သစ္စာရှိဝန်ထမ်းဟောင်းတွေကြား အသင်းအဖွဲ့စိတ်ဓာတ်ကို မြှင့်တင်ဖို့ရာ ဂျပန်ကုမ္ပဏီခေါင်းဆောင် အကြီးအကဲတွေဟာ တန်ဖိုးအတန်အသင့်ရှိတဲ့ အိမ်ရာတွေမှာသာ နေထိုင်ကြပြီး အလုပ်ကိုလည်း ရထားနဲ့သာ သွားတက်ကြပါတယ်။ သူတို့တွေဟာ ဝန်ထမ်းတွေရဲ့ လစာဝင်ငွေကွာဟမှုကိုလည်း နိုင်ငံတကာစံနှုန်းအတိုင်း ကျဉ်းနိုင်သလောက်ကျဉ်းအောင် ထားကြပါတယ်။ ဂျပန်ကုမ္ပဏီခေါင်းဆောင်တွေအတွက်တော့ နည်းပညာကုမ္ပဏီ Soft Bank က အိန္ဒိယနွယ်ဖွားဥက္ကဋ္ဌဟောင်း Nikesh Arora ကို နှစ်နှစ်အတွင်း လုပ်ခလစာ ဒေါ်လာသန်းသုံးရာပေးခဲ့ရတာက လက်ခံနိုင်စရာမရှိတဲ့ သတင်းဖြစ်ရပ်တစ်ခုပါပဲ။ ဂျပန်မှာ ကုမ္ပဏီကြီးတွေရဲ့ အကြီးအကဲ ခေါင်းဆောင်တွေတောင်မှ တစ်နှစ်ကို ပျမ်းမျှဒေါ်လာ တစ်သန်းသာ ရရှိခဲ့ကြပါတယ်။
ကော်ပိုရေးရှင်း စီမံခန့်ခွဲရေး ကျွမ်းကျင်သူတွေက အခုလိုကုမ္ပဏီခေါင်းဆောင် အကြီးအကဲပိုင်းအတွက် မြင့်မားတဲ့ လစာခံစားခွင့်ပေးမှုအပေါ် ငြင်းခုံမှုတွေရှိကြစမြဲပါ။ ဂျပန်မှာ စီမံခန့်ခွဲရေးကျွမ်းကျင်သူတွေက အနိမ့်ဆုံး နစ်နာကြေးပြဿနာ ဘယ်လောက်ထိကြီးထွားနိုင်တယ်ဆိုတာကို ချိန်ဆနေကြပါတယ်။ ကုမ္ပဏီအကြီးအကဲတွေရဲ့ ဝင်ငွေကို နှိုင်းယှဉ်ကြည့်ရင် ဂျပန်က အမေရိကန်ကုမ္ပဏီအမှုဆောင်အရာရှိတွေရဲ့ ဝင်ငွေထက် ဆယ်ဆလောက် ကွာဟနေတာကို တွေ့ရမှာပါ။ တိုကျိုက Mr Arora ၊ ဒါမှမဟုတ် နစ်ဆန်းကား ကုမ္ပဏီရဲ့ Carlos Ghosn တို့လို နိုင်ငံခြားသား ကုမ္ပဏီခေါင်းဆောင်အကြီးအကဲတွေရဲ့ လစာဝင်ငွေဟာ ကမ္ဘာနဲ့ယှဉ်ရင် ထိပ်ဆုံးမှာရပ်တည်နိုင်တယ်ဆိုပေမယ့် ပြည်တွင်းကုမ္ပဏီ အမှုဆောင်အရာရှိ ခေါင်းဆောင်တွေ လစာမြင့်မြင့်မားမားရရှိတယ်ဆိုတာ တော်တော်လေး ရှားပါတယ်။
နည်းပါးတဲ့ နစ်နာကြေးဟာ ဂျပန်နိုင်ငံမှာ သတိပြုလေ့ရှိတဲ့ အလေ့အထ တစ်ခုဖြစ်နေတာက သံသယဖြစ်စရာ မရှိပါဘူး။ ဒါကြောင့်လည်း ကုမ္ပဏီတွေဟာ အန္တရာယ်များတဲ့ စီးပွားရေးစီမံကိန်းအသစ်တွေမှာထက် ငွေသားအပါအဝင် ဘဏ္ဍာရေးပိုင်ဆိုင်မှုကြီးမားတဲ့ ကုမ္ပဏီကြီးတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုမိုလိုလားတတ်ကြပါတယ်။ Goldman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ လတ်တလော လေ့လာချက်တစ်ခုအရ ဂျပန်ကုမ္ပဏီရဲ့ ခေါင်းဆောင်ပိုင်းအရာရှိတွေဟာ စွမ်းဆောင်ရည်ကောင်းရင် ကောင်းသလို လစာခံစားခွင့် ကောင်းကောင်းရရှိကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ရှယ်ယာထည့်ဝင်မယ့်သူတွေကို ဆွဲဆောင်နိုင်မယ့် ဘဏ္ဍာငွေနည်းပါးလှရုံတင်မက လုပ်ငန်းမအောင်မြင်ရင် လူမှုရေးအရ ပြစ်ဒဏ်ပေးမှုတွေလည်း ရှိနေပါတယ်။ တကယ်လို့သာ လုပ်ငန်းသစ်တစ်ခု မအောင်မြင်ခဲ့ရင် ဂျပန်ကုမ္ပဏီခေါင်းဆောင်အရာရှိတွေဟာ မျက်နှာပျက်ရသလို လုပ်သားအင်အား ဖြတ်တောက်တာနဲ့ အကျိုးခံစားခွင့် လျှော့ချတာတွေလို ဖိအားပေးခံရတာမျိုးတွေလည်း ရင်ဆိုင်ကြရပါတယ်။
လတ်တလောကာလအတွင်းမှာတော့ ဂျပန်ကုမ္ပဏီတွေရဲ့ စီးပွားရေးဟာ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ ကော်ပိုရေးရှင်းစီမံခန့်ခွဲမှု နည်းဥပဒေသစ်ကြောင့် အတက်ဘက်ကို ပြန်လည်ဦးမော့လာခဲ့ကြပါပြီ။ အစိုးရကလည်း အသစ်ရေးဆွဲတဲ့ ဥပဒေစည်းမျဉ်းတွေထဲမှာ လစာအကျိုးခံစားခွင့်ကို ကုမ္ပဏီတွေ စဉ်းစားပေးဖို့ ဂရုတစိုက်ထည့်သွင်းရေးဆွဲလာကြပါတယ်။ အခုလို လစာခံစားခွင့်ပုံစံမျိုးဟာ ဂျပန်နိုင်ငံမှာ ၁၄ ရာခိုင်နှုန်းသာရှိပြီး ဂျာမနီမှာ ၃၃ ရာခိုင်နှုန်းနဲ့အမေရိကန်မှာ ၆၉ ရာခိုင်နှုန်း အသီးသီးရှိနေတယ်လို့ လူသားအရင်းအမြစ်စီမံခန့်ခွဲရေး အတိုင်ပင်ခံအဖွဲ့ Towers Watson ရဲ့ အဆိုအရ သိရပါတယ်။ အလှကုန်ထုတ်လုပ်ရေး ဂျပန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Shiseido နဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီး Obayashi တို့ရဲ့ အဆိုအရတော့ သူတို့ရဲ့ ကုမ္ပဏီအမှုဆောင်အရာရှိတွေကို ကုမ္ပဏီအကျိုးအမြတ်မျှဝေခံစားခွင့်ရှိတဲ့ Stock Option ပုံစံနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ်က ဥပဒေစည်းမျဉ်းတွေရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ထိရောက်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့တော့ လိုအပ်နေဆဲပါပဲ။ ဒါအပြင် အစိုးရအာဏာပိုင်တွေအနေနဲ့ ပထမဦးဆုံးအကြိမ်အနေနဲ့ယမ်းငွေသန်းတစ်ရာကျော်ရရှိတဲ့ ကုမ္ပဏီအကြီးအကဲ ခေါင်းဆောင်တွေရဲ့စာရင်းကို ပြုစုဖော်ပြလာနိုင်ဖို့ လိုအပ်မှာပါ။ ခုလိုဖြစ်လာဖို့အတွက်တော့ ခက်ခဲနေဆဲဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စာရင်းပေးထားတဲ့ ကုမ္ပဏီတွေရဲ့ ၉ ရာခိုင်နှုန်းကသာ ကုမ္ပဏီအမှုဆောင်အရာရှိတွေရဲ့ လစာခံစားခွင့်ကို ဖော်ပြခဲ့ကြပါတယ်။ ဒါတောင် အခုလို သတ်မှတ်လစာခံစားခွင့်စံနှုန်း ဖော်ပြပေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကော်ပိုရေးရှင်း နစ်နာကြေးကော်မတီကို အကြံဉာဏ်ပေးနေတဲ့ လစာခံစားခွင့် စီမံခန့်ခွဲရေးက Naohiko Abe ကတော့ ကုမ္ပဏီတွေက ခေါင်းဆောင်တွေ လစာခံစားခွင့်ရရှိမှုအပေါ် စိစစ်ဖို့ ထောက်ခံမှုတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။
အနောက်နိုင်ငံတွေမှာတော့ အခုလို ပွင့်လင်းမြင်သာမှုက မတန်တဆ လစာခံစားခွင့်နည်းပါးတဲ့ ကုမ္ပဏီအကြီးအကဲတွေအတွက် ထိုက်တန်တဲ့ ခံစားခွင့်နဲ့ နစ်နာကြေးရရှိဖို့အတွက် အထောက်အကူဖြစ်လာစေပါတယ်။ ဂျပန်မှာတော့ ကုမ္ပဏီအရာရှိတွေ ခံစားခွင့်ကို တရားဝင်မဖော်ပြရအောင် လစာတွေကို အလျင်အမြန် လျှော့ချပစ်ခဲ့တာတွေလည်း ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်မှာ အခုလိုဖြစ်ရပ်က တိုးတက်မှုတော့ ရှိလာခဲ့ပါတယ်။ ဂျပန်မှာ ဝင်ငွေဒေါ်လာတစ်သန်း၊ ဒါမှမဟုတ် ဝင်ငွေဖော်ပြဖို့ လိုအပ်တဲ့ ကုမ္ပဏီခေါင်းဆောင်အကြီးအကဲ အရေအတွက်ဟာ ၂၀၀၉ ခုနှစ်က စတင်ပြီး သုံးရာကနေ ငါးရာအထိ ရှိလာခဲ့ပါတယ်။ တချို့ဆိုရင် ဒီထက်ပိုပြီးတိုးတက်မှုရှိလာဖို့ လိုလားကြပါတယ်။ ယမကာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Suntory ရဲ့ ပိုင်ရှင် Takeshi Niinami ကတော့ ကုမ္ပဏီအားလုံးအနေနဲ့ လစာကောင်းတဲ့ ကုမ္ပဏီခေါင်းဆောင် အကြီးအကဲပိုင်းအားလုံးရဲ့ ခံစားခွင့်နဲ့ နစ်နာကြေးရရှိနိုင်မှုကို တရားဝင် ဖော်ပြသင့်တယ်လို့ ယူဆနေပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေရဲ့ ခေါင်းဆောင်အကြီးအကဲတွေကို ပွင့်ပွင့်လင်းလင်း လစာခံစားခွင့်နဲ့အကျိုးအမြတ်ခွဲဝေခံစားခွင့်ပေးခြင်းက အတက်အကျရှိနေတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးအတွက် ပိုပြီးအလုပ်လည်း ဖြစ်လာနိုင်ပါတယ်။
ကိုဇေ (ရေဦး)
Ref: Pay Check, The Economist.