အောင်ပွဲတွေကနေ လူတိုင်းအကျိုးအမြတ်ရစေမယ် . . .
ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်ပြောကြားပါတယ်။
''တပ်တွေကိုဘယ်လိုအသုံးချရမယ်ဆိုတာ နားလည်ကျွမ်းကျင်သူတွေဟာ နောက်ထပ်စစ်သားစုဆောင်းဖို့ မလိုပါဘူး။ ရိက္ခာတွေလည်း နှစ်ကြိမ်ထက် ပိုမလိုဘူး။ စစ်သုံးပစ္စည်းတွေကို မိမိတို့နိုင်ငံကပဲ သယ်ယူလာကြတယ်။ လိုအပ်လာတဲ့ ရိက္ခာတွေအတွက် ရန်သူကိုပဲ အားထားကြတယ်။ ဒီတော့ စစ်တပ်ဟာ လိုအပ်တာတွေနဲ့ အလျှံပယ်ဖြစ်နေတယ်။
တိုင်းပြည်တစ်ပြည်ဟာ စစ်ပွဲတွေ ဆင်နွှဲရလို့ ငွေကြေးချွတ်ခြုံကျသွားရတာမျိုးဟာ အဲဒီနိုင်ငံရဲ့ စစ်တပ်ဟာ အမိမြေနဲ့ အဝေးကြီးသွားတိုက်ရတဲ့အတွက် သယ်ယူပို့ဆောင်စရိတ်တွေ များနေလို့ ဖြစ်တယ်။ အဲဒီလို စစ်ပွဲအတွက် လိုအပ်တာတွေ အဝေးကြီးကို သယ်ယူသွားရတော့ လူတွေချွတ်ခြုံကျကုန်ကြရတယ်။ ဒါ့အပြင် စစ်စခန်းချတဲ့ ဒေသအနီးအနားမှာ ဝယ်ခြမ်းရတဲ့ ကုန်ပစ္စည်းဈေးတွေဟာလည်း တက်လေ့ရှိတယ်။ ဒီတော့ ရှိထားတဲ့ငွေကြေးတွေကို အများကြီးအကုန်အကျ ခံကြရတယ်။ ဒီတာဝန်တွေကို တောင်သူလယ်သမားတွေ မဖြစ်မနေ ထမ်းဆောင်ကြရပါလိမ့်မယ်။ အဲဒီလို စီးပွားရေး ခြေကုန်လက်ပန်းကျနေတဲ့အခါ တိုင်းပြည်ရှိ အိမ်ထောင်စုတိုင်းဟာ လက်ထဲမှာ ဘာဆိုဘာမှမရှိတော့ပါဘူး။ လူတွေရဲ့ဝင်ငွေ ဆယ်ပုံခုနစ်ပုံဟာ တဖြည်းဖြည်း လုံးပါးပါးလိုက်လာပါတယ်။ အစိုးရအခွန်ဝင်ငွေရဲ့ ဆယ်ပုံခြောက်ပုံကိုလည်း ချို့ယွင်းသွားတဲ့ စစ်ရထားတွေ၊ ပင်ပန်းနွမ်းနယ်နေတဲ့ မြင်းတွေ၊ ချပ်ဝတ်တန်ဆာတွေ၊ စစ်ဦးထုပ်တွေ၊ ဒူးလေးတွေ၊ မြားတွေ၊ ပုဆိန်တပ်ထားတဲ့ လှံချွန်တွေ၊ ဒိုင်းတွေ၊ ဝန်တင်လှည်းတွေ၊ နွားတွေ စတာတွေအတွက် သုံးကြရတယ်။
ဒါကြောင့် အမြော်အမြင်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ရန်သူ့တိုင်းပြည်တွေဆီက စားနပ်ရိက္ခာတွေ မရရအောင် လုပ်ထားလေ့ရှိကြတယ်။ ဒီတော့ မိမိပြည်တွင်းကနေ သယ်ယူရတာထက် အများကြီးပိုပြီး တွက်ခြေကိုက်တယ်။
ရန်သူကို အသေသတ်နိုင်ရေးအတွက် ကျွနု်ပ်တို့ရဲ့ တပ်သားတွေကို ဒေါသဖြစ်လာအောင် စိတ်ကိုဆွပေးရတယ်။ ရန်သူရဲ့ ပစ္စည်းဥစ္စာတွေရဖို့အတွက် ကျွန်ုပ်တို့တပ်သားတွေကို စစ်အောင်ပွဲရဒိုင်းဆုတွေ ပေးအပ်ချီးမြှင့်ရမယ်။ စစ်ရထားတွေပါဝင်တဲ့ တိုက်ပွဲတွေမှာ စစ်ရထားစုစုပေါင်း ဆယ်စီးထက်ပိုပြီး ဖမ်းမိတယ်ဆိုရင် ပထမဦးဆုံးဖမ်းမိနိုင်တဲ့သူတွေကို ဆုချီးမြှင့်ပေးသင့်တယ်။ အဲဒီနောက် ရန်သူရဲ့ အလံကြီးတွေနဲ့ အလံလေးတွေကို ကျွန်ုပ်တို့ရဲ့ အလံကြီးတွေနဲ့ အလံသေးလေးတွေနဲ့ အစားထိုးလိုက်ကြရမယ်။ ဖမ်းမိထားတဲ့ စစ်ရထားတွေကို ကျွန်ုပ်တို့ရဲ့ စစ်ရထားတွေနဲ့ ရောနှောထားကာ ကျွန်ုပ်တို့တပ်သားတွေကပဲ စီးနင်းမောင်းနှင်ကြရမယ်။ စစ်သုံ့ပန်းတွေကို ကြင်ကြင်နာနာ ဆက်ဆံထိန်းသိမ်းထားရမယ်။ ဒီလုပ်ရပ်ကို 'ရန်သူကို ချေမှုန်းရင်း အင်အားပိုတောင့်တင်းလာခြင်း' လို့ ခေါ်တယ်။
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
လူအရင်းအမြစ်တွေနဲ့ လုပ်ငန်းဆိုင်ရာပစ္စည်းတွေ ပိုင်ဆိုင်ထားမှုကို ခိုင်မာအောင်လုပ်ပါ . . .
ပုဂ္ဂလိကပိုင်ရှယ်ယာတွေနဲ့ လည်ပတ်နေတဲ့ကုမ္ပဏီတွေဟာ အများပြည်သူကို ပထမဆုံးအကြိမ်အဖြစ် ရှယ်ယာတွေထုတ်မရောင်းသေးခင်ကာလမှာ တချို့လူတွေဟာ ပုံမှန်ရလေ့ရှိတဲ့လစာလောက် မရတဲ့အလုပ်တွေကို ဝင်လုပ်လေ့ရှိကြတယ်။ နောင်တစ်ချိန် ဒီကုမ္ပဏီတိုးတက်လာကာ အများပြည်သူတွေကို ရှယ်ယာတွေ ထုတ်ရောင်းနိုင်လာတဲ့အခါ သူတို့လည်း လစာတွေများများ ရလာမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီလို လစာနည်းနည်းနဲ့ လောလောဆယ် ဝင်လုပ်ကြတာဖြစ်တယ်။ ဒီမျှော်လင့်ချက်တွေဟာ နောက်ဆုံးတော့ သဲထဲရေသွန်သလို ဖြစ်သွားတာ များပါတယ်။ ဒါပေမဲ့ မျှော်မှန်းသလို ရှားရှားပါးပါးဖြစ်လာတာတွေလည်း ရှိတယ်။ အဲဒီဖြစ်ရပ်တွေထဲမှာ Google ရဲ့အများပြည်သူတွေကို ပထမဦးဆုံး ရှယ်ယာထုတ်ရောင်းမှု IPO အောင်မြင်သွားတာဟာ စံပြတစ်ခုဖြစ်တယ်။ ဒီကုမ္ပဏီမှာ စောစောစီးစီးဝင်ရောက်လုပ်ကိုင်ကြသူတွေဟာ IPO ကို အကြောင်းပြုပြီး ချမ်းသာသွားကြတယ်။ ကုမ္ပဏီအောင်မြင်ရင် သူတို့လည်း လစာအများကြီးရမှာပဲဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဝန်ထမ်းတွေ အလုပ်ကြိုးစားချင်စိတ်တွေ ဖြစ်လာတယ်။ ဒီကုမ္ပဏီတွေဟာ အတော်ဆုံးလူတွေကို ဆွဲဆောင်နိုင်ရေးအတွက် နောင်အခါ လစာတွေများများရနိုင်တဲ့ အလားအလာတွေရှိနေကြောင်း ဝန်ထမ်းတွေကို သဘောပေါက်လက်ခံလာအောင် စည်းရုံးပြောပြပေးနိုင်ဖို့ လိုပါတယ်။
တစ်ခါက ကျွန်တော် (မူရင်းစာရေးသူ) ဟာ အမေရိကန်မှာ အအောင်မြင်ဆုံးကုမ္ပဏီတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ကုမ္ပဏီတစ်ခုမှာ အလည်အပတ်ရောက်နေတုန်း သူ့ရဲ့ပြိုင်ဘက်ကုမ္ပဏီတစ်ခုက လုပ်ငန်းတွေကို ရပ်စဲပစ်ရတော့မှာဖြစ်ကြောင်း ကြေညာတာကို ကြားသိရပါတယ်။ အဲဒီလိုကြေညာပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်ရောက်ရှိနေတဲ့ ကုမ္ပဏီအတွင်းရေး လက်ထောက်တွေဟာ ကုမ္ပဏီရုံးခွဲမန်နေဂျာတွေကို စောစောက ကြေညာသွားတဲ့ကုမ္ပဏီက အတော်ဆုံးအရောင်းဝန်ထမ်းတွေကို ချက်ချင်းအင်တာဗျူးလုပ်ကာ အလုပ်ခန့်လိုက်ကြဖို့ ဖုန်းဆက်ပြီး အကြံပေးလိုက်ပါတယ်။ ဒါဟာ ဆွန်ဇူးပြောခဲ့သလိုပါပဲ။ 'ရန်သူကို ချေမှုန်းရင်း အင်အားပိုတောင့်တင်းလာခြင်း' ဖြစ်တယ်။ စစ်ပွဲကိုတော့ အောင်ပါရဲ့၊ အင်အားပိုတောင့်တင်းမလာဘူးဆိုရင် အခွင့်အလမ်းကောင်းကြီးတစ်ခုကို လက်လွတ်ဆုံးရှုံးသွားမှာ ဖြစ်တယ်။
ကုမ္ပဏီတစ်ခုဟာ တခြားကုမ္ပဏီတစ်ခုဆီကို လွှဲပြောင်းရောင်းချလိုက်တဲ့အခါ အဲဒီကုမ္ပဏီမှာရှိတဲ့ အလွန်ကျွမ်းကျင်၊ အလွန်အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေပါ တစ်ပါတည်းပါသွားလေ့ရှိတယ်။ ဘဏ္ဍာငွေကြေးသုံးစွဲမှု ကျစ်ကျစ်လျစ်လျစ်နဲ့ ထိရောက်မှုရှိရေးအတွက် ဝန်ထမ်းတွေကို အလုပ်ရပ်စဲပစ်လိုက်ရတဲ့အခါမှာလည်း ဖောက်သည်တွေနဲ့ အကျွမ်းဝင်ပြီးသားတွေ၊ လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်တဲ့အရည်အချင်းတွေရှိကြတဲ့ ဝန်ထမ်းတွေ ပါသွားတတ်ပါတယ်။ ဒီလူတွေမရှိတော့တဲ့အတွက် ဒီကုမ္ပဏီဟာ တဖြည်းဖြည်း အင်အားချည့်နဲ့လာတော့တာပါပဲ။
အောင်မြင်နေတဲ့ ကုမ္ပဏီတွေက တခြားကုမ္ပဏီရဲ့ လုပ်ငန်းတွေကို လွှဲပြောင်းဝယ်ယူလုပ်ကိုင်တဲ့အခါ အဲဒီကုမ္ပဏီရဲ့ မူလပိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို မန်နေဂျာတွေအဖြစ် ဆက်လက်ခန့်ထား လုပ်ကိုင်လေ့ရှိတယ်။ တစ်ဖက်ကလည်း လုပ်ငန်းတိုးတက်ဖို့အတွက် လိုအပ်တဲ့ငွေကြေးကို ပံ့ပိုးပေးသွားပါတယ်။ တခြားကုမ္ပဏီတွေကို အဆင်ပြေပြေနဲ့ လွှဲပြောင်းဝယ်ယူလုပ်ကိုင်ကာ အောင်မြင်နေတဲ့ ကုမ္ပဏီအနေနဲ့ ဥက္ကဋ္ဌက ''လွှဲပြောင်းဝယ်ယူလုပ်ကိုင်ခြင်း (Acquisition) ရဲ့ အဓိကရည်ရွယ်ချက်တွေထဲက တစ်ခုကတော့ အဲဒီကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးအပိုင်းက လူတွေကို ဆက်လက်ခန့်ထားသွားရေးဖြစ်တယ်'' လို့ ပြောတယ်။ ''ဒီလူတွေက လုပ်ငန်းကို တည်ဆောက်ခဲ့သူတွေဖြစ်တယ်။ ဒီလုပ်ငန်းကို ကျွန်တော် ဝယ်ယူလုပ်ကိုင်မယ်ဆိုရင် သူတို့ရဲ့ အားသာချက်တွေကို အသုံးချဖို့ အရေးကြီးပါတယ်'' တဲ့။
အောင်မြင်မှုတွေကနေ အကျိုးကျေးဇူးတွေရဖို့ဆိုရင် လုပ်ငန်းခွင်အတွင်းမှာ လုပ်အားကို အသိအမှတ်ပြုဖို့နဲ့ ဆုချီးမြှင့်ပေးတတ်ဖို့ လိုတယ်။ သူတို့တစ်တွေ အောင်မြင်မှုတွေရအောင် ဖန်တီးပေးနိုင်တဲ့ အခွင့်အလမ်းတွေကိုလည်း ကြံဆဖော်ထုတ်ပေးပါ။ ဆုချီးမြှင့်မှုမှာလည်း ချက်ချင်းဆုပေးပါ။ တစ်ကြိမ်နဲ့တစ်ကြိမ်လည်း သိပ်မခြားသင့်ဘူး။ အသိအမှတ်ပြု ချီးကျူးစရာပြောရင် အများရှေ့မှာပြောပါ။
ညွန့်သောင်း