွေနဲ့ စကားပြောတဲ့အခါ သူတို့မျက်လုံးကိုကြည့်လိုက်တာနဲ့ တစ်ဆက်တည်း သူတို့မျက်နှာတွေကိုလည်း မြင်ရတယ်။ ဒီလိုပဲ ကျွန်တော်တို့မျက်နှာတွေကိုလည်း သူတို့က မြင်ရမှာပဲ။ အဲဒီမှာ မျက်နှာချင်းလည်း စကားပြောဖြစ်ကြတယ်။ ပါးစပ်ကထွက်ပေါ်လာတဲ့ စကားလုံးတွေ၊ အသံတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ အဓိပ္ပာယ်ရဲ့ သဲလွန်စကို မျက်နှာပေါ်မှာ တွေ့ရှိနိုင်ပါတယ်။ ဦးနှောက်ရဲ့ထိန်းချုပ်မှုနဲ့ ပြုလုပ်မှုတိုင်းဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြပါတယ်။ ဆွေးနွေးဖက်တွေကိုလည်း ကိုယ်ဖော်ပြလိုတဲ့ သဲလွန်စကိုပေါ်လွင်အောင် ပြသပေးနိုင်မယ်ဆိုရင် လက်တွေ့ကျတဲ့ အကျိုးရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကတော့ ကိုယ်ပြောနေတဲ့ အကြောင်းအရာနဲ့ပတ်သက်တဲ့ ခံစားမှုကို ထိထိမိမိ ပီပီပြင်ပြင်ပြသနိုင်တဲ့ မျက်နှာဖြစ်ဖို့ပါပဲ။ တကယ်လို့ ဒီလိုအရည်အချင်းမျိုး ကိုယ့်မှာမပါခဲ့ရင် ဂရုပြု လေ့ကျင့်နိုင်ပါတယ်။ ကျွန်တော်ငယ်စဉ်က စကားနည်းပါတယ်။ မျက်နှာက ခံစားမှုမဲ့တဲ့ ကျောက်တုံးမျက်နှာပါ။ မူလတန်းကျောင်းသား ဘဝတုန်းက အတန်းတင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်တဲ့အချိန်မှာ တခြားကျောင်းသားတွေက မြူးထူးခုန်ပေါက်နေကြတာတောင် ကျွန်တော့်မျက်နှာက ဘာမှပြောင်းလဲမှုမရှိတော့ အခန်းအပြင်မှာ စောင့်နေတဲ့မိခင်က ငါ့သားတော့ စာမေးပွဲကျပြီနဲ့ တူတယ်လို့ စိတ်ပူသွားပြီး သတ်မှတ်ထားတဲ့စည်းကမ်းကို မစောင့်စည်းနိုင်တော့ဘဲ၊ ဆရာမဆီကိုယ်တိုင်ဝင်မေးရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ကံအားလျော်စွာ စစ်ကျောင်းတွေမှာ ခေါင်းဆောင်မှုဘာသာရပ်ကို သင်ယူလေ့လာပြီးတဲ့အခါမှသာ ကျွန်တော့်ရဲ့ဦးနှောက်နဲ့အာရုံကြောတွေကို ပြန်လည်လေ့ကျင့်ပေးဖို့ သတိရှိလာခဲ့လိုက အခုအခါမှာ ခံစားမှုကို အထိုက်အလျောက် ပြသပေးနိုင်တဲ့ မျက်နှာတစ်ခုကို ပြန်လည်ရရှိလာခဲ့တာပါ။ ဒီအချက်ဟာ မျက်နှာချင်းဆိုင် စေ့စပ်ညှိနှိုင်းရတဲ့ ဆွေးနွေးပွဲတွေမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။

ကိုယ်ခန္ဓာလှုပ်ရှားမှုနဲ့ ခြေဟန်လက်ဟန်တို့ကလည်း လူတွေရဲ့ စက္ခုပသာဒမှာ ယုံကြည်လေးစားမှု ရရှိဖို့အတွက် ဆက်စပ်နေပါတယ်။ ထိုင်နေတာဖြစ်စေ၊ မတ်တတ်ရပ်နေတာဖြစ်စေ ဟန်အမူအရာ ကြော့ကြော့မော့မော့ရှိသင့်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိတဲ့ အမြင်ဖြစ်စေရပါတယ်။ တည်တည်ငြိမ်ငြိမ် ရှိရပါတယ်။ ဂနာမငြိမ် မဖြစ်ရပါဘူး။

ဦးခေါင်း၊ ခန္ဓာကိုယ်နဲ့ လက်တွေခြေတွေဟာ တခြားလူတွေနဲ့ ဆက်သွယ်မှုလုပ်ဖို့ အသင့်ရှိနေတဲ့ အနေအထားပါပဲ။ စေ့စပ်ညှိနှိုင်းသူ အများစုကတော့ ပြောကြားမယ့် အကြောင်းအရာ အချက်အလက်တွေကိုပဲ ကြိုတင်ပြင်ဆင်တတ်ကြတယ်။ ဒီအချက်အလက်တွေကို တခြားလူတွေက လက်ခံချင်လာအောင် ဆက်သွယ်ပေးမယ့် ဒီနည်းစနစ်တွေဟာ စေ့စပ်ညှိနှိုင်းခြင်းရဲ့ အသည်းနှလုံးဆိုတာကို သိပ်သတိမထားမိကြဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းအလုပ်ကို အသိဉာဏ်ပညာ ကြွယ်ဝစွာနဲ့ အောင်အောင်မြင်မြင်လုပ်နိုင်ဖို့အတွက်ဆိုရင် ဘက်စုံပြင်ဆင်ထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မင်းဗထူး