Management Heat

managementheat1

ခုတလော တော်တော်များများ ကြားသိနေရတဲ့ ကိစ္စကတော့ ဝန်ထမ်းတွေမတည်ငြိမ်မှုပါ။ ဝန်ထမ်းမတည်ငြိမ်ရင် လုပ်ငန်းတွေအတွက် အနည်းနဲ့အများ အထိအခိုက်ကလေးတွေရှိလာတာကို တွေ့ရတယ်။ အုပ်ချုပ်သူတွေအနေနဲ့လည်း စိုးရိမ်စရာ၊ စိတ်ပူစရာ၊ သောကလေးတွေ ဖြစ်လာတာလေးတွေရှိလာတယ်။ ကျွန်တော်ကတော့ ဒါကို Management Heat လို့ ခေါ်ချင်ပါတယ်။ ဒီ Management Heat ဟာ တိုင်းပြည်ရဲ့ပြောင်းလဲမှုက စတင်ဖြစ်ပေါ်လာတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည် ၂၀၁၀ ပြည့်နှစ်က စတင်ပြောင်းလဲခဲ့ပေမယ့် လူတွေကတော့ ၂၀၁၁  ခုနှစ်မှာမှ သတိပြုမိကြတယ်။ ၂၀၁၂ ခုနှစ်မှာစပြီး အပြင်က Tourist အနေနဲ့လာရောက်ပြီး စူးစမ်းကြတယ်၊ တိုင်ပင်ကြတယ်။ ၂၀၁၃ ခုနှစ်မှာ စီးပွားရေးနဲ့ပတ်သက်ပြီး UMFCCI မှာ ဆွေးနွေးတိုင်ပင်တာတွေ၊ နှီးနှောတာတွေ ရှိလာတယ်။ ၂၀၁၄ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ စပြီးပေါ်လာတာကို ကျွန်တော်တို့တွေ့ရတယ်။

ကမ္ဘာမှာ မြန်မာ့နေရာ

ကျွန်တော်တို့မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်နေတာရယ်၊ လူဦးရေ ၅၁.၄ သန်း ဆိုတာရယ်က ဆွဲဆောင်မှုအထိုက်အလျောက်ရှိနေတဲ့ အထဲမှာပါတယ်။ ပထဝီမြေအနေအထားအရ မဟာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်နိုင်ငံကြားထဲမှာ ရှိနေပြီးတော့ တောင်ဘက်စွန်းမှာလည်း ပင်လယ်သမုဒ္ဒရာကို ပိုင်ဆိုင်ထားတယ်။ နောက်အိမ်နီးချင်းနိုင်ငံတွေနဲ့ ကျွန်တော်တို့နိုင်ငံပါ ပေါင်းလိုက်မယ်ဆိုရင် လူဦးရေ စုစုပေါင်း သန်း ၂,၇၀၀ လောက် ရှိတာကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၄၁ ရာခိုင်နှုန်းဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာဆိုတာကို အများသတိပြုစရာ ဖြစ်လာတယ်။ ကိုယ့်နိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့သူတွေက မြန်မာပြည်မှာရှိ တဲ့ ၅၁.၄ သန်းတင် မဟုတ်တော့ဘဲ နောက်ပိုင်းဖြစ်လာမယ့် အကျိုးဆက်တွေဖြစ်တဲ့ AEC ခေါ်တဲ့ ASEAN Economic Community အကျိုးဆက်တွေကိုပါကြည့်ပြီး ဒါဟာရင်းနှီးမြှုပ်နှံသင့်တဲ့ နိုင်ငံတစ်ခုလို့ ရှုမြင်ပြီးတော့ မလွဲမသွေလာပြီး ရင်းနှီးမြှုပ်နှံတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့လူဦးရေကို အသက်အရွယ်အလိုက် အချိုးအစားချကြည့်တဲ့အခါ ကျွန်တော်တို့မှာ Young Population ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားတယ် ဆိုတာ တွေ့ရမှာမို့၊ ဒါဟာလည်း Productivity လို့ခေါ် တဲ့ ကုန်ထုတ်စွမ်းအားမှာ ဆွဲဆောင်မှုရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု၊ ဝန်ထမ်းခန့်အပ်မှု

ဒါကြောင့်မို့ စိတ်ဝင်စားလာကြတယ်။ မြေစမ်းခရမ်းပျိုး လုပ်ကြည့်လာကြတယ်။ အလားအလာရှိမှန်းသိတော့ ရဲရဲတင်းတင်းဝင်နိုင်တဲ့သူတွေက စပြီးဝင်လာတဲ့အခါ Employment Market မှာ Supply နဲ့ Demand ရဲ့ ကွာဟချက်တွေဖြစ်လာတယ်။ ဝင်လာတဲ့သူတွေက ချက်ချင်းအောင်မြင်ချင်တယ်၊ နေရာကျချင်တယ်၊ ဈေးကွက်တစ်ခုပိုင်ဆိုင်ချင်တယ်ဆိုတော့ လက်ရှိလုပ်နေတဲ့ဝန်ထမ်းတွေကို အပြိုင်အဆိုင် သူ့ထက်ငါ ခေါ်ယူလာကြတယ်။ ဒီဝန်ထမ်းရဲ့ (၁) အတွေ့အကြုံပါလာမယ်။ (၂) သူသွားနေတဲ့ Outlet သူနဲ့ ဆက်ဆံနေတဲ့လုပ်ငန်းနဲ့ ပတ်သက်နေတဲ့ Network ပါလာမယ်။ (၃) သူတို့နဲ့ဆက်ဆံနေတဲ့ Culture တွေ၊ Tradition တွေ ပါပါလာမယ် ဆိုတာသိတဲ့အခါ အလုအယက်ခေါ်နေရင်းနဲ့ ဈေးက တစ်ဆ၊ နှစ်ဆ၊ သုံးဆ စသည်ဖြင့် တက်လာတယ်ပေါ့ဗျာ။ ဝန်ထမ်းတွေကလည်း ဒီအပေါ်မှာ စိတ်လှုပ်ရှားပြီးတော့ ပြောင်းသွားတာတွေလည်း ရှိပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ Human Resource အဖွဲ့အစည်းရဲ့ လေ့လာချက်အရ နိုင်ငံတကာကလာတဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့က ၆ ရာခိုင်နှုန်းသာလျှင် သူတို့လိုချင်တဲ့သူတွေကို ရခဲ့ပြီး ၉၄ ရာခိုင်နှုန်းကတော့ လိုချင်တဲ့လူ အပြည့်အဝမရပါဘူးလို့ပြောတာကို တွေ့ရပါတယ်။ အဲဒီတော့ သူတို့ပြောတဲ့ Network တို့၊ Culture တို့၊ Behaviour တို့နဲ့ သွားတာပဲ၊ ဘာဖြစ်လို့ လိုချင်တာမရဘူးလဲဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်စရာ ရှိလာတယ်။

managementheat2

ခေတ်ပြောင်း၊ အရည်အချင်းပြောင်း

အဲဒီအခါ ခေတ်စနစ်ပြောင်းလာတယ်ဆိုတဲ့အဖြေကို တွေ့ရတယ်။ ဆိုလိုတာက အရင်တုန်းက လိုအပ်တယ်ဆိုတဲ့ အရည်အချင်းတွေက ဒီအချိန်မှာ လိုအပ်တဲ့အရည်အချင်းတွေနဲ့ ကွဲပြားခြားနားနေတာကို ကျွန်တော်တို့ လေ့လာမိလာတယ်။ အဲဒီအရည်အချင်းတွေကိုတော့ အဓိကအားဖြင့် ကိုးချက်တွေ့ရပါတယ်။

နံပါတ် ၁ က Global Scale ပါ။ Global Scale ဆိုတာက အရင်တုန်းကလို မြန်မာစကားတစ်ခု ပြောတတ်ရုံနဲ့မရတော့ဘဲ အင်္ဂလိပ်စကားအပြင် နောက်ထပ်စကားတစ်ခုပါ ထပ်ပြီးတော့ နားလည်ရမယ်ဆိုတာ တွေ့ လာရပါတယ်။ တခြားဘာသာစကားအပြင် သူတို့ရဲ့ Culture ကိုလည်း နားလည်ရမယ်ဆိုတာ တွေ့လာရတယ်။

နံပါတ် ၂ ကတော့ Computer Skill ပါ။ ဒီနေ့၊ ဒီအချိန်မှာ Word တို့၊ Excel တို့၊ Powerpoint တို့ တတ်ရမယ်ဆိုတာက Word ဆိုရင် Word Processing ကိုနားလည်လား၊ Memo ရိုက်တတ်လား၊ Meeting Minutes ရိုက်တတ်လား ဆိုတာတွေဖြစ်လာတယ်။ Excel ဆိုရင်လည်း Chart တွေဆွဲတတ်လား၊ အဲဒီမှာမှ Comparison ပေါင်းတတ်လား၊ Formula ထည့်တတ်လား၊ Pivot ထောင်တတ်လားဆိုတာတွေပါ ဖြစ်လာတယ်။ အဲဒီလိုပဲ Presentation သဘောတရား နားလည်လား၊ Animation တွေ ထည့်တတ်လား၊ Presentation ကို ဘယ်လို Active ဖြစ်အောင် လုပ်မလဲဆိုတာတွေပါ ထပ်ပြီးအပိုဆောင်း လိုအပ်တာတွေကို တွေ့လာရတယ်။

managementheat3

နံပါတ် ၃ က Initiative ဆိုတာ တွေ့ရတယ်။ ဘယ်သူမှ မခိုင်းဘဲနဲ့၊ ဘယ်သူမှမပြောဘဲနဲ့၊ လိုအပ်မယ်ဆိုတာကို တက်တက်ကြွကြွနဲ့လုပ်တဲ့ စိတ်ဓာတ်ပေါ့နော်။ Proactive လို့လည်းခေါ်ပါတယ်။ အကြံဉာဏ်ပေးတာ၊ အဖြေရှာပေးတာတွေကိုပါ လုပ်ငန်းရှင်ဘက်က လိုချင်လာတယ်ဆိုတာ ရှိလာတယ်။

နံပါတ် ၄ ကတော့ Planning ထားပြီး လုပ်တတ်တာမျိုးကို ပိုပြီးတောင်းဆိုလာပါတယ်။ Direction တစ်ခုမှာ ဘယ်ဟာတွေတော့ အရေးကြီးတယ်၊ အောင်မြင်အောင် ဘာတွေလုပ်မယ်၊ ဘယ်အဆင့်ကစသွားမလဲ ဆိုတာတွေကို စဉ်းစားတဲ့ Action တို့ Planning တို့ ဆိုတာတွေ လိုအပ်လာပါပြီ။

နံပါတ် ၅ က Critical Thinking ပါ။ တကယ့်ကျဉ်းထဲကျပ်ထဲ ရောက်လာပြီဆိုတဲ့အခါ ငါတို့ဘယ်လိုလုပ်မလဲ၊ ဘယ်လိုကျော်လွှားမလဲ၊ အဲလို ကျော်လွှားဖို့အတွက် ဘာတွေလိုမလဲဆိုတဲ့ Facts တို့၊ Data တို့၊ စဉ်းစားပုံ စဉ်းစားနည်းကလည်း Logic ဆန်ဖို့ လိုပါတယ်။

နံပါတ် ၆ ကတော့ ကျွန်တော်တို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးတဲ့ Professionalism ပါ။ ကျွန်တော်တို့ စအလုပ်လုပ်တော့ အဆင်ပြေတဲ့နေရာ လုပ်ရင်းလုပ်ရင်းနဲ့ ကျောင်းကရတဲ့ဘွဲ့နဲ့၊ လုပ်တဲ့အလုပ်နဲ့ တခြားစီအပြင် ခဏခဏ ခုန်ကူးလွန်းအားကြီးတော့ ကိုယ်က Profession ဖြစ်ပါတယ်လို့ ပြောနိုင်တာက တစ်စတစ်စ လျော့နည်းလာတာတွေ့ ရတယ်။

နံပါတ် ၇ က Eathusiasm ပါ။ ကိုယ့်လုပ်ငန်းကို လုပ်နေသလို ကိုယ်ရှေ့ဆက်တာဝန်ယူရမယ့် လုပ်ငန်းကျရင်လည်း ငါဘာတွေလုပ်ရမလဲဆိုတာ ပြင်ဆင်ဖို့လိုလာပါတယ်။

နံပါတ် ၈ ဖြစ်တဲ့ Management ကလည်း အရေးကြီးလာတာကို သတိပြုမိပါတယ်။ Supervisor ပဲ၊ လူလေးနှစ်ယောက်လောက် အုပ်ချုပ်ရတာပဲ၊ ငါက လူတစ်ယောက်မှ အုပ်ချုပ်ရတာမှမဟုတ်ဘဲ၊ စက်ပဲအုပ်ချုပ်ရတာပဲဆိုပေမယ့်လည်း Management လိုလာတယ်။ အများတကာနဲ့နေတဲ့အခါမှာ Management လုပ်ရတယ်။ ဝန်ထမ်းတွေကို Motivate လုပ်ရမယ်။ တခြားလူတွေလက်ခံအောင် ဆွဲဆောင်နိုင်တဲ့ အရည်အချင်း လိုအပ်လာတာကို တွေ့ရတယ်။

နောက်ဆုံးအချက် နံပါတ် ၉ က Stress ခံနိုင်မှုပါ။ လခတွေ အများကြီးရကြတော့ ပျော်ကြတယ်။ လေး၊ ငါး၊ ခြောက်လလောက်လည်း ကြာရော ညည်းညူနေတဲ့ဝန်ထမ်းတွေလည်း အများကြီးတွေ့ရပါတယ်။ အဲဒါတွေက Stress Tolerance ခေါ်တဲ့ Pressure ဒဏ်ကို မခံနိုင်လို့ပါပဲ။ Pressure ဒဏ်ကိုမခံနိုင်တဲ့အခါမှာ အရင်နေရာလေးကို ပြန်သွားချင်တယ်။ လခကျတော့လည်း မစွန့်လွှတ်ချင်ဘူးဆိုတော့ ဒီ Stress Tolerance ကို မခံနိုင်ဘူးဆိုရင်လည်း လုပ်လို့ရမှာ မဟုတ်ပါဘူး။

ဝန်ထမ်းဘဝ

ကျွန်တော့်ဆရာသမားတွေ ပြောခဲ့ဖူးတဲ့ မှတ်သားစရာလေးတစ်ခုကို ဖောက်သည်ချချင်ပါတယ်။ ဝန်ထမ်းဘဝဟာ ဓားလုပ်မယ့်သံနဲ့ တူတယ်တဲ့။ ပန်းပဲဖိုမှာရှိတဲ့ ဆရာကြီးကတော့ ကောင်းနိုးရာရာ သံကောင်းမယ်ထင်တဲ့သံပြားကို ယူလိုက်ပြီးတော့ ရဲရဲတောက်နေတဲ့မီးဖိုထဲ ပစ်ထည့်လိုက်တာပဲ။ ကော့ပျံလန်ပြီး သံကနီရဲတောက်နေတဲ့ဘဝကို ရောက်သွားပြီဆိုတဲ့အခါကျတော့ ညှပ်နဲ့ယူပြီး အပြင်ကိုထုတ်လိုက်တယ်။ တူနဲ့ တဒုန်းဒုန်းတဒိုင်းဒိုင်း ထုရိုက်တော့တာ။ ထုရိုက်လို့ နာနေတုန်းပဲ ရှိသေးတယ်၊ အပူမှာ အသားကျနေတဲ့သူကို အပူရဲ့ပြောင်းပြန်ဖြစ်တဲ့ ရေအအေးထဲ ရှဲခနဲပစ်ထည့်လိုက်တယ်။ အဲလို ပြန်ထုတ်လို့ သက်သာတယ်မမှတ်နဲ့။ မီးဖိုထဲ တစ်ခေါက်ထပ်ပြန်ပစ်ထည့်လိုက်တယ်။ မီးဖိုထဲထည့်လိုက်၊ တူနဲ့ထုလိုက်၊ ရေထဲ ရှဲခနဲထည့်လိုက်၊ ပြန်ထုလိုက်၊ အဲဒီမှာတင် မကောင်းတဲ့သံက အရည်ပျော်ကျသွားတာ ရှိတယ်။ ပဲ့သွားတာရှိတယ်။ ကောက်ကွေးသွားတာ ရှိတယ်။ အဲလိုနဲ့ အဖန်တလဲလဲလုပ်ရင်းကမှ ခံနိုင်ရည် ရှိလာပြီဆိုတဲ့အခါကျမှ ဓားကောင်းတစ်လက်၊ သံကောင်းတစ်လက်ဖြစ်တာ။ ဝန်ထမ်းဘဝကလည်း အဲလိုပါပဲ။ အဆက်မပြတ် စမ်းသပ်ခံနေရတာပါ။

managementheat4

managementheat5

ဒီနေ့ခေတ် ဝန်ထမ်းတွေကိုပြန်ကြည့်တဲ့အခါကျတော့  ကုမ္ပဏီတွေများလာတဲ့အခါမှာ အလုပ်အကိုင်တွေ ပိုလာတယ်။ အလုပ်ခန့်ချင်တဲ့သူတွေက များတယ်။ လုပ်နိုင်တဲ့သူက နည်းတယ်ဆိုတော့ လခတွေတိုးလာတယ်။ ရာထူးတွေကြီးလာတယ်။ ရာထူးတွေကြီးလာတဲ့အခါ ခုနပြောတဲ့ Stress ကို မခံနိုင်တော့ဘူး။ တစ်ခုခုလေးများ ဖြစ်လာပြီဆိုရင် တခြားနေရာပြောင်းမယ်၊ ရွှေ့မယ်လုပ်ရင်းကမှ အလုပ်အပြောင်းအရွှေ့တွေက တဖြည်းဖြည်းများလာတယ်။ အလုပ်အပြောင်းအရွှေ့များလာတော့ ဘယ်သူ့ဘယ်သူပေါ်မှ Loyalty မရှိတော့ဘူး။ ကိုယ့်အလုပ်ပေါ်မှာ သစ္စာမရှိဘူး။ စိတ်လည်းမရှည်ဘူး။ စိတ်ဝင်စားမှုလည်းမရှိဘူး။ အဲဒီတော့ ဦးတည်ချက်တွေ၊ အာရုံစိုက်မှုတွေလည်း လွဲကုန်ပြီး ရလဒ်အဆိုးတွေ ထွက်လာတယ်။ ရလဒ်ဆိုးတွေ ထွက်ပါများလေလေ၊ အချိန်အကန့်အသတ်အတွင်းမှာပဲ ဒီလူဟာ အသုံးမဝင်တော့ဘူးထင်ပြီး ဒီလုပ်ငန်းကနေ ထုတ်ပစ်ခံရတဲ့၊ ပစ်ပယ်ခံရတဲ့ အမှိုက်သရိုက်အဖြစ် ကူးသွားမှာပဲ။ ဒါကတော့ ဒီနေ့ ဝန်ထမ်းဘဝကိုတွေ့ရတဲ့ အဖြစ်အပျက်ပါ။

အလုပ်ရှင်အတွက် Management Heat

Management Heat က ဝန်ထမ်းတွေဘက်ကချည်းပဲ မဟုတ်ဘဲအလုပ်ရှင်တွေ၊ လုပ်ငန်းရှင်တွေဘက်ကလည်း ရှိပါတယ်။ လုပ်ငန်းရှင်တွေက ကုမ္ပဏီတွေထောင်ရတာ လွယ်လာတဲ့အခါမှာ ဝန်ထမ်းတွေကို ထိန်းရချုပ်ရတာ ခက်လာတယ်။ ပထမတော့လခနဲ့ တိုးပေးတယ်။ နောက်တော့ တင်းတင်းကျပ်ကျပ် ဟိုဥပဒေသတ်မှတ်၊ ဒီဥပဒေသတ်မှတ် သတ်မှတ်တယ်။ ဒါပေမဲ့ ဘယ်လိုသတ်မှတ် သတ်မှတ်၊ အပြင်ကပေးတဲ့ လခကို လိုက်မပေးနိုင်တဲ့အခါကျတော့ ဝန်ထမ်းကောင်းတွေကို ဆုံးရှုံးလာတာကို တွေ့ရတယ်။ တကယ့် Key Player တွေ၊ Key Staff တွေကို ဆုံးရှုံးတဲ့အခါ ကိုယ့်စီးပွားရေးက မတည်ငြိမ်မှုတွေ ဖြစ်လာတယ်။ အဲဒီမှာ လူတွေက အလုပ်ကအခံမကောင်းဘူး။ ဝန်ထမ်းတွေလည်း ထွက်တယ်ဆိုပြီး စိတ်ဓာတ်တွေကျပြီးတော့ အာရုံစိုက်မှုတွေနည်းလာတဲ့အခါမှာ ပုံမှန်သွားနေကျ လုပ်ငန်းတွေကို မသွားတော့ဘဲ ဈေးကွက်ရဲ့ဖြစ်ပျက်ပြောင်းလဲနေတဲ့ကိစ္စတွေကို မျက်ခြည်ပြတ်ပြီး မသိတော့ဘူး။ ဒီခေတ်ကြီးက သိပ်ကိုအပြောင်းအလဲမြန်တဲ့ ခေတ်ကြီးပါ။ အဲဒီလို Lost Touch ဖြစ်တဲ့အခါ နောက်ဆုံးမထူးဘူးဆိုပြီး ရေရှည်ကိုလည်း မမှန်းရဲတဲ့အတွက် တက်သုတ်ရိုက်ပြီး မြန်မြန်ရမယ့် Short Terms တွေပဲ စဉ်းစားလာတယ်။ ရေရှည်စီမံကိန်းမချဘဲ ရေတိုတွေ၊ ဆူလွယ်နပ်လွယ်တွေ လုပ်တဲ့အခါမှာ Direction တွေ မှားလာတယ်။ တစ်ဖက်က အင်အားကြီးတဲ့ ကုမ္ပဏီတွေက ရေရှည်စီမံကိန်းတွေနဲ့ ဝင်လာတဲ့အခါမှာ ကိုယ်ကဆောက်တည်ရာမရဖြစ်ပြီး Wrong Direction တွေ ဖြစ်လာပြီးတော့ Results တွေကလည်း မှားလာတယ်။ နဂိုကရှုံးချင်ချင်ကနေ လုံးဝရှုံးပြီးတော့ ဒီပတ်ဝန်းကျင်ကနေ ပစ်ပယ်ခံရတဲ့ဘဝကို ရောက်သွားတာကို တွေ့ရတယ်နော်။ လုပ်ငန်းတွေ အနေနဲ့ စနစ်တကျရှိဖို့လည်း လိုပါတယ်။ ကုမ္ပဏီတွေ တော်တော်များများမှာ Risk Management ကို လုပ်မထားတာကိုလည်း တွေ့ရတယ်။

managementheat6

managementheat7

ဝန်ထမ်းများ ပြင်ဆင်ရန်

ပထမဆုံး ဝန်ထမ်းတွေကို အကြံပေးချင်ပါတယ်။ ကိုယ်လုပ်ချင်တာနဲ့ ကိုယ့်အတွက် အခွင့်အလမ်းရှိမယ့်၊ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းရှိမယ့်၊ ဒီကုမ္ပဏီနဲ့အတူ အောင်မြင်နိုင်မယ်လို့ ထင်တဲ့ကုမ္ပဏီကို ရွေးချယ်ပါ။ ကိုယ်နဲ့အတူ အောင်မြင်နိုင်မယ်ဆိုတဲ့ Product ကို၊ Service ကို ရွေးချယ်ပါ။ ပြီးတော့ ကိုယ်သာကောင်းမယ်ဆိုရင် Market Salary ရပါမယ်။ Bonus လည်းရပါမယ်။ အလုပ်လုပ်တဲ့အခါမှာ ပိုက်ဆံက အရေးကြီးတယ်ဆိုပေမယ့် လခချည်းပဲမူမတည်ဘဲ ကိုယ့်ရဲ့ Development အတွက် စိတ်ချရတဲ့အလုပ်မျိုးကို ရှာရပါမယ်။ ကုမ္ပဏီကော်ပိုရေးရှင်းကြီး တော်တော်များများမှာ  အလုပ်နဲ့ပတ်သက်တာတွေကို သင်ပေးမယ့် Learning Center တွေရှိပါတယ်။ နောက်တစ်ခုက ကုမ္ပဏီသေးသေးကြီးကြီး၊ ကိုယ့်ကို မိသားစုအနေနဲ့ ဆက်ဆံနိုင်လားဆိုတာကို လေ့လာပါ။

ပြီးတော့ ကိုယ့်ကိုပေးတဲ့ Challenge ကိုယူပါ။ ရတဲ့ Result က Transparent ဖြစ်တာမျိုးကိုတောင်းပါ။ ကိုယ့်ရဲ့ Result က အောင်မြင်ရဲ့လားဆိုတာ သိသာရှင်းလင်းတင်ပြနိုင်တဲ့ကုမ္ပဏီမျိုးကို ရွေးချယ်ပါ။ ပြီးရင် ကိုယ့်ကိုစခိုင်းပြီဆိုကတည်းက ဝိုင်းလုပ်ဝိုင်းစားဆိုတာမျိုး မလုပ်ဘဲနဲ့ Clear Direction  ရှိရမယ်။ Job Description လည်း ချပေးသင့်ပါတယ်။ လခပေးပြီးရင်၊ ပြီးရောဆိုတဲ့ကုမ္ပဏီမျိုးမဟုတ်ဘဲ လခအပြင် တခြားဟာ ဘာတာဝန်ယူသေးလဲ၊ ကိုယ့်ကို ဘယ်လိုအလေးထားလဲဆိုတာလည်း ကြည့်ရမယ်။ အဲလိုကြည့်လို့ စိန်ခေါ်မှုတွေအများကြီးရှိတဲ့အခါမှာလည်း ပျော်စရာကောင်းတဲ့ပတ်ဝန်းကျင်လေးတစ်ခုတော့ ရှိနေရမယ်။ အောင်မြင်နေတဲ့ ကုမ္ပဏီတော်တော်များများမှာ နိစ္စဓူ၀ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရပေမယ့်အတွင်းမှာ စည်းလုံးညီညွတ်တယ်၊ ကိုယ့်အိမ်လေးလို ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့အခါကျတော့ လာသမျှ Challenging ကို သူတို့ လုပ်နိုင်တယ်၊ တွန်းလှန်နိုင်တယ်။ နောက်တစ်ခုကတော့ Professional ဖြစ်အောင် စဉ်းစားပါ။ ခဏခဏ ဟိုခုန်ကူး ဒီခုန်ကူး ကူးနေမယ့်အစား၊ မတတ်သာလို့ ကူးရမယ်ဆိုရင်တောင် လုပ်ငန်းတစ်ခုနဲ့တစ်ခု ဆက်နွှယ်နေတာကို ကူးသင့်ပါတယ်။ Professional ဖြစ်မှသာလျှင် လူတွေက ကိုယ့်ကို တန်ဖိုးသတ်မှတ်နိုင်ပါတယ်။ ဒီနေ့ စဝင်တော့ Admin ၊ နောက်တော့ Training ဘက်ရောက်တယ်။ Training ကမှ Sales ဆိုတဲ့အရောင်းကို ပြောင်းတယ်။ အရောင်းကမှ Marketing ကို ပြောင်းတယ်။ Marketing ကမှ Production ပြောင်းတယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ဆယ်နှစ်ပဲလုပ်လုပ်၊ ၁၂ နှစ်ပဲလုပ်လုပ်၊ ဘယ်နားမှ မကျွမ်းကျင်ဘူး။ အဲဒီလိုမျိုးကျတော့ မကောင်းပါဘူး။ ဘယ်လုပ်ငန်းဖြစ်ဖြစ် အနည်းဆုံးတစ်နှစ်ခွဲ၊ နှစ်နှစ်ခွဲလောက်လုပ်ကြည့်ပါ။ ဒါမှ ဒီရာသီမှာ အတွေ့အကြုံရှိတယ်လို့ ပြောနိုင်ပါတယ်။

managementheat8

managementheat9

လုပ်ငန်းရှင်များပြင်ဆင်ရန်

လုပ်ငန်းရှင်တွေကလည်း ကိုယ့်အဖွဲ့အစည်းကို ကိုယ် Restructure လုပ်ပါ။ ကိုယ့်ရောင်းမယ့် ကုန်ပစ္စည်းတွေ၊ ကိုယ်လုပ်မယ့်ဆောင်ရွက်မှုတွေပေါ် အခြေခံပြီးတော့လုပ်ပါ။ Company Profile လေးလုပ်ပါ။ Company Profile ဆိုတာ ကုမ္ပဏီရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ Vision ၊ Mission ၊ Goal လုပ်ပါ။ ပြီးပြီဆိုမှ ကိုယ်ရောင်းမယ့်ပစ္စည်းက ဘယ်သူတွေဆီ ရောင်းမှာလဲ။ ဘယ်လိုလူမျိုးတွေက ကိုယ့်ပစ္စည်းဝယ်မှာလဲ။ အဲလိုလူမျိုးတွေရဲ့ အစုလိုက်ကဏ္ဍလိုက်က ဘယ်လိုရှိလဲဆိုတာရှာပြီးမှ အဲဒီပေါ်မှာ Organization Chart ကို ဆွဲစေချင်ပါတယ်။ Organization Chart အရ ဆိုင်ရှစ်ရာအတွက်ကို ဝန်ထမ်းရှစ်ယောက်လိုတာလား၊ အယောက် ၈၀ လိုတာလားဆိုတာ သိလာမယ်။ ပိုလွန်းအားကြီးရင်လည်း စရိတ်ထောင်းမယ်။ လိုလွန်းရင်လည်း ဝန်ဆောင်မှုမှာ အားနည်းတာတွေရှိတဲ့အတွက် ချင့်ချိန်စေချင်ပါတယ်။ ဒါကြောင့်မို့လည်း တစ်ယောက်ချင်းရဲ့ Job Description တာဝန်ကို တိတိကျကျ ရေးစေချင်ပါတယ်။

အလုပ်ခန့်ပြီးပြီဆိုလည်း လူတိုင်းကို Target ပေးစေချင်ပါတယ်။ အထူးသဖြင့် Sales Dept မှာ Monthly Target ရှိရပါမယ်။ Production Target ရှိရပါမယ်။ ဒါတွေက Operational Department တွေပေါ့။ ကျန်တဲ့ Department တွေကတော့ Key Performance Indicator နဲ့ သွားပါ။ နောက်ပြီး သုံးလတစ်ခါပြည့်တိုင်း အောင်မြင်တဲ့သူကို အများရှေ့မှာ ချီးကျူးပါ။ ကိုယ်က စပြီးဆွေးနွေးတဲ့အခါမှာ ဘယ်တော့မှလခကို ရှေ့တန်းတင်ပြီး စကားမပြောပါနဲ့။ လခကိုရှေ့တန်းတင်ပြီး စကားပြောတဲ့အခါ ကိုယ့်ဝန်ထမ်းကလည်း လခကိုပဲရှေ့ တန်းတင်ပြီး စကားပြောတတ်ပါတယ်။

သူတို့ကို Happy Environment ဖြစ်အောင် လုပ်ပေးရမယ်။ ဒီလိုပြောလို့ အမြဲသူတို့ကို 'မ' နေရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဝန်ထမ်းတွေရဲ့နောက်မှာ သူတို့မိသားစုတွေရှိပါတယ်။ မိသားစုတွေရဲ့ ပံ့ပိုးမှု၊ မိသားစုတွေရဲ့ထူးခြားမှုကြောင့်သာ သူတို့တွေအောင် မြင်လာတာဖြစ်တဲ့အတွက် မိသားစုတွေနဲ့ပတ်သက်လို့ Family Day လုပ်ပေးတာမျိုး၊ တစ်နှစ်တစ်ခေါက် Annual Dinner လုပ်ပေးတာမျိုး၊ ဝန်ထမ်းတွေနဲ့ သူဌေးနဲ့ တွေ့နိုင်တဲ့ဟာမျိုး၊ ဥပမာ-ကုမ္ပဏီတစ်ခုမှာ တစ်ပတ်မှာတစ်ခါ ကုမ္ပဏီရဲ့စီအီးအိုက ဝန်ထမ်းလေးယောက်နဲ့ ထမင်းအတူစားတာမျိုး၊ သူတို့ပြောတာ နားထောင်တယ်၊ ဆွေးနွေးတယ်၊ တိုင်ပင်တယ် ဆိုတာမျိုး၊ ကျန်းမာရေးနဲ့ပတ်သက်လို့ Medical Check-up လုပ်ပေးတာ။ ထွန်းထွန်းပေါက်ပေါက်ဖြစ်လာတဲ့ ဝန်ထမ်းသားသမီးတွေကို Scholarship လုပ်ပေးတာမျိုး၊ သစ္စာရှိရှိလုပ်လာတဲ့ ဝန်ထမ်းတွေ၊ အားကိုးရတဲ့ဝန်ထမ်းတွေအတွက် တတ်နိုင်တယ်ဆိုရင် Hire Purchase လုပ်ပေးတာမျိုးတွေ လုပ်သင့်ပါတယ်။ ဝန်ထမ်းတွေအတွက် အိမ်ပိုင်ရာပိုင်ဆိုတာ ဒီခေတ်ကြီးမှာ တော်တော်ခက်ခဲတဲ့ကိစ္စတွေ ဖြစ်လာပါပြီ။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့စောင့်ရှောက်ပေးနိုင်မလားဆိုတာ စဉ်းစားသင့်ပါတယ်။

သူတို့ပြောတာ နားထောင်ပေးပါ။ သူတို့ဘက်ကနေ မြင်ကြည့်ပါ။ သူတို့ပြောတာနားထောင်ပြီး ကိုယ်ဘာဖြစ်လို့ ဒီလိုဆုံးဖြတ်ရသလဲဆိုတာ သူတို့ကိုရှင်းပြပါ။ ရှင်းပြလိုက်လို့ သူတို့အနေနဲ့ လက်ခံသွားတဲ့အခါ၊ နားလည်သွားတဲ့အခါ အတူတကွ ကိုယ့်ရဲ့အားတွေဖြစ်လာပါမယ်။ တတ်နိုင်တယ်ဆိုရင်တော့ သူတို့တွေရဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းဖြစ်အောင် အမြဲကူညီပေးစေချင်ပါတယ်။

Be Professional

နိဂုံးချုပ်ပြောချင်တာကတော့ Professional ဖြစ်အောင်၊ ဦးနှောက်နဲ့ဖြစ်အောင်လုပ်ပါ။ နှလုံးသားနဲ့ ကိုယ်ချင်းစာနာစိတ်ကလေးနဲ့ လူ့ဘောင်ကျင့်ဝတ်နဲ့အညီ Ethical ဖြစ်အောင်နေပါ။ အဲဒီလို နေဖို့အတွက်ကိုလည်း ပထမဦးဆုံး ကိုယ်တကယ်ဘာဖြစ်ချင်တာလဲဆိုတာ စဉ်းစားပါ။ အဲဒီလို စဉ်းစားတဲ့နေရာမှာ ဘေးပယောဂ မပါပါစေနဲ့။ ပြီးတော့မှကိုယ်ဖြစ်ချင်တာကို သေသေချာချာသုံးသပ်ပါ။ ဒါဟာ ငါတကယ်လိုချင်တာလား။ တခြား ဘာလိုချင်သေးလဲလို့ စဉ်းစားပါ။ ဆုံးဖြတ်လို့ပြီးပြီဆိုတော့မှ အဲဒီအလုပ်ကို အာရုံစိုက်ပါ။ ဒီအလုပ်နဲ့ဆင့်ပွား၊ အလုပ်မှာတင်မဟုတ်ဘဲ သင်စရာရှိတဲ့နေရာတွေ စာတွေ၊ စာအုပ်တွေ ကြိုပြီးလေ့လာနိုင်အောင် ကြိုးစားပါ။ စဉ်ဆက်မပြတ်ကြည့်ရင် ပိုပြီးထူးခြားလာပါလိမ့်မယ်။ ကြိုက်လာပါလိမ့်မယ်။ အလုပ်ပေါ်ချစ်လာပါလိမ့်မယ်။ ကြိုက်လာ၊ ချစ်လာပြီဆိုရင် သူများမမြင်တာတွေ မြင်လာမယ်။ ကိုယ်လုပ်ချင်တာကို Specialize လုပ်ပါ။ အထူးပြုပါ။ ပြီးတော့ သူများနဲ့ Differentiate နည်းနည်းလုပ်ပါ။ ပြောင်းပြန်ပြောင်းရမယ် မပြောပါဘူး။ နည်းနည်းချင်းလုပ်ပါ။ ကိုယ်တစ်ခုခုစမ်းသပ်ထားတာကို စမ်းသပ်လို့ရတာကို လက်တွေ့ကျင့်သုံးလို့ရလားဆိုတာကို စဉ်းစားပါ။ ကိုယ့်အလုပ်က ကိုယ့်ဘဝကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီဆိုရင် ကိုယ်က အဲဒီအလုပ်ကို ပျော်လာလိမ့်မယ်။ အောင်မြင်လာလိမ့်မယ်။ Professional ဖြစ်လာလိမ့်မယ်။

အဲဒီအချိန်မှာမှ နှလုံးသားလေးနဲ့ နည်းနည်းဦးစားပေးပြီးတော့ အများတကာကို သင်ပေးပါ။ အဲဒီမှာလည်း ငါ့ထက်တော်သွားရင် ငါ့ကိုကျောသွားမှာဆိုတဲ့ အတွေးအခေါ် ဖြစ်တတ်ပါတယ်။ တကယ်လို့ ကိုယ်က စဉ်ဆက်မပြတ်ကြိုးစားနေခဲ့သူဆိုရင်တော့ ကိုယ်ဘယ်လောက်ပေးပေး ကိုယ်က ရှေ့မှာရောက်နေမှာပါပဲ။ ကုမ္ပဏီ၊ အဖွဲ့အစည်းက ပိုပြီးအောင်မြင်လာမှာပါပဲ။

ဦးမြင့်ဇော်