အကြောင်းပြစရာမရှိပါ

စစ်အေးခေတ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခွင့်ရရှိသော ရုရှားတစ်ဦးကို အမေရိကန်နိုင်ငံသားတစ်ဦးက ''ခင်ဗျားရုရှားမှာတုန်းက ခင်ဗျားအလုပ်မှာ အဆင်ပြေရဲ့လား'' ဟု မေးရာ သူက ''အဆင်ပြေတာပေါ့ဗျာ၊ မကောင်းဘူးလို့ ပြောစရာအကြောင်းပြချက် မရှိပါဘူး'' ဟု ဆိုသည်။ ''ဒါဆို ခင်ဗျား စားရသောက်ရတာကကော'' ဆိုတော့ ''အိုကေပါပဲ၊ မကောင်းဘူးလို့ ပြောလောက်တဲ့ အကြောင်းပြချက် မရှိပါဘူး'' ဟု ဆိုသည်။ ''ခင်ဗျား နေရထိုင်ရတဲ့ အိမ်ကကော'' ဆိုတော့ ''ဒါလည်း ကောင်းတာပဲ၊ မကောင်းဘူး ပြောစရာအကြောင်းပြချက် စဉ်းစားမရပါဘူးဗျာ'' ဟု ဆိုသည်။ အမေရိကန်သားက ''ဒါဆို ခင်ဗျားဟိုမှာ မနေဘဲ ဒီကိုဘာလို့ ပြောင်းလာတာလဲဗျ'' ဟု မေးလိုက်ရာ ရုရှားက တစ်ချက်စဉ်းစားလိုက်ပြီး ''အဲ၊ ဒါလည်း အကြောင်းပြချက် မရှိပါဘူးဗျာ'' ဟု ပြန်ဖြေလိုက်လေသည်။

ynn2017july2

ဥပဒေသ။ ။ တင်းကျပ်ဖိနှိပ်သော အုပ်ချုပ်မှုအောက်တွင် ကာလရှည်ကြာ နေထိုင်လုပ်ကိုင်ခဲ့ရသူသည် လွတ်လပ်ပွင့်လင်းသော အုပ်ချုပ်မှုစနစ်အောက် ရောက်သည့်တိုင် အမှန်ကိုပြောရန် မိမိကိုယ်မိမိ ယုံကြည်မှုရှိဖို့ အတော်ခက်ခဲနေတတ်သည်။

အပြုံးနှင့်စီမံ အပြုံးနှင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်