LEI JUN နှင့် ရှောင်မီစမတ်ဖုန်း

Lei Jun

ကမ္ဘာ့ပြည်သူဘီလီယံအတော်များများထံ စမတ်ဖုန်းနှင့်တကွ သက်ဆိုင်ရာပစ္စည်းကိရိယာများ ဖြန့်ဖြူးရောက်ရှိနေရာမှာ Lei Jun နှင့်သူတည်ထောင်သော Xiaomi (ရှောင်မီ) စမတ်ဖုန်းလုပ်ငန်းက ရောင်းချရေးပုံစံသစ်ဖြင့် ဖြန့်ဖြူးလျက်ရှိသည်။

ဆိုင်တင်ရောင်းချခြင်းနှင့် ဖျော်ဖြေရေးလုပ်ငန်းကို ရုတ်ရုတ်သဲသဲဖြစ်စေခြင်းအတွက် ကမ္ဘာ့ငွေရေးကြေးရေးအသိုင်းအဝိုင်း၌ ဟိုးလေးတကျော်စိတ်ဝင်စားနေကြသည်မှာ အင်တာနက်ကုမ္ပဏီများ၊ ဆော့ဖ်ဝဲ Apps များဖြစ်ကြသော်လည်း ထိုအံ့မခန်းဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးသည်မှာ ပစ္စည်းကိရိယာစမတ်ဖုန်းပင်ဖြစ်သည်။ သို့ဖြစ်ရာစမတ်ဖုန်းအား ရုတ်ခြည်းဆိုသလိုပင် အရှိန်သြဇာကြီးအနေအထားသို့ Lei Jun က တွန်းပို့ပေးခဲ့သည့်အတွက် ယင်းအား ၂၀၁၄ခုနှစ် စီးပွားရေးလုပ်ငန်းရှင်ကြီးအဖြစ် FORBES ASIA စာစောင်ကရွေးချယ်ခဲ့ပါသည်။

ဈေးကွက်သုတေသနလုပ်ငန်းကုမ္ပဏီ IDC ၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၅ ခုနှစ်ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းအရောင်း ၁ဒသမ ၅ ဘီလီယံ၏ ထက်ဝက်ကျော်ကျော်မှာ ဂျပန်မပါ အာရှ-ပစိဖိတ်ဒေသ၌ ရောင်းချလိမ့်မည်။ တရုတ်နိုင်ငံမှ (Xiaomi ) ရှောင်မီစမတ်ဖုန်းသည် ခုန်ပျံကျော်လွှားတိုးတက်သောအားဖြင့် ၂၀၁၄ ခုနှစ်တတိယသုံးလပတ်တွင် ကမ္ဘာလုံးဆိုင်ရာဈေးကွက်၌ Samsung နှင့် Apple တို့၏နောက်၊ နံပါတ်သုံးနေရာသို့ရောက်ရှိလာသည်။ ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် Xiaomi က Apple ထက်ပိုရောင်းရကာနံပါတ်တစ်နေရာ၌ရှိသည်။ စမတ်ဖုန်းနှင့်စပ်လျဉ်း၍ အထက်ပါကာလအတွင်း၌ပင် တရုတ်ပြိုင်ဘက်များဖြစ်ကြသော ကမ္ဘာ့နံပါတ်တစ် PC ထုတ်လုပ်သူ Lenovo ကိုလည်းကောင်း၊ Huawei Technologies ကိုလည်းကောင်း ကျော်တက်ခဲ့သည်။

Xiaomi အနေဖြင့် အနောက်ပေကျင်း၊ အဆင့်မြင့်နည်းပညာခရိုင်၊ တိုက် ၁၅ ထပ်အမြင့်တွင်အငှားရုံးခန်းများရှိသည်။ Mr Lei ၏ ရုံးခန်းမှလွန်သော် သားသားနားနားရုံးခန်းများမဟုတ်ဘဲ သုတေသနနှင့်ဖွံ့ဖြိုးရေးအင်ဂျင်နီယာများသည် အခန်းကန့်ကလေးများအတွင်း Hardware ပစ္စည်းတစ်ပုံတစ်ခေါင်းနှင့် ကျဉ်းကျဉ်းလုပ်ကိုင်နေကြသည်ကိုမြင်ရပေမည်။သူတို့ဖြစ်သလို ဝတ်ဆင်ထားပုံမှာ တက္ကသိုလ်တက်ဆဲကျောင်းသားများနှင့်တူနေသည်။

အသက် ၄၅ နှစ်ပြည့်ခါစ Lei Jun သည် အဓိကအားဖြင့် အလုပ်စွဲသူဖြစ်ပုံရပြီး ရက်သတ္တတစ်ပတ်လျှင် နာရီတစ်ရာအလုပ်လုပ်သည်ဟုဆိုသည်။ ဇနီးနှင့်ကလေးနှစ်ယောက်ရှိသည်။ FORBES မဂ္ဂဇင်း၏ ခန့်မှန်းတွက်ချက်မှုအရ Mr Lei သည် ဒေါ်လာ ၉ဒသမ ၉ ဘီလီယံဖြင့် တရုတ်နိုင်ငံတွင် အဋ္ဌမမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဆီလီကွန်တောင်ကြားအရပ်ကြောင့် စိတ်ကူးစိတ်သန်းရသည့်ပုံဖြင့် ဝူဟန်တက္ကသိုလ်၌ ကွန်ပျူတာသိပ္ပံအထူးပြုသင်ယူခဲ့သည့် Mr Lei ၏ နည်းပညာဆိုင်ရာစူးစိုက်ချက်မှာ ယခုတိုင်များစွာမပြောင်းလဲသေးပေ။ သူသည်ကျော်ကြားသည့် Alibaba အကြီးအကဲ Jack Ma ကဲ့သို့မဟုတ်ဘဲ နိုင်ငံခြားဘာသာစကားတစ်ခုကိုမျှ မပြောတတ်သည့်အပြင် တရုတ်နိုင်ငံပြင်ပသို့ ခရီးထွက်ခဲသည်။

Lei Jun ဟူသောအမည်နှင့် လတ်တလောစိတ်ဝင်စားခံနေရသည့် သူ့ကုမ္ပဏီတို့မှာ အနောက်တိုင်းသားအများစုအဖို့ ဝေခွဲမရဖြစ်နိုင်စရာရှိသော်လည်း တရုတ်နိုင်ငံ၌မူ သူသည်အထင်ကရဖြစ်နေခဲ့ကာ Xiaomi အကြောင်းကို ရှက်ရွံ့ခြင်းမရှိ၊ ဝင့်ကြွားပြောဆိုလေ့ရှိသည်။ ဂျပန်ကာတွန်းဇာတ်လမ်းက လေသံမြင့်မြင့်ပြောစကားကိုမှီးပြီး ''ကျွန်တော်တို့ရဲ့ခရီးဟာကြယ်ပင်လယ်ပဲ။ အဲဒါကကျွန်တော်တို့ရဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်တယ်။ ကျွန်တော်တို့စဉ်းစားကြံဆနေတာ သေးသေးမွှားမွှားအရာတွေမဟုတ်ဘူး'' ဟုပြောဆိုသည်။

တရုတ်နိုင်ငံတွင် Xiaomi ၏ စံနမူနာဖုန်းများသည် iPhone အသစ်ဈေးနှုန်း၏ ထက်ဝက်အောက်သာရှိသည်။ သို့သော် ယင်းတို့သည်နာမည်ကြီးအခြား Android OS သုံးဖုန်းအမှတ်တံဆိပ်များနှင့် ယှဉ်ပြိုင်နိုင်အားရှိသည်။

[caption id="attachment_20808" align="alignnone" width="720"]Lei Jun ၏ ကံကြမ္မာချားရဟတ်Lei Jun ၏ ကံကြမ္မာချားရဟတ်[/caption]

ဈေးကွက်သုတေသနပြုလုပ်သည့်ဌာန Kantar အဆိုအရ Lei Jun သည် ပျမ်းမျှစမတ်ဖုန်းတန်ဖိုးငွေများကို အခြားထုတ်လုပ်သူများထက် ပို၍ကျဆင်းစေလျက်ရှိသည် (ဇယားရှု)။ ဝက်ဘ်ဖြန့်ဖြူးရောင်းချမှုပုံစံကို အသုံးချခြင်းဖြင့် ထိုသို့ဖြစ်ပေါ်စေသည်။ အွန်လိုင်းသက်သက်တွင်သာရောင်းချကာ လက်လီအရောင်းနှင့် ကြားလူဆိုင်ရာအစွန်းထွက်အမြတ်တို့ကို ဖြတ်တောက်လိုက်ခြင်းအားဖြင့် မိုဘိုင်းဖုန်းတစ်လုံးဈေးနှုန်းအား အနည်းဆုံး ၁၀ ရာခိုင်နှုန်းကျဆင်းစေခြင်းဖြစ်တော့သည်။ Mr Lei က သူ၏သစ္စာရှိဖောက်သည်များအား လုပ်ငန်းမြှင့်တင်ရေးလှုံ့ဆော်ရာ၌ Steve Jobs ကို အမှတ်ရစေသည်။ သူက ''ကျွန်တော့်ပန်းတိုင်က Xiaomi ကို တရုတ်နိုင်ငံရဲ့အမျိုးသားကုန်အမှတ်တံဆိပ်အဖြစ်ပြောင်းလဲစေဖို့ပါ။ ပြီးရင် တရုတ်စက်မှုလုပ်ငန်းတစ်ရပ်လုံးအပေါ် သြဇာလွှမ်းမိုးမှုရယူပြီး ကမ္ဘာသားတိုင်းအကျိုးရှိစေရေးပါပဲ'' ဟု FORBES ASIA အား ပြောဆိုသည်။

Xiaomi  ထုတ်ကုန်များကို သုံးစွဲသူများထံမှ အကြံဉာဏ်များတောင်းခံ၍ တိုးတက်ကောင်းမွန်စေကာ လျပ်တစ်ပြက်အရောင်း Flash Sales နည်းဖြင့် လူမှုမီဒီယာတွင် မြှင့်တင်ခဲ့သောကြောင့်၂၀၁၃ ခုနှစ်တွင် စက္ကန့် ၉၀ အတွင်း ဖုန်းအလုံးရေတစ်သိန်း ရောင်းချနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် Alibaba.com ၏ တစ်ကိုယ်တည်းသမားများနေ့ (Singles Day) မြှင့်တင်ရေးကာလတွင် ကမ္ဘာ့စံချိန်အဖြစ်၂၄ နာရီအတွင်း ဖုန်းတစ်သန်းကျော်ရောင်းချနိုင်ခဲ့သည်။ Xiaomi ကအရောင်းဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းထားသော ဒေသကြီးဈေးကွက်တို့မှာ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ အိန္ဒိယ၊မလေးရှား၊ စင်ကာပူနှင့်ထိုင်ဝမ် ဖြစ်ကြပြီး အခြားဒေသများလည်းတိုးလာဖို့ရှိသေးသည်ဟုဆိုသည်။

ဤရည်မှန်းချက်များ သေချာပေါက်မြောက်စေရေးအတွက် ၂၀၁၃ ခုနှစ်တွင် Lei Jun က Google ဒုဥက္ကဋ္ဌဟောင်း Hugo Barra ကို ငှားရမ်းခန့်ထားသည်။ ယင်းသည် တရုတ်ပြည်အပြင်ဘက် ဈေးကွက်အားလုံးကိုကြီးကြပ်ရမည်ဖြစ်သည်။ သို့သော်အထွတ်အထိပ်၌ Mr Lei ရှိနေခြင်းကို သံသယဖြစ်ဖွယ်မရှိ။ ကုမ္ပဏီ၏အင်္ဂလိပ်ဘာသာဝက်ဘ်ဆိုက်၌ သူတစ်ဦးတည်းကိုသာ တည်ထောင်သူအဖြစ်ဖော်ပြထားပြီး အခြားခုနစ်ဦး (Google အမှုဆောင်အရာရှိဟောင်းဥက္ကဋ္ဌ Bin Lin အပါအဝင်) တို့မှာ''ပူးတွဲတည်ထောင်သူများ'' ဖြစ်ကြသည်။

ဘားတန်းများကို  ရွှေ့ပြောင်းပေးနေ

တရုတ်နိုင်ငံမြို့ပြဒေသများ၌ လွန်ခဲ့သောနှစ်နှစ်အတွင်း w-4G စမတ်ဖုန်းတို့၏ ပျမ်းမျှတန်ဖိုးငွေသိသိသာသာကျဆင်းခဲ့ရာ ယင်းသို့ဖြစ်စေရန် Xiaomi က အဓိကတွန်းအားပေးခဲ့သည်။ (တစ်ယွမ်=အမေရိကန် ဒေါ်လာ ဝ.၁၆)

AverageCost

လူလတ်ပိုင်းအရွယ်ကျမှ နည်းပညာရှင်အထင်ကရတစ်ဦးဖြစ်လာသူ Lei Jun သည် ၁၉၉၂ ခုနှစ်က ဆော့ဖ်ဝဲထုတ်လုပ်သူ Kingsoft ကုမ္ပဏီသို့ဝင်ရောက်ခဲ့ပြီး နောက်ခြောက်နှစ်ကြာသော် စီအီးအိုဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ်၌ ယင်းလုပ်ငန်းကို စွန့်ခွာခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုတော့ပြုလုပ်ထားသည်။ သူသည် ၂၀၁၁ ခုနှစ်တွင် ကုမ္ပဏီဥက္ကဋ္ဌအဖြစ် ပြန်ရောက်ပြီး စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အားပေးမြှင့်တင်မှုများဆောင်ရွက်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်အရောက်တွင် Mr Lei က အလျင်အမြန်ကြီးထွားတိုးတက်နေသော မိုဘိုင်းဖုန်းလုပ်ငန်းကို ပစ်မှတ်ထားမည့် စီးပွားရေးလုပ်ငန်းတစ်ရပ်တည်ထောင်ရန် ကြံဆအားထုတ်နေခဲ့သည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် အနောက်တိုင်း စီးပွားရေးလုပ်ငန်းများက ပြင်ပပုဂ္ဂိုလ်များကို အားထားခဲ့ရာ Bin Lin လည်းအပါအဝင်ဖြစ်သည်။ ''သင်သိရှိတဲ့လူတွေနဲ့ ပါတနာလုပ်သင့်တယ်'' ဟု Mr Lei ကဝန်ခံသော်လည်း သူချဉ်းကပ်ပုံမှာ ''အတော်ဆုံးလူတွေကိုရှာပါ'' ဖြစ်ကြောင်း တွေ့ရှိရသည်။ ဟောင်ကောင်က ဘီလီယံနာ Chan မိသားစုသည် Mr Lei ၏ လုပ်ငန်းများတွင် နှစ်ပေါင်းအတော်ကြာကတည်းက မှန်မှန်ရင်းနှီးမြှုပ်နှံနေခဲ့ကြသည်။ တရုတ်ပြည်မကြီးက အရဲစွန့်စီးပွားရေးလုပ်ငန်းကုမ္ပဏီများဖြစ်ကြသည့် Qiming နှင့် Ceyuan  တို့မှာလည်း အလားတူပင်ဖြစ်သည်။

၂၀၁၃ ခုနှစ်၌ Xiaomi ၏ ပုဂ္ဂလိကတန်ဖိုးဖြတ်ခြင်းမှာ ဒေါ်လာဆယ်ဘီလီယံသို့ရောက်ရှိခဲ့ပြီးနောက် နောက်ထပ်တန်ဖိုးဖြတ်ပစ်မှတ်ကို အကြီးအကျယ်မြှင့်တင်ထားသည်။၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်မှာ လုပ်ငန်းဆိုင်ရာ ကွန်ဖရင့်တစ်ခု၌ Lei Jun က ရည်မှန်းချက်ပန်းတိုင်အဖြစ် လာမည့်ငါးနှစ်မှဆယ်နှစ်အတွင်း ကမ္ဘာ့စမတ်ဖုန်းများကို ဦးဆောင်သွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ သို့သော် လာမည့်ငါးနှစ်အတွင်း Xiaomi စတော့များကို အများပြည်သူအားရောင်းချရန် မကြံရွယ်ဟုဆိုကာ''အရေးကြီးဆုံးအချက်မှာ အာရုံစူးစိုက်ပြီးရင်း စူးစိုက်နေဖို့ပဲ'' ဟု ပြောဆိုခဲ့သည်။

[caption id="attachment_20810" align="alignnone" width="423"]Xiaomi ကထုတ်လုပ်သော Mi TVXiaomi ကထုတ်လုပ်သော Mi TV[/caption]

Mr Lei ၏ စိတ်ကူးတွင်ဖုန်းများရောင်းချရန်သာ မဟုတ်သေးပါ။ Xiaomi က ယင်း၏ Mi TV အလုံးရေ ၃၇,၀၀၀ ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၌ ရောင်းချနိုင်ခဲ့သည်။ ယင်းမှာ အင်တာနက်အိမ် (Internet home) အတွက် နက်ဝပ်ခ်ပြုကိရိယာများ၊ အသုံးအဆောင်များနှင့် စပ်လျဉ်း၍ ဘက်စုံအားထုတ်ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ အခြားအသုံး အဆောင်ပစ္စည်းသစ်များလည်း ပေါ်ပေါက်ဦးမည်။

[caption id="attachment_20813" align="alignnone" width="720"]ပေကျင်းမြို့ရှိ Xiaomi ရုံးချုပ်ပေကျင်းမြို့ရှိ Xiaomi ရုံးချုပ်[/caption]

သို့သော် ၂၀၁၄ ခုနှစ်နှစ်ဦးပိုင်းတွင် Google က အိမ်သုံးပစ္စည်းအသုံးအဆောင်ပေးသွင်းသူ Nest Labs ကို ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းကို Mr Lei ကထောက်ပြသည်။ ''အရေးကြီးသည့်အချက်မှာ အသုံးအဆောင်ပစ္စည်းများ ကို Xiaomi ထုတ်လုပ်မည်မဟုတ်'' ဟု သူပြောဆိုသည်။ ကုမ္ပဏီသစ်များ၊ အချို့သော ကုမ္ပဏီကြီးများကထုတ်လုပ်ကြလိမ့်မည်ဟု ဆိုသည်။ အဆိုပါအသုံးအဆောင်ပစ္စည်းများကို ယခုအချိန်ထိ ၂၃ ခုမျှရှိသော တွဲဖက်ဟဒ်ဝဲကုမ္ပဏီတို့အား Xiaomi ၏ မိခင်ဝက်ဘ်ဆိုက်၌ ရောင်းချနိုင်အောင်ခွင့်ပြုလိမ့်မည်။ ဤပုံစံမော်ဒယ်ကို ကမ္ဘာနှင့်ချီ၍ ပွားများချဲ့ထွင်သွားရန် Xiaomi က မျှော်လင့်ထားပေသည်။ (ယင်း၏ပင်ကိုအမှတ်တံဆိပ်ဖုန်းများကို တစ်စိတ်တစ်ပိုင်းအားဖြင့် ထိုင်ဝမ်ရှိ Hon Hai Precision  ကုမ္ပဏီကထုတ်လုပ်ပေးနေသည်။)

မကြာသေးမီက Xiaomi နှင့် တွဲဖက်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Shunwei တို့ကတရုတ်နိုင်ငံက Internet Search ကုမ္ပဏီကြီး Baidu ၏ လက်အောက်ခံဖြစ်သော ဗီဒီယိုဆိုက် iQiyi တွင် ရှယ်ယာဒေါ်လာသန်းသုံးရာ ရင်းနှီးမြှုပ်နှံခဲ့ကြရာ မိုဘိုင်းဖျော်ဖြေရေးလုပ်ငန်းအတွက် လမ်းပွင့်သွားသည်။ Xiaomi ထံတွင်ဖျော်ဖြေရေးလုပ်ငန်းဆိုင်ရာ ဘတ်ဂျက်ဒေါ်လာတစ်ဘီလီယံ ရှိနေပြီး လူကြိုက်အများဆုံးသတင်းဆိုက်အယ်ဒီတာချုပ် Chen Tong ကို ခေါ်ယူငှားရမ်းလုပ်ကိုင်စေမည်ဖြစ်သည်။ တစ်နည်းအားဖြင့် Content ပိုင်းကို ပိုမိုလက်လှမ်းမီရေးဖြစ်သည်။ ထို့ပြင် ဈေးနှုန်းပြိုင်ဆိုင်မှုကြောင့် စမတ်ဖုန်းများဆိုင်ရာ အစွန်းထွက်အမြတ်များ အခက်အခဲဆက်လက်ရှိမည်ဖြစ်၍ အမြတ်အစွန်းရေရှည်တည်မြဲစေရန် လုပ်ငန်းကစားခြင်းလည်း ဖြစ်သည်။

[caption id="attachment_20811" align="alignnone" width="720"]Apple Co-Founder Steve Wozniak နှင့်အတူ Tech Talk ပွဲ၌တွေ့ရစဉ်Apple Co-Founder Steve Wozniak နှင့်အတူ Tech Talk ပွဲ၌တွေ့ရစဉ်[/caption]

ရှန်ဟဲမြို့ Qiming Ven-tures ကုမ္ပဏီမှ Gary Rieschel က ''နည်းပညာကမ္ဘာမှာ Apple နှင့် Apple Stores တို့ကသာ ဒီလို စကေးကိုက်ဆောင်ရွက်နိုင်ကြတာ။ Xiaomi အနေနဲ့ရောင်းချရာမှာ ရုပ်ပိုင်းအခြေခံအဆောက်အအုံတောင် မလိုအပ်ဘူး'' ဟုပြောဆိုသည်။ အချက်အချာတရုတ်ဈေးကွက်၌ ဆောင်ရွက်စရာအမြောက်အမြားရှိနေသောကြောင့် Mr Lei  အနေဖြင့် နောင်အနည်းဆုံးသုံးနှစ်အထိ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ရန်အစီအစဉ်မရှိကြောင်းပြောဆိုသည်မှာ မထူးဆန်းလှပေ။

Xiaomi ၏ စီးပွားရေးလုပ်ငန်းမော်ဒယ်အတွက် အမေရိကန်နိုင်ငံက WalMart က လက်လီအရောင်းတန်ဖိုးများ ကျဆင်းစေခဲ့မှုနှင့် Costco ကုမ္ပဏီက မော်ဒယ်တို့ကို Mr Lei လေ့လာစိတ်ကူးရမှုလည်းပါသည်ဟု ယင်းကပြောဆိုသည်။ သူ ရည်ညွှန်းပြုသည့် အခြားလုပ်ငန်းများမှာ နှစ်သုံးရာသမိုင်းနောက်ခံရှိ တရုတ်ဆေးဝါးလိုင်း Tong Ren Tang နှင့် ပြည်မရှိ  HaiDiLao ခေါ် ဟော့ပေါ့စားဖွယ်ဆိုင်စုလုပ်ငန်းတို့ဖြစ်ကြသည်။ HaiDiLao ဆိုင်များသည် မျှော်လင့်သည်ထက်သာလွန်ကာ ကောင်းမွန်သောဝန်ဆောင်မှု၊ အထူးအဆန်း ဖန်တီးပေးခြင်းများလည်း ခံစားရတတ်သည်။

[caption id="attachment_20812" align="alignnone" width="720"]Xiaomi စမတ်ဖုန်းXiaomi စမတ်ဖုန်း[/caption]

Xiaomi အဖို့ အမေရိကန်နိုင်ငံ၏ စိန်ခေါ်ချက် အလှမ်းဝေးနေသေးသော်လည်း သိသာပေါ်ထွန်းစဈေးကွက်နိုင်ငံများက ဖိတ်ခေါ်နေသကဲ့သို့ရှိသည်။ အပြည်ပြည်ဆိုင်ရာအကြီးအကဲ Mr Barro ကပထမဆုံးငှားရမ်းခန့်ထားသူ ဟောင်ကောင်ဖွား၊ စတင်းဖို့ဒ်တက္ကသိုလ်ဘွဲ့ရ Alvin Tse က အရောင်းပစ်မှတ်ထားမည့်ဒေသများတွင် အိန္ဒိယလည်းပါဝင်ဖွယ်ရှိသည်။ Xiaomi ၏ အွန်လိုင်းနှင့် ပြင်ပအလုပ်အပ်မော်ဒယ်များသည် လူဦးရေများပြားလှသော အိန္ဒိယ၌တရုတ်ပြည်မှာကဲ့သို့ပင် အောင်မြင်မည်ဟု အကောင်းမြင်ကြောင်း Mr Lei ကပြောဆိုသည်။

ကမ္ဘာလုံးဆိုင်ရာကြော်ငြာကုမ္ပဏီကြီး  JWT ၏ အာရှ-ပစိဖိတ်ဆိုင်ရာ စီအီးအို Tom Doctoroff  က အဆုံးတစ်နေ့တွင် Xiaomi သည် ဖောက်သည်များနှင့်ဆက်စပ်နေအောင် အွန်လိုင်းနှောင်ကြိုးများထက် ပိုမိုပေးအပ်ရလိမ့်မည်ဟု ပြောဆို သည်။ Xiaomi သည် အောက်မှအပေါ်သို့ရောင်းဝယ်ခြင်းအနှစ်သာရကို ဖော်ဆောင်ရာ၌ချဉ်းကပ်ပုံမှာ လှုံ့ဆော်ဟောပြော သည့် နည်းပရိယာယ်တစ်တို့ခန့်နှင့် တရုတ်စကေးတို့က လူမှုရေးမီဒီယာနှင့်ပေါင်းဆုံမိသွားခြင်းပါပဲ။ ထိုအောင်မြင်မှု တာရှည်ခံမည်လားဆိုတာက သီးခြားကိစ္စတစ်ရပ်ဖြစ်ပါတယ်ဟု Mr Tom ကဆက်လက်ပြောဆိုခဲ့သည်။

ခင်အောင်(အင်္ဂလိပ်စာ)

Ref: Forbes Asia