Lean Manufacturing သဘောတရား၏ မူလအစမှာ ဂျပန်ကဟု ဆိုနိုင်ပါသည်။ ဖြုန်းတီးမှုမရှိရန် ဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်သည်။ ဂျပန်ကား ထုတ်လုပ်မှုတွင် ၁၉၃၀-၄၀ ပြည့်နှစ်များက ကျင့်သုံးခဲ့သော်လည်း Henry Ford က လက်တွေ့စခဲ့သည်မှာ ပို၍စောသည်ဟု ဆိုနိုင်သည်။
Toyota ကား ကုမ္ပဏီက ဂျပန်အင်ဂျင်နီယာများက US သို့သွားရောက်ပြီး Ford ကားကုမ္ပဏီ၏ စဉ်ဆက်မပြတ် စီးဆင်းမှုထုတ်လုပ်နည်းကိုယူ၍ လိုအပ်သလိုတီထွင် ဖြည့်စွက်ပြီးနောက်တွင် အများသိလာသော Toyota Production System ကို ဖန်တီးနိုင်ခဲ့သည်။
Detroit မြို့ ကားစက်ရုံ၏ အင်မတန်ကြီးမားသော စက်ကြီးများနေရာတွင် ဂျပန်အင်ဂျင်နီယာတို့က လိုသည့် အရွယ်ငယ်များဖြင့် အစားထိုးသည်။ အလျင်အမြန်တပ်ဆင်သော Single-Minute Exchange of Dies (SMED) စနစ်ဖြင့် Parts များကို လိုသလောက်ကိုသာထုတ်၍ အပိုမထားသော Just in time (JIT) စနစ်ကို သုံးသည်။ အခြေခံမူများမှာ ကုန်ကျစရိတ်နည်းခြင်း၊ အရည်အသွေး ကောင်းမွန်ခြင်း၊ ပုံစံအမျိုးမျိုးထုတ်နိုင်ခြင်း၊ လျင်မြန်စွာ ထုတ်လုပ်ပြီးစီးခြင်းတို့ဖြစ်၍ ဝယ်သူများအလိုကို ဖြည့်ဆည်းနိုင်သည်။ Lean Manufacturing ကြောင့် အချိန်ကြန့်ကြာမှု၊ ငွေကုန်ကျမှုနှင့် ထည့်သွင်းရသည့်အင်အား ဖြုန်းတီးအလဟဿဖြစ်မှုတို့ကို အထူးအလေးထားလာသည်။Lean Manufacturing ၏ အခြေခံမူငါးချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ Specify value - အလေးထားတန်ဖိုး
ကုန်ထုတ်လုပ်ရာတွင် အလေးထားရမည့်တန်ဖိုးမှာ မိမိ ဝယ်သူလိုအပ်မှု ဖြစ်ရမည်။
၂။ Identify the value stream - တန်ဖိုးစီးဆင်းမှုကို သိရှိရမည်။
ကုန်ပစ္စည်းတွင်ပါဝင်သည့် တန်ဖိုးများ မည်သို့မည်ပုံ မည်သည့်အလုပ်က အဓိကဖြစ်သည်ကို သိရမည်။
၃။ Flow - စီးဆင်းမှု
ပထမအဆင့်နှစ်ဆင့်ကို သိရှိပြီးမှသာ ရပ်ဆိုင်းမှုမရှိသော ကုန်ထုတ်လုပ်မှုဖြစ်စဉ်ဒီဇိုင်းကို ရေးဆွဲရမည်။
၄။ Customer Pull - ဝယ်သူ့ဆွဲအား
ဝယ်သူများလိုလားမှုဆွဲအားကို ဖြည့်ဆည်းခြင်းဖြစ်ရမည်။ ဝယ်သူမလိုလားသောပစ္စည်းကို တွန်းအားဖြင့် ရောင်းချခြင်း မဖြစ်ရ။
၅။ Pursue Perfection - အပြစ်လုံးဝမရှိအောင် အား ထုတ်ကြိုးစားပါ။
လုပ်အား၊ အချိန်၊ နေရာ၊ စရိတ်၊ အမှား စသည်တို့ အနည်းဆုံးဖြစ်ပြီး ဝယ်သူစိတ်ကြိုက် အနီးစပ်ဆုံးဖြစ် အောင် ကြိုးစားထုတ်လုပ်ရရှိသောထုတ်ကုန်မှာ အပြစ်ကင်းစင်သောပစ္စည်းဖြစ်သည်။ အပြစ်ကင်းစင်ရန်မှာ မဖြစ်နိုင်သောကိစ္စ မဟုတ်တော့ပေ။
မြန်မာပြည်၌ပင် နိုင်ငံခြားအတွေ့အကြုံဖြင့် Lean Manufacturing Consultant ပညာရှင်ရှိနေကြောင်း သိခဲ့ တွေ့ခဲ့ရသည်။ လိုအပ်သလိုဆက်သွယ်နိုင်သည့်အခွင့်အရေး ရှိနေပြီဖြစ်သည်။