စေ့စပ်ညှိနှိုင်းရေးအတွက် ရှာဖွေဖော်ထုတ်ခြင်း (၂)

minbahtoo2018mar

စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ဆွေးနွေးချိန်အများစုဟာ ရှာဖွေဖော်ထုတ်ခြင်းအပိုင်းအတွက် အသုံးပြုကြရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ဒီကာလအတွင်းမှာ အချိန်ကို ထိရောက်စွာ အသုံးချသွားနိုင်ဖို့အတွက် ကျွမ်းကျင်မှုအနည်းဆုံးခြောက်မျိုးလိုအပ်မှာ ဖြစ်ပါတယ်။ ဒီကျွမ်းကျင်မှုတွေဟာ တစ်ခုချင်းသူ့ဘာသာသူ သီးခြားစီဖြစ်နေကြပေမယ့်လည်း ပြည့်စုံတဲ့ သတင်းအချက်အလက် ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်ဆိုရင် ကျွမ်းကျင်မှုအားလုံးကို ချိတ်ဆက်အသုံးပြုနိုင်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့မှာရှိရမယ့် ပထမဆုံးကျွမ်းကျင်မှုကတော့ ဓမ္မဓိဋ္ဌာန်နဲ့ ပုဂ္ဂလဓိဋ္ဌာန်ကို ရှင်းရှင်းလင်းလင်း ခွဲခြားနားလည်ဖို့ ဖြစ်ပါတယ်။ ဓမ္မဓိဋ္ဌာန်ဆိုတာကတော့ အချက်အလက်တွေကို စဉ်းစားရာမှာသော်လည်းကောင်း၊ အထောက်အထားပြုပြောဆိုရာမှာသော်လည်းကောင်း ကိုယ်ပိုင်ခံစားချက်တွေ၊ ဒါမှမဟုတ် အယူအဆတွေ မလွှမ်းမိုးစေဘဲ ပြောဆိုရမှာဖြစ်ပါတယ်။ ဘက်မလိုက်၊ မျက်နှာမလိုက်ဘဲအတည်ပြုနိုင်တဲ့ အချက်အလက်တွေကိုသာ အသုံးပြုပြောဆိုခြင်း ဖြစ်ပါတယ်။ ပုဂ္ဂလဓိဋ္ဌာန်ဆိုတာကတော့ ကိုယ်ပိုင်ခံစားချက်၊ ဒါမှမဟုတ် ကိုယ့်စိတ်အလိုဆန္ဒ၊ ဒါမှမဟုတ် ကိုယ့်စိတ်ကူးအယူအဆတွေကို အခြေခံပြီး သုံးစွဲပြောဆိုခြင်းဖြစ်ပါတယ်။ တချို့လူတွေဟာ စကားပြောကြတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်အသားပေးလွန်းပြီး ပုဂ္ဂလဓိဋ္ဌာန်တွေကို မွှန်ထူနေအောင် သုံးစွဲလေ့ရှိတာကို စာရှုသူတွေ သတိပြုမိကြမှာပါ။ တခြားနေရာတွေမှာ ကိုယ့်အမြင်ကိုယ်ပြောတာဖြစ်လို့ ဘာမှပြဿနာမရှိပေမယ့်လည်း စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ အဲဒီလိုပြောနေကြရင် သင့်တော်ပါ့မလား။ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ကို ကျွန်တော်တို့ ဘာကြောင့်ရောက်နေကြတာလဲ၊ ဘာတွေအပြန်အလှန်ဖလှယ်ကြမှာလဲဆိုတဲ့ အလုပ်ကိစ္စတွေဟာ ဓမ္မဓိဋ္ဌာန်ကိစ္စတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂလဓိဋ္ဌာန်တွေ သိပ်များလာရင် လမ်းကြောင်းလွဲချော်သွားမှာ စိုးရိမ်ရပါတယ်။ ဆွေးနွေးပွဲတွေမှာ လူတွေဟာ အချက်အလက်တွေနဲ့ပတ်သက်ပြီး အများဆုံးအငြင်းပွားလေ့ရှိကြတာမှန်ပေမယ့်လည်း သဘောမတူညီမှုအများစုကတော့ လူတစ်ဦးချင်းရဲ့ အယူအဆတွေ၊ ချိန်ဆမှုတွေကြောင့်ဖြစ်ရတယ်ဆိုတာကို တွေ့ရှိရပါလိမ့်မယ်။ ဒါကြောင့် လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလဓိဋ္ဌာန်ကိစ္စကိုလည်း လုံးဝပစ်ပယ်ထားလို့ မရပါဘူး။ ကောင်းတာကတော့ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ လမ်းကြောင်းလွဲနိုင်ခြေလျှော့ချနိုင်ဖို့အတွက် ဘယ်အရာကဓမ္မဓိဋ္ဌာန်၊ ဘယ်အရာက ပုဂ္ဂလဓိဋ္ဌာန်ဆိုတာကို ပြောပြီးပြီးချင်း ချရေးထားနိုင်ရင် ကောင်းပါတယ်။

ကျွန်တော်တို့ အများဆုံးအသုံးပြုလေ့ရှိတဲ့ ပုဂ္ဂလဓိဋ္ဌာန်စကားလုံးတချို့ကတော့ ''ဆီလျော်သလို''   ''ပိုကောင်းလာရန်'' ''အလုံအလောက်'' ''အသေးအဖွဲ''  ''တစ်ခါတစ်ရံ'' အစရှိတဲ့ စကားလုံးတွေပါပဲ။ ဒီစကားလုံးတွေအတွက် အဓိပ္ပာယ်ရှင်းလင်းဖော်ပြချက်ကို ဘယ်သူမှ တွဲဖက်ဆက်စပ်ပြောလေ့ မရှိဘူး။ ဒါကြောင့် မကြာခဏဆိုသလို ဒီလိုစကားလုံးတွေအတွက် နှစ်ဖက်အဓိပ္ပာယ်ကောက်ယူမှုတွေ လွဲမှားကြရတယ်။ ဒီကိစ္စက ပေါ့သေးသေးမဟုတ်ပါဘူး၊ ဆွေးနွေးပွဲတွေမှာ ကသောင်းကနင်းဖြစ်တဲ့အထိ ထိခိုက်လာနိုင်ပြီး ပဋိပက္ခအသစ်တစ်ခု ပေါ်ပေါက်လာစေဖို့ အဓိကအရင်းအမြစ်တစ်ခုလို ဖြစ်စေပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် ဘာလုပ်ကြမလဲ။ စူးစမ်းရှာဖွေ၊ လေ့လာဖော်ထုတ်၊ အဓိပ္ပာယ်ဖွင့်ဆို၊ သဘောတူညီမှုရအောင် လုပ်ဖို့ပဲရှိပါတယ်။

ကျွန်တော်တို့မှာရှိရမယ့် ဒုတိယကျွမ်းကျင်မှုကတော့ စာနာစိတ်ရှိဖို့ပါပဲ။ စာနာစိတ်ဆိုတာကတော့ တခြားလူတွေရဲ့ ခံစားမှုကို နားလည်နိုင်စွမ်းနဲ့ မျှဝေခံစားနိုင်စွမ်းရှိခြင်းကို ခေါ်တာပါ။ စေ့စပ်ညှိနှိုင်းရေးစားပွဲတိုင်းမှာ စိတ်ခံစားမှုတွေ၊ ဒါမှမဟုတ် စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတာပါ။ အားကြီးတဲ့ စိတ်ခံစားမှုတွေဟာ ဆွေးနွေးပွဲတွေကို လွှမ်းမိုးနိုင်တယ်ဆိုတာ ကျွန်တော်တို့ ကြိုတင်နားလည်ထားရပါမယ်။ ဆွေးနွေးနေတဲ့အကြောင်းအချက်တစ်ခုဟာ မိမိရဲ့ဘဝလမ်းကြောင်းအတွက် ဘယ်လောက်အရေးကြီးသလဲ၊ စိန်ခေါ်မှုပိုမိုကြီးမားလေ၊ စိတ်ခံစားမှုကလည်း ပိုပြီးမြင့်မားလေပါပဲ။ ဆွေးနွေးပွဲမှာ ပါဝင်သူတိုင်းဟာ မိမိတို့ရဲ့စိတ်ခံစားမှုကို မပေါ်လွင်စေဖို့ ကိုယ့်ဘာသာကိုယ် စီမံခန့်ခွဲနေကြရတာဖြစ်ပေမယ့်လည်း စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲမြင်ကွင်းရဲ့ နောက်ကွယ်က တကယ်ရှိနေတဲ့ စိတ်ခံစားချက်တွေဟာ တစ်ခါတစ်ရံမှာ ဆွေးနွေးပွဲကို ဘေးအန္တရယ်ကျရောက်စေတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ အမြဲတမ်းလိုလိုဖြစ်ပေါ်လေ့ရှိတဲ့ စိတ်ခံစားမှုတွေကို ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတစ်ရပ်ဖြစ်လာရအောင် အသိပညာနဲ့ ထိန်းကျောင်းပေးနိုင်ရပါတယ်။ ကျွန်တော်တို့မှာ အမှန်တကယ်စာနာစိတ်ရှိရင် အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စာနာစိတ်ဟာ မိမိအဖွဲ့ဝင်အချင်းချင်းအတွက်သာမက အခြားတစ်ဖက်ကအဖွဲ့ဝင်တွေကိုလည်း ဆက်စပ်မှုပြုနိုင်ပါတယ်။ လူသားတိုင်းဟာ တစ်နည်းနည်းနဲ့ ဆက်စပ်မှု၊ ဒါမှမဟုတ် ချိတ်ဆက်မှု လိုအပ်ပါတယ်။ အထူးသဖြင့် ခက်ခဲတဲ့အခြေအနေမှာ ရောက်ရှိနေရင် လူတွေဟာ ချိတ်ဆက်မှုပိုပြီးလိုပါတယ်။ ဒါပေမဲ့ လူတစ်ဦးနဲ့တစ်ဦး ချိတ်ဆက်နိုင်တဲ့နေရာက ကွဲပြားမှုရှိပါတယ်။ လူတွေရဲ့ အပြုအမူပုံစံလေးမျိုးကို ကျွန်တော်တို့ ယခင်က မကြာခဏ ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ ''အလုပ်လုပ်သူ''  ပုံစံပိုင်ရှင်တွေကတော့ ပျော့ပျောင်းတဲ့ ခံစားမှုစကားလုံးတွေနဲ့ စာနာမှုဖော်ပြပြီး ချိတ်ဆက်ခြင်းကို မလိုလားကြပါဘူး။ ဒါကြောင့် တဲ့တိုးပြောပြီး ချိတ်ဆက်ရပါတယ်။ ဥပမာ- ''ကောင်းပြီ၊ ဒီလိုအကျပ်အတည်းဖြစ်စေတဲ့ကိစ္စ ကျွန်တော်တို့ဘက်က ရွှေ့ဆိုင်းပေးမယ်'' ဆိုပြီး ချိတ်ဆက်ရပါမယ်။ ''စဉ်းစားသူ'' ပုံစံပိုင်ရှင်တွေကတော့ ခံစားမှုအနည်းငယ်ပါရှိတဲ့ အကြောင်းအချက်အခြေခံနဲ့ စာနာမှုပြသခြင်းကို လက်ခံနိုင်ကြတယ်။ ''စကားပြောသူ'' ပုံစံပိုင်ရှင်တွေက နာကျင်စရာဖြစ်ရတဲ့ အကြောင်းခြင်းရာတို့နဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးခြင်းနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ''အုပ်ထိန်းသူ'' ပုံစံပိုင်ရှင်တွေကတော့ ရင်ထဲနှလုံးထဲကလာတဲ့ နွေးထွေးတဲ့စကားလုံးတွေကို နားထောင်လိုသူဖြစ်ပါတယ်။ အထက်ပါပုံစံလေးမျိုးအပြင် ''ကြား'' ပုံစံအတွင်း ကျရောက်နေသူတွေကိုတော့ နီးစပ်ရာပုံစံအမျိုးအစားတွေနဲ့ ချင့်ချိန်ဆင်ခြင်ပြီး စာနာမှုရှိတဲ့ စကားလုံးတွေကို အသုံးပြုချိတ်ဆက်သွားဖို့ ဖြစ်ပါတယ်။

တစ်ခုတော့ သတိပြုရပါမယ်။ မိမိရဲ့ စာနာမှုက အစစ်အမှန်နဲ့ ကြည်လင်သန့်ရှင်းတဲ့ စာနာမှုဖြစ်မှသာလျှင် စည်းနှောင်မှုအစွမ်းသတ္တိကို ရရှိနိုင်ပါမယ်။ ဝတ်ကျေတမ်းကျေသဘောမျိုးပြောတဲ့ စာနာမှုက စည်းနှောင်မှု မရှိသလောက် နည်းပါတယ်။ ကျွန်တော်တို့က စာနာမှုပြသပေးဖို့ တိုက်တွန်းနေပေမယ့်လည်း စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ပြဿနာတွေကို ဖြေရှင်းခြင်းလုပ်ငန်းစဉ်ကတော့ သူ့အတိုင်းသူရှိနေရပါမယ်။ မိမိဘက်ကစာနာမှုကို ထိရောက်စွာပြသပေးနိုင်ရင် အဲဒီပြဿနာတွေရဲ့ အဖြေအတွက် တံခါးပေါက်ပွင့်ကောင်း ပွင့်လာမှာဖြစ်ပါတယ်။ ဒါကြောင့် စာနာမှုရှိခြင်းက ပထမ၊ ပြဿနာတွေဖြေရှင်းခြင်းက ဒုတိယလို့ ကျွန်တော်တို့ ခံယူနိုင်ကြရပါမယ်။ အဲဒီလို ခံယူနိုင်မှသာ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အခြားတစ်ဖက်က အဖွဲ့ဝင်တွေအပေါ်မှာ စာနာမှုနဲ့ နားလည်မှုပေးနိုင်ရေးအတွက် ကိုယ့်ဘာသာကိုယ်လေ့ကျင့်သွားဖို့ အရေးတကြီးလိုအပ်တယ်ဆိုတဲ့အချက်ကို သဘောတူလက်ခံနိုင်ကြမှာဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲတိုင်းဟာ စာနာမှုအတွက် အကောင်းဆုံးလေ့ကျင့်ရေးကွင်းတွေပါပဲ။ စေ့စပ်ညှိနှိုင်းရေးအတွေ့အကြုံတွေ များလာတာနဲ့အမျှ ဘယ်နေရာမှာ ဘယ်သူ့ကို၊ ဘယ်လိုပုံစံနဲ့ ထိရောက်စွာ စာနာမှုပြသပေးရမလဲ၊ ဒီကနေဆက်စပ်မှုရအောင်၊ ချိတ်ဆက်မှုရအောင်နဲ့ ယုံကြည်မှုရအောင် ဘယ်လိုဆက်လုပ်သွားနိုင်မလဲဆိုတဲ့ ကျွမ်းကျင်မှုတွေကိုလည်း ရရှိလာမှာဖြစ်ပါတယ်။ ဒီကျွမ်းကျင်မှုကပဲ အကျပ်အတည်းဖြစ်နေတဲ့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတစ်ခုကို အောင်မြင်လာအောင် လမ်းဖွင့်ပေးနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မင်းဗထူး