မန်နေဂျာတွေ၊ ခေါင်းဆောင်တွေအနေနဲ့ ထိရောက်တဲ့ခေါင်းဆောင်မှုတွေ လုပ်ဆောင်နိုင်ဖို့ အောက်ပါစွမ်းရည်တွေကို ပျိုးထောင်ဖို့လိုအပ်ပါတယ်။
၁။ လူမှုရေးစွမ်းရည်
----------------------
လူမှုရေးစွမ်းရည်ဆိုတာ အနက်အဓိပ္ပာယ်အရ ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ ဒါကို လူမှုရေးအခြေအနေတွေနဲ့ ဖြစ်ပေါ်နိုင်တဲ့ပုံစံတွေကို နားလည်သဘောပေါက်ခြင်းနဲ့ လူမှုအခြေအနေအမျိုးမျိုးမှာ ကောင်းကောင်းဖြေရှင်းနိုင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။ လူမှုအခြေအနေတွေပေါ်မှာ ကိုင်တွယ်နိုင်ခြင်းနဲ့ ကဏ္ဍအသီးသီးကို နားလည်ခြင်းစတဲ့ လူမှုရေးလုပ်ဆောင်ချက်တွေပါဝင်တဲ့ အစုအဝေးလို့ ပြောလို့ရပါတယ်။
လူမှုစွမ်းရည်တိုးတက်စေဖို့ လူအမျိုးမျိုး၊ လူမှုရေးအခြေအနေအမျိုးမျိုးနဲ့ သိအောင်လုပ်ပါ။ လူမှုရေးစွမ်းရည်တွေ နားလည်ခြင်းနဲ့ စကားစမြည်ပြောတဲ့အခါ အခြားသူတွေနဲ့ ဆက်ဆံမှုစွမ်းရည်တွေကို နားလည်အောင်လုပ်ပါ။
၂။ ဆက်ဆံရေးစွမ်းရည်
--------------------------
လူမှုရေးစွမ်းရည် တိုးတက်မှုဆိုင်ရာ ဆက်ဆံရေးအရေးပေးတဲ့ ရှုထောင့်တွေနဲ့ သက်ဆိုင်ပါတယ်။ ဒါကို ခေါင်းဆောင်တွေမှာရှိသင့်တဲ့ Soft Skill အနေနဲ့ သတ်မှတ်ကြပါတယ်။
ဆက်ဆံရေးစွမ်းရည်တိုးတက်ဖို့ တက်တက် ကြွကြွ နားထောင်သူဖြစ်ပါ၊ စကားပြောစွမ်းရည် တိုးတက်အောင်လုပ်ပါ၊ မိတ်ဆွေ၊ ဆွေမျိုးနဲ့ ကိုယ့်အိမ်ထောင်ဖက်တွေနဲ့ကြားမှာ ဆက်ဆံမှုစွမ်းရည် တိုးတက်အောင် လုပ်ပါ။ ဒီစွမ်းရည်တွေက လုပ်ငန်းခွင်ဆက်ဆံရေးမှာလည်း အကျိုးသက်ရောက်မှု ရှိစေမှာဖြစ်ပါတယ်။
၃။ စိတ်ခံစားမှုစွမ်းရည်
-------------------------
စိတ်ခံစားမှုစွမ်းရည်ဆိုတာ စိတ်ခံစားချက်နဲ့ ပြောဆိုဆက်ဆံ၊ စိတ်ခံစားချက်တွေနဲ့ စိတ်ခံစားချက်ဆိုင်ရာ အခြေအနေတွေကိုနားလည်ပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စိတ်ခံစားချက်တွေကို သိတဲ့စွမ်းရည်ဖြစ်ပါတယ်။ ဒီစွမ်းရည်တွေက ခေါင်းဆောင်မှုစွမ်းအားနဲ့ ဆက်စပ်နေပါတယ်။ စိတ်ခံစားမှုစွမ်းရည်ကို တိုးတက်စေဖို့ တခြားသူတွေရဲ့ အပြုအမူတွေ၊ အဓိကအားဖြင့် ခံစားမှုနဲ့ဆိုင်တဲ့ အပြုအမူတွေက ဘာကိုရည်ညွှန်းချင်တယ်ဆိုတာကို ဖတ်နိုင်အောင်လေ့ကျင့်ပါ။ ကိုယ့်ရဲ့ခံစားမှုတွေနဲ့ ခံစားမှုအပေါ် တုံ့ပြန်မှုတွေကို ထိန်းချုပ်နိုင်အောင်၊ ပုံမှန်ဖြစ်အောင်သင် ယူပါ။ စိတ်ခံစားချက်တွေကို သင့်တော်သလို ဖော်ပြနိုင်အောင် သင်ယူပါ။
၄။ ပါးနပ်မှု
-----------
ပါးနပ်မှု၊ တစ်နည်းအားဖြင့် ပညာရှိမှုက တခြားသူတွေရဲ့ အမြင်တွေကို မြင်နိုင်ခြင်းနဲ့ တခြားသူတွေရဲ့ ရှုမြင်ပုံတွေကို လက်ခံစဉ်းစားပေးခြင်းတွေကနေ ဖြစ်လာတာပါ။
ပါးနပ်မှုရှိလာဖို့ တခြားသူတွေကို နားထောင်ပါ။ ပိုပြီးပွင့်ပွင့်လင်းလင်းနဲ့ သဘောထားကြီးကြီးထားနိုင်အောင် လုပ်ပါ။ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တောင်းခံပြီး ကိုယ်တစ်စုံတစ်ရာကိစ္စတစ်ခု လုပ်ဆောင်တဲ့အခါ အဲဒါတွေကို ထည့်သွင်းစဉ်းစားတတ်ဖို့ သင်ယူပါ။
၅။ သတ္တိ
---------
သတ္တိလို့ဆိုတဲ့နေရာမှာ ကိုယ်ကြိုတွက်ထားတဲ့ စွန့်စားမှုယူရမယ့်အပေါ် သတ္တိရှိခြင်း၊ ကိုယ့်ရဲ့ယုံကြည်ရာအတွက် ရပ်တည်နိုင်ပြီး အမှန်တရားကို လုပ်ဆောင်နိုင်တဲ့သတ္တိရှိဖို့ပဲ ဖြစ်ပါတယ်။
သတ္တိရှိလာစေဖို့ အားထုတ်မှုလိုတယ်ဆိုပေမယ့် ဒါက ကိုယ်ပိုင်တန်ဖိုးထားတဲ့အရာတွေကို မွေးမြူပြီး ထိန်းသိမ်းတဲ့အပေါ်မှာ အခြေခံပါတယ်။ ကိုယ်က တစ်စုံတစ်ရာ၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို တန်ဖိုးထားတယ်ဆိုရင် အဲဒီမူတွေ၊ အဲဒီလူတွေရဲ့ ဘေးမှာ ရပ်တည်ဖို့အတွက် သတ္တိနေမှာပါ။
၆။ ဝိရောဓိ စီမံခန့်ခွဲမှု
-----------------------
ဒါက လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ အချင်းချင်းဆက်ဆံရေး အဖုအထစ်တွေကို ကျော်လွှား၊ အဖြေရှာနိုင်တဲ့ ဆက်ဆံရေးစွမ်းရည်ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့ဝင်တွေ မပြေလည်မှုတွေရှိကြတဲ့အခါ ခေါင်းဆောင်တွေကပဲ ကြားနေပြီး ဖြန်ဖြေပေးရတယ်ဆိုပေမဲ့ ဒီနေရာမှာ ခေါင်းဆောင်တွေကလည်း ကိုယ်တိုင်ကြုံတွေရတဲ့ ဝိရောဓိအခြေအနေတွေကို ရှောင်ရှားဖို့၊ သို့မဟုတ် ရင်ဆိုင်ဖို့ စွမ်းရည်တွေရှိခြင်းပဲဖြစ်ပါတယ်။
ဝိရောဓိကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေရှိဖို့ နည်းဗျူဟာတွေကို သင်ယူနားလည်နိုင်တဲ့ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေရှိပါတယ်။ ဝိရောဓိ စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ အကြောင်းတစ်ချက်ကတော့ မပြေ လည်တဲ့ အဖွဲ့တွေကို နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေဖို့ ပူးပေါင်းဆောင်ရွက်လာအောင်၊ ဒါမှမဟုတ် တစ်ဖွဲ့က အလျှော့အတင်းပြုလုပ်ပြီး တစ်စုံတစ်ရာကို စွန့်လွှတ်ပြီး ညှိနှိုင်းလာအောင်ကူညီတာပဲဖြစ်ပါတယ်။
၇။ ဆုံးဖြတ်ချက်ချမှတ်ခြင်း
------------------------------
ခေါင်းဆောင်တွေရဲ့ အဓိကစွမ်းရည်တစ်ခုက ဆုံးဖြတ်ချက်ကောင်းပြုလုပ်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ကို ဦးဆောင်နိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချဖို့ ပိုကောင်းတဲ့၊ ဒါမှမဟုတ် ပိုဆိုးရွားတဲ့ နည်းလမ်းတွေရှိပါတယ်။ ခေါင်းဆောင်ကောင်းတစ်ဦးက ဘယ်အချိန်မှာ ဆုံးဖြတ်ချက်ချဖို့၊ ဘယ်အချိန်မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနှိုင်းပြီး ဆုံးဖြတ်ချက်ချတဲ့အခါ ထည့်တွက်ဖို့နဲ့ ဘယ်အချိန်မှာ ကိုယ်က နောက်တစ်လှမ်းဆုတ်ပြီး တခြားသူတွေကို ဆုံးဖြတ်ခွင့်ပေးဖို့တွေကို နားလည်ပါတယ်။
ဆုံးဖြတ်ချက်ချမှတ်တဲ့ စွမ်းရည်တွေကို ရှိလာဖို့ ဆုံးဖြတ်ချက်တွေ မှားသွားတဲ့အခါမှာ လေ့လာမှုနဲ့ အတွေ့အကြုံက ဒီစွမ်းရည်တွေကို သွေးဖို့ အကောင်းဆုံးနည်းပါ။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေနဲ့စာရင် ကျွန်တော်တို့ရဲ့ အမှားတွေဆီက ပိုပြီးသင်ခန်းစာရရှိပါတယ်။
၈။ နိုင်ငံရေးစွမ်းရည်
----------------------
အုပ်စုတွေ၊ အဖွဲ့တွေတိုင်းမှာ နိုင်ငံရေးစကားနဲ့ ပြောမယ်ဆိုရင် သွေးဆောင်ဖျောင်းဖျတာတွေ၊ တွန်းအားပေးတွေ ရှိပါတယ်။ လူတွေက အရှေ့ရောက်ဖို့အတွက် စည်းမျဉ်းတွေ ချိုးဖောက်ဖို့၊ မဟာမိတ်တွေဖွဲ့ဖို့နဲ့ သူတို့ရဲ့အစီအစဉ်အတိုင်းဖြစ်အောင်တိုက်တွန်းဖို့ ကြိုးစားကြမှာပါ။ ထိရောက်တဲ့ ခေါင်းဆောင်တွေက နိုင်ငံရေးကို ကောင်းကောင်းကစားတတ်သူလည်းဖြစ်ပါတယ်။ သူတို့က ကစားပွဲကို ဘယ်လိုကစားရမလဲသိပြီး အုပ်စု၊ အဖွဲ့အစည်းကြား ပြဿနာမဖြစ်အောင် စီမံနိုင်ကြပါတယ်။
နိုင်ငံရေးစွမ်းရည်တွေရှိဖို့ကလည်း အတွေ့အကြုံတွေနဲ့ လူတွေ၊ လူမှုရေးအပြုအမူတွေအကြောင်း သင်ယူခြင်းကတစ်ဆင့် လေ့လာနိုင်ပါတယ်။
၉။ လွှမ်းမိုးမှုစွမ်းရည်
-----------------------
ခေါင်းဆောင်မှုဆိုတာက တခြားသူတွေကို လွှမ်းမိုးတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းတစ်ယောက်က လူမှုရေးလွှမ်းမိုးမှုတွေရှိဖြစ်ပြီး အာဏာကို အကျိုးသက်ရောက်မှုရှိရှိနဲ့ မျှမျှတတ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဆက်ဆံရေးစွမ်းရည်တွေတစ်ဆင့် ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ ပိုပြီးလွှမ်းမိုးနိုင်စေမှာဖြစ်ပါတယ်။ လွှမ်းမိုးမှုစွမ်းရည်တိုးတက်ဖို့ စကားရည်လုပွဲလို တစ်ဖက်နဲ့တစ်ဖက် အနိုင်ရအောင်ပြောနိုင်အောင် လေ့ကျင့်ခြင်းက ကျိုးကြောင်းဆီလျော်မှုရှိရှိနဲ့ အတွေးကောင်းတဲ့ တုံ့ပြန်ပြောဆိုချက်တွေဖြစ်လာစေမှာပါ။ တခြားသူရဲ့ ရှုထောင့်ကနေ သိမြင်ရခြင်းက ညှိနှိုင်းဆွေးနွေးမှုကနေ သူတို့လိုချင်တာကို နားလည်စေပြီးတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အခြေအနေကို ဦးစားပေးနိုင်စေမှာ ဖြစ်ပါတယ်။
၁၀။ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်မှု
-------------------------
ဒီနေ့ကမ္ဘာမှာ အလုပ်နဲ့ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးအကြောင်း ဗဟုသုတရှိဖို့က အရင်တုန်းကလောက် သိပ်အရေးမကြီးတော့ပါ။ နည်းပညာမြင့်တဲ့၊ သို့မဟုတ် တီထွင်မှုနဲ့ဆိုင်တဲ့ကုမ္ပဏီတွေမှာဆိုရင် ခေါင်းဆောင်တွေထက် အဖွဲ့ဝင်တွေက ပိုပြီးဗဟုသုတရှိပြီး ကျွမ်းကျင်ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်တွေအနေနဲ့က ကိုယ်ဦးဆောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းမှာ ကျွမ်းကျင်မှုရှိဖိုYတော့ အရေးကြီးပါတယ်။
နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်ဖို့ကလည်း ကိုယ့်ဘဝတစ်လျှောက်လုံးသင်ယူနေရမယ့်အရာပါ။ ထိရောက်တဲ့ ခေါင်းဆောင်တွေက ကျွမ်းကျင်မှုတွေရရှိပြီး ကိုယ့်ထုတ်ကုန်၊ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ့်အဖွဲ့ဝင်တွေအကြောင်းကို သူတို့တတ်နိုင်သလောက် များများသင်ယူနိုင်အောင်ကြိုးစားပါတယ်။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ရဲ့ပြိုင်ဘက်တွေအကြောင်း လေ့လာပါ။ ကိုယ့်ရဲ့ ပညာရေးကိုလည်း ဆက်လက်ဆည်းပူးပါ။