ဝီစကီ အနည်းငယ်လောက်ကို ဇိမ်ခံသောက်

littlewhiskey1

အာရှမှ နားလည်ကျွမ်းကျင်တဲ့ လျှာအရသာခံစားတတ်သူတွေအဖို့ ဝီစကီကို 'ဘဝအသက်ရေ' (Water of Life) လို့တောင် တင်စားခေါ်ဆိုတာကြောင့် သူတို့နှလုံးသားကို ဖမ်းစားထားပြီလို့ ဆိုရပါမယ်။

စကော့တလန်ဝီစကီဟာ ၁၉ ရာစုနှစ်အတွင်း ဗြိတိသျှကုန်သည်နဲ့ ကိုလိုနီနယ်ချဲ့သမားတွေနဲ့အတူ အာရှကိုရောက်ရှိလာကတည်းက လူကြိုက်များတဲ့ ယမကာတစ်မျိုး ဖြစ်ခဲ့တယ်။ မကြာသေးမီ ကာလအတွင်းမှာတော့ စကော့ဝီစကီနဲ့ တခြားနိုင်ငံအများအပြားကလည်း ထုတ်လုပ်နေပြီဖြစ်တဲ့ ဝီစကီတွေနဲ့ပတ်သက်ပြီး အာရှတစ်ဝန်းမှာ နားလည်ကျွမ်းကျင်စရာ လုပ်ငန်းဖြစ်လာခဲ့ပါတယ်။ ဝီစကီကို အင်္ဂလိပ်လို Whisky အမေရိကန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံတို့မှာ Whiskey လို့ စာလုံးပေါင်းပါတယ်။

၂၀၁၄ ခုနှစ်မှာ စင်ကာပူဟာ တန်ဖိုးအနေနဲ့ ပြောရမယ်ဆိုရင် ကမ္ဘာ့တတိယအကြီးဆုံး စကော့ဝီစကီဈေးကွက် ဖြစ်ပါတယ်။ နောက်ပြီး ထိုင်ဝမ်က စတုတ္ထ၊ တောင်ကိုရီးယားက အဋ္ဌမ၊ အိန္ဒိယက ၁၁ နိုင်ငံမြောက်နဲ့ ဂျပန်က ၁၆ နိုင်ငံမြောက် အသီးသီး ဖြစ်ကြပါတယ်။

စင်ကာပူဟာ အရက်ကုန်သွယ်မှုမှာ ထပ်ဆင့်တင်ပို့တဲ့ ဗဟိုချက်နေရာဖြစ်ပြီး ရောက်လာတဲ့ ဝီစကီ အများအပြားဟာ အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံကို ရောက်ရှိသွားတယ်လို့ ယူဆရပါတယ်။

ဝီစကီယဉ်ကျေးမှုဓလေ့ဟာ ဂျပန်နိုင်ငံမှာ စတင်ပေါ်ပေါက်တယ်။ ဂျပန်အရက်ချက်ကုမ္ပဏီတွေဟာ ၁၈၇၀ ပြည့်နှစ်တွေကစလို့ ကျယ်ကျယ်ပြန့်ပြန့် စကော့တလန်စတိုင်လ် ဝီစကီထုတ်လုပ်မှု ဆောင်ရွက်ခဲ့ကြတယ်။ ၂၀၁၅ ခုနှစ်မှာ နှစ်စဉ်ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိတဲ့ ‘Whisky Bible’ စာစောင်ကြီးက Yamazaki Single Malt Sherry Cask 2013 ကို ကမ္ဘာ့အကောင်းဆုံး ဝီစကီအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ကမ္ဘာပေါ်မှာ ရောစပ်ဝီစကီတွေထက် မုယောတစ်မျိုးတည်းသုံး စကော့ဝီစကီသောက်သုံးမှုပိုမိုတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တယ်။ ၂၀၁၅ ခုနှစ် ကမ္ဘာ့ဝီစကီဆုပေးပွဲမှာ ထိုင်ဝမ်ထုတ် Kavalan Solist Vinho Barrique ဟာ မုယောတစ်မျိုးတည်းသုံး အကောင်းဆုံးဝီစကီဆု ရရှိပါတယ်။

[caption id="attachment_27736" align="alignnone" width="720"]littlewhiskey2စင်ကာပူက နာမည်ကျော် ဝီစကီဘား The Auld Alliance[/caption]

နားလည်ကျွမ်းကျင်သူတွေအတွက် ဗဟိုဌာန . . .

အခုဆိုရင် အာရှမြို့ကြီးတိုင်းမှာ သပ်သပ်ရပ်ရပ် ဝီစကီဘားတချို့ ရှိနေကြပြီလို့ ဟောင်ကောင်မှ ကုန်အမှတ်တံဆိပ် မန်နေဂျာတစ်ယောက်က ပြောပါတယ်။ သူ့ရဲ့ Diageo’s Reserve အရက်တွေကို ကြည့်လိုက်ရင် Johnnie Walker Blue Label ၊ Platinum Label နဲ့ Gold Label Reserve Scotch Whiskies တို့ ပါဝင်ကြရဲ့။ ဒီဆိုင်အများအပြားဟာ သေးငယ်ပြီး ရင်းနှီးဖော်ရွေတဲ့ ဂျပန်ဟန်အတိုင်း ဖွင့်ထားကြတာပါ။

အာရှနဲ့သြစတြေးလျဟာ ခွဲမရသလိုဖြစ်လို့ အာရှက ဝီစကီဘားဆိုင်တွေအကြောင်းပြောဆိုရင် ဆစ်ဒနီမြို့က Baxter Inn ( thebaxterinn.com) ကို ထည့်မပြောလို့ မဖြစ်ပါဘူးတဲ့။ နောက်ခံဘားစင်အထပ်ထပ်မှာ ပုလင်းတွေကို အထင်ကြီးစရာခင်းကျင်းပြသထားပြီး ခပ်မြင့်မြင့်ကပုလင်းတွေကို လှေကားသုံးပြီး လှမ်းယူရပါရဲ့။ တခြားရေပန်းစားနေတာတစ်ခုက မဲလ်ဘုန်းမြို့က Boilermaker House (boilermakerhouse.com) ဖြစ်ပြီး သူ့ရဲ့ဘားတစ်ခုဟာ နယူးယောက်မြို့မှာ တည်ရှိပါတယ်။ ဒီဆိုင်တွေမှာ ဝီစကီအမျိုးအစားငါးရာ၊ ကျွမ်းကျင်ရာရာ ဘီယာအမျိုးအစား ၁၅၀ လောက်စီရှိကြပြီး သောက်သုံးသူကို ဝီစကီအနည်းငယ်နဲ့ ဘီယာတစ်ခွက်တွဲပေးလိုက်ရာကနေ ဒီနှစ်ခုက တစ်ခုကတစ်ခုကို ဖြည့်စွက်ပြည့်စုံစေပါသတဲ့။

[caption id="attachment_27737" align="alignnone" width="720"]littlewhiskey3ကမ္ဘာ့အကောင်းဆုံး ဝီစကီများ[/caption]

အဆင့့်မြင့်မြင့်ပေါ်လွင်မလား၊ သိုသိုသိပ်သိပ်လား . . .

အချိန်အကြာကြီးကတည်းက လူကြိုက်များနေတာက အာရှရဲ့ကိုလိုနီသမိုင်းကို ထင်ဟပ်နေတဲ့ ကလပ်ဆန်ဆန်၊ ဂန္ထဝင်စတိုင်လ် ဝီစကီဘားပဲဖြစ်ပါတယ်။ ဥပမာတစ်ခုက ရှန်ဟဲမြို့က နာမည်ကျော် The Bund လမ်းမပေါ်ရှိ Waldorf Astoria Shanghai ဟိုတယ်က The Long Bar ပေါ့။ တစ်ခါက ရှန်ဟဲကလပ်ရဲ့ ဘားဖြစ်ခဲ့ပြီး အခုအခါ ရှားပါးဝီစကီတွေကို ရှာဖွေစုဆောင်းထားလို့ ထင်ရှားတယ်။

ဟောင်ကောင်မှ ရှေးရိုးအသွင်ဟန်ဖော်ထားတဲ့ The Angle’s Share ဝီစကီဘားနဲ့ စားသောက်ဆိုင်ဟာ စည်ပိုင်းငယ်ထဲမှ ဝီစကီကိုငှဲ့ပြီး တည်ခင်းရောင်းချတယ်။ ဒီလိုဆိုင်မျိုး အာရှမှာ အနည်းငယ်မျှသာရှိတယ်။ ဒီလိုစနစ်တကျရှိမှုကို သောက်သုံးသူတွေ နှစ်ခြိုက်ကြပါသတဲ့။

တချို့ဝီစကီစွဲလမ်းသူများအတွက်တော့ ပတ်ဝန်းကျင်ဟန်ပန်နည်းလေ ပိုကောင်းလေပဲ။ ဝီစကီဘားတွေ အထူးတလည်ဖန်စီမဖြစ်တာက ဝီစကီကို အရသာခံသောက်သုံးဖို့အတွက်ကောင်းတယ်။ ဘားကျဉ်းရင် ကျဉ်းပါစေ။ ဂျပန်ဝီစကီ၊ စကော့တလန်ဝီစကီတို့ကို နှံ့နှံ့စပ်စပ် ရွေးချယ်ထားရှိရင် လုံလောက်ပြီလို့ တချို့ကပြောဆိုပါတယ်။

တိုကျိုအပါအဝင် ဂျပန်မြို့ကြီးတစ်ခုခုကို အလည်သွားသူဟာ သူတို့ရဲ့ ဟိုတယ်အကူဝန်ထမ်းကို တိုင်ပင်ကြည့်ရင် အကောင်းစား ဝီစကီစားသောက်ဖွယ်စာရင်းတွေနဲ့ ဘားစာရင်းအရှည်ကြီးကို ရရှိမှာပါ။ ထိပ်တန်းရွေးစရာတွေမှာပါဝင်တဲ့ Bar High Five (barhighfive.com) ဟာ ကမ္ဘာသိ Cocktail Bar (အရက်စုံယမကာဘား) တစ်ခုဖြစ်ပါတယ်။ Star Bar (starbar.jp) မှာတော့ ဝီစကီကောင်းတွေ စုဆောင်းထားတဲ့အပြင် ရေခဲထွင်းထုမှု အရည်အသွေးအတွက်လည်း ကျော်ကြားပါရဲ့။ ဂျပန်တွေအထူးပြု ကျွမ်းကျင်ပုံက အပြည့်အဝလုံးဝန်းတဲ့ ရေခဲတုံးဖန်တီးနိုင်လို့ အရက်ကိုအေးစေပြီး ရေတော့ မရောပေးဘူး။

ထိုင်ဝမ်မှာ နာမည်ကျော် Bartender တစ်ဦးဖြစ်တဲ့ Angus Zou ပိုင်ဆိုင်တဲ့ Alchemy Bar ဟာ မိမိရရ အခြေတည်မိနေပြီး တိုင်ပေရဲ့ထိပ်ဆုံး Cocktail Bar တစ်ခုလို့ယူဆခံရပါတယ်။ အဲဒီမှာ ပညာသည် လက်စွမ်းပြ အရက်အတော်များများကိုလည်း စုဆောင်းထားပါတယ်။

သမိုင်းကြောင်းနက်ရှိုင်း . . .

ဂျပန်နဲ့ထိုင်ဝမ်ကလွဲပြီး တခြားအာရှနိုင်ငံတွေမှာ လွတ်လွတ်လပ်လပ်ပိုင်ဆိုင်ကြတဲ့ ထိပ်တန်းဝီစကီဘားတွေ လျော့နည်းပြီး နိုင်ငံတကာဟိုတယ်ကြီးတွေမှာ တွေ့ရပါတယ်။ စရိတ်ကြီးအရက်တွေ စင်ပေါ်မှာကြာကြာ တည်ရှိနေတာကို ဟိုတယ်ကြီးတွေက ခံနိုင်ရည်ရှိပေမယ့် လွတ်လပ်တဲ့ ဘားဆိုင်တွေအဖို့ ကုန်စည်မြန်မြန်လည်ပတ်မှ အခန်းငှားခပေးနိုင်မှာဖြစ်တယ်။

Hyatt အုပ်စုက (Park Hyatt Tokyo အဖြစ်) အာရှတစ်ဝန်းရှိ သူပိုင်ဆိုင်တဲ့ ဟိုတယ်တချို့မှာ ဘားတွေဖွင့်ကာ အကောင်းစားဝီစကီတွေ စုဆောင်းထားခြင်းကို ဂရုတစိုက် ဆောင်ရွက်နေပါတယ်။ ဥပမာ- Grand Hyatt Singapore မှာ Brixi Park Hyatt Seoul မှာ The Timber House ၊ ဟောင်ကောင်ရှိ Hyatt Regency မှာ Chin Chin Bar တို့ ဖြစ်ကြပါတယ်။

ထိုင်းနိုင်ငံမှာဆိုရင် Mandarin Oriental Bangkok ရဲ့ အမွှမ်းတင်ခံရတဲ့ Bamboo Bar ဟာဆိုရင် စုဆောင်းထားတဲ့ ဝီစကီတွေအတွက်ရော၊ သမိုင်းကြောင်းတစ်လျှောက် လာလည်သောက်သုံးဖူးတဲ့ ပုဂ္ဂိုလ်အကျော်အမော်တွေကြောင့်ပါ ထင်ရှားပါတယ်။

Mandarin Oriental Hong Kong ဟိုတယ်က The Chinnery ဘားဆိုရင်လည်း ဝီစကီအနည်းငယ်လောက်ကို ဇိမ်ခံသောက်ဖို့ သာယာကြည်နူးဖွယ် အကောင်းဆုံးနေရာတစ်ခုလို့ ဆိုပါတယ်။ ဒီဘားမှာရနိုင်တဲ့ ရှားပါးအရက် Macallan 30 Sherry Oak ဟာဖြင့် ဈေးအကြီးဆုံးဝီစကီဖြစ်ပြီး တစ်မော့စာလောက်ကို ဟောင်ကောင်ဒေါ်လာ ၁,၉၀၀ (အမေရိကန်ဒေါ်လာ ၂၄၅) ကျသင့်လိမ့်မယ်။ ဒီအပြင် ၂၀၁၄ ခုနှစ်ခန့်ကစလို့ လူကြိုက်များလာနေတဲ့ ဂျပန်နိုင်ငံထုတ်ဝီစကီတွေလည်း ထားရှိပါတယ်။

[caption id="attachment_27738" align="alignnone" width="720"]littlewhiskey4ဘားတစ်ခုမှာ ဝီစကီအမျိုးအမည် လေးရာလောက် ထားရှိနိုင်တယ်[/caption]

အရက်စပယ်ရှယ်လစ်တွေ . . .

ဟောင်ကောင်ရှိ Butter Bar ၊ Executive Bar တို့ဟာ တိုကျိုကိုမီလို့ စီးပွားရေးအဆောက်အအုံအမြင့်ပိုင်း အထပ်တွေမှာတည်ရှိတယ်။ ဒီဆိုင်တွေကိုပိုင်ဆိုင်၊ ဖွင့်လှစ်လည်ပတ်နေသူတွေဟာလည်း ဂျပန်တွေမို့ သူတို့ရဲ့ ဝီစကီနဲ့ရေခဲတို့ကို သဲကြီးမဲကြီးအလေးထားကြရဲ့။ Safe Bubbles & Malt Bar ဆိုရင် အများအားဖြင့် စကော့တလန်နဲ့ ဂျပန်ကလာတဲ့ ဝီစကီတွေပါဝင်တဲ့စာရင်းမှာ အမျိုးတစ်ထောင်ကျော်တယ်။ ရှားပါးတဲ့ အရက်ပုလင်း အများအပြားဆိုရင် တခြားမှာဝယ်လို့တောင် မရနိုင်ဘူး။

စင်ကာပူမှာ အထူးသိမှတ်စရာ ဝီစကီဘားနှစ်ခု ရှိရာမှာ La Maison du Whisky (whisky.sg) ဟာ ပါရီကနေ လာဖွင့်တဲ့ ဆိုင်ခွဲဖြစ်ပါတယ်။ နေ့ပိုင်းမှာ လက်လီအရောင်းဆိုင်၊ ညနေပိုင်းမှာ လူကြိုက်များတဲ့ ဘားအဖြစ် လည်ပတ်နေပါတယ်။ တခြားဘားဆိုင် The Auld Alliance ဟာလည်း ပြင်သစ်တွေ စီမံအုပ်ချုပ်ပြီး Rendezvous Hotel  မှာ ဖွင့်ထားတယ်။ ဝီစကီအမျိုးအမည် ၁,၅၀၀ ဝန်းကျင်ရှိနေလို့ အာရှမှာအများဆုံး စုဆောင်းထားမှုတစ်ခုပါပဲ။

တခြားအရက်ပြင်းတွေ (ဥပမာ - ဂျင်၊ တကီးလာ၊ ကော့ညက်နဲ့ရမ်) ကို ရည်စူးဦးတည်တဲ့ ဘားတွေ ရှိကြပါတယ်။ ဒါပေမဲ့ ရွေးချယ်စရာ အတိုင်းအတာနဲ့ ပတ်သတ်လို့ ဝီစကီကိုမမီဘူး။ ဟောင်ကောင်အခြေစိုက် ဝိုင်နဲ့အရက်များ ပညာပေးဆရာ ရွန်တေလာ ပြောဆိုတာက ''ဘားတစ်ခုမှာ ဝီစကီအမျိုးအမည် လေးရာလောက် ထားရှိနိုင်တယ်။ ဗော့ဒကာအရက်ဆိုရင် အဲသလိုမထားရှိနိုင်ဘူး။ ထားနိုင်မယ်ဆိုရင်တောင် ငြီးငွေ့စရာဖြစ်သွားမှာပါ။ ဝီစကီမှာ ချီးကျူးခံရတဲ့ ဂုဏ်ရှိနေတယ်။

နောက်ပြီး နောက်ခံသမိုင်းကလည်း အပြည့်နဲ့။ အခြေခံကျကျပြောရရင် ထိပ်တန်းရမ်တွေနည်းတူ မုယောတစ်မျိုးတည်းသုံး ဝီစကီတွေဟာ သိမ်မွေ့နက်နဲဆုံး အရက်တွေဖြစ်ကြတယ်'' လို့ ဆိုပါတယ်။ ဒီပြောဆိုချက်ကို ကျွန်တော်တို့အားလုံး ထောက်ခံလေးစားသမှု ပြုကြရမှာပါ။

ခင်အောင် (အင်္ဂလိပ်စာ)