ပြင်ဆင်ခြင်းအပိုင်းမှာလည်း ပြည့်ပြည့်စုံစုံ လုပ်ခဲ့တယ်။ သတင်းအချက်အလက် ဖော်ထုတ်ခြင်းအပိုင်းမှာလည်း အကျိုးကျေးဇူးရှိခဲ့တယ်လို့ ခံစားခဲ့ရတယ်။ လိုလေသေး မရှိရအောင် လက်ခံစာရင်းသွင်းခြင်းအပိုင်း သို့မဟုတ် စတင်ဝင်ရောက်ချိန်မှာလည်း ရေချိန်မီအောင် လုပ်နိုင်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ဟာ အပြန်အလှန်ဖလှယ်ခြင်းအပိုင်းကို ဆက်လက်လုပ်ဆောင်ဖို့အတွက် အသင့်ဖြစ်နေပါပြီ။
တစ်ဘက်အဖွဲ့အစည်းနဲ့ ကြိုတင်သဘောတူညီထားတဲ့ ဦးစားပေးအစီအစဉ်အရ ကျွန်တော်တို့ဘက်က စတင်ရမယ်ဆိုရင်လည်း ကမ်းလှမ်းမှုကို စတင်လိုက်ပါ။ စစချင်းမှာကို အခြားတစ်ဖက်က သဘောမတူနိုင်ဘူးဆိုရင်တော့ ရှေ့ဆက်မတိုးပါနဲ့။ အစည်းအဝေးကို ခေတ္တရပ်နားပြီး ရှာဖွေဖော်ထုတ်ခြင်းအပိုင်းက ပြန်စကြမလားလို့ မေးရပါလိမ့်မယ်။ ရှာဖွေဖော်ထုတ်ခြင်းအပိုင်းဟာ နှစ်ဖက်စလုံးက သဘောတူညီနိုင်တဲ့ လမ်းကြောင်းအသစ်တစ်ခုခုအပေါ်ပြန်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ရောက်သွားပြီဆိုရင် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း အဆက်အစပ်ရှိသွားပြီဖြစ်လို့ တစ်ခါတလေကျရင်လည်း မိမိက အကောင်းဆုံးပြန်စတင်ရမယ့်နေရာလို့ ထင်ထားတာထက် တခြားလူတွေက ဆွေးနွေးရင်းနဲ့ ပိုမိုကောင်းမွန်တဲ့ စမှတ်ကို ပြန်တွေ့ရနိုင်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ခုပါ။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ ဖြစ်ထွန်းနိုင်တဲ့စွမ်းပကားကို ကြိုတင်နားလည်ထားပြီးဖြစ်ရင် ဒီလိုကိစ္စမျိုးတွေမှာ အငြင်းပွားမနေသင့်ပါဘူး။ တစ်ဖက်အဖွဲ့အစည်းကလည်း ဆွေးနွေးပွဲအပေါ်မှာ စိတ်အားထက်သန်မှုရှိနေလို့သာ ဒီလိုအဆိုပြုနိုင်တဲ့ အခြေအနေအထိရောက်လာခဲ့တာလို့ နားလည်ပေးပါ၊ သဘောထားကွဲပြားနေကြတာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က လွယ်လွယ်ကူကူပဲ စမှတ်နေရာ အသစ်ကနေ ပြန်လည်စတင်ဆွေးနွေးဖို့ သဘောတူလိုက်နိုင်ပါတယ်။
များသောအားဖြင့် စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ ငွေရေးကြေးရေးနဲ့ စတင်ကြရတာ များပါတယ်။ ဒါပေမယ့် စေ့စပ်ညှိနှိုင်းရတဲ့ကိစ္စအပေါ်မှာ မူတည်ပြီး တချို့ဆွေးနွေးပွဲတွေဆိုရင် အစီအစဉ်တစ်ခုလုံးမှာ ငွေကြေးကိစ္စမပါဝင်တာလည်း ရှိပါတယ်။ ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ နည်းနည်းကလေး အမှတ်တရအဖြစ်နဲ့ ပြောစမှတ်ရှိကြတာကတော့ ၁၉၆၀ ပြည့်လွန်နှစ်တွေက ပဲရစ်မှာလုပ်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအတွက် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲပါပဲ။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှာ တောင်ဗီယက်နမ်သမ္မတငုယင် ဗန်ထီယူက ပဲရစ်ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်တစ်ဖွဲ့ကို စေလွှတ်ဖို့ သဘောတူခဲ့တယ်။ တရားဝင်ဆွေးနွေးမှုတွေမစခင် အလံတွေ၊ နာမည်ပြားတွေ၊ ပါဝင်ဆွေးနွေးကြမယ့် အစီအစဉ်တွေအတွက် စကားတွေ အများကြီးပြောခဲ့ရတယ်။ အဓိကစကားများကြရတာက ဆွေးနွေးပွဲစားပွဲ အခင်းအကျင်းပုံစံဖြစ်တယ်။ မြောက်ဗီယက်နမ်နဲ့ အမျိုးသားလွတ်မြောက်ရေးတပ် (NLF) က ပါဝင်သောအဖွဲ့လေးဖွဲ့ တန်းတူညီမျှမှုရှိစေရန် ဘက်လေးဘက်ပါဝင်တဲ့ စတုရန်းပုံစားပွဲ ခင်းစေချင်တယ်။ တောင်ဗီယက်နမ်နဲ့ အမေရိကန်တပ်ဘက်ကတော့ နှစ်ဦးနှစ်ဖက်သဘောမျိုး၊ မျက်နှာချင်းဆိုင် နှစ်ဖက်ပုံစံစားပွဲပဲ ခင်းချင်တယ်။ အမေရိကန်သမ္မတဂျွန်ဆင်က တောင်ဗီယက်နမ်သမ္မတထံ ဆွေးနွေးပွဲကို ရပ်စဲပစ်လိုက်ဖို့တောင် ကြေးနန်းပို့ပြီးနေပါပြီ။ ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် ပဲရစ်မှာရှိတဲ့ ဆိုဗီယက်သံအမတ်ကြီးက အလံလည်း မထောင်ကြနဲ့၊ နာမည်ပြားလည်း မကပ်ကြတော့ဘဲ စက်ဝိုင်းပုံစားပွဲနဲ့ ခင်းကျင်းပြလိုက်တဲ့အခါကျမှ မြောက်ဗီယက်နမ်နဲ့ အမေရိကန်ကိုယ်စားလှယ်တွေက သဘောတူပြီး အစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စတင်နိုင်ခဲ့ပါတယ်။ ပဲရစ်မှာ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲအတွက် စားပွဲခင်းရင်း စကားများနေကြရတဲ့ နှစ်လတာကာလအတွင်း ဗီယက်နမ်စစ်ပွဲမှာ လူများစွာ သေကြေခဲ့ကြရပေမယ့် နောက်ဆုံးမှာတော့ ဒီစစ်ပွဲကို ရပ်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။
ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေမှာ အစကတည်းက စိတ်ရှည်သည်းခံနိုင်ဖို့ သိပ်လိုအပ်ပါတယ်။ ဒါအပြင် အပြန်အလှန်ဖလှယ်ကြတဲ့အချိန်မှာ ကျွန်တော်တို့ ဂရုပြုလိုက်နာသင့်တဲ့ စည်းမျဉ်းကလေး ခြောက်ချက်ရှိပါတယ်။ အမြဲတမ်းမှန်ရမယ်ဆိုတဲ့ သိပ္ပံနည်းကျ သီအိုရီတစ်ရပ်မဟုတ်သော်လည်း မကြာခဏ ဖြစ်လေ့ဖြစ်ထရှိတာမို့ ပြောပြတာပါ။ ပထမအချက်ကတော့ အပြန်အလှန်ဖလှယ်တဲ့အခါမှာ စတင်ကမ်းလှမ်းတဲ့ လူက ဘယ်တော့မှ မျှော်လင့်ထားသလိုမရတတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ပထမကမ်းလှမ်းတဲ့လူက ကိုယ့်ရဲ့ စမှတ်ရပ်တည်ချက်ကို ပေးလိုက်ရတယ်။ ဒီစမှတ်အပေါ် မူတည်ပြီး တစ်ဘက်လူက မိမိနဲ့အလျော့အတင်း လုပ်နိုင်မယ့်အတိုင်းအတာကို ခန့်မှန်းလို့ရသွားတယ်။ ဒါကို သူ့အတွက်အကျိုးရှိအောင် အသုံးချသွားနိုင်ပါတယ်။
ဒုတိယအချက်ကတော့ ကိုယ့်ဘက်က စတင်ကမ်းလှမ်းချက်မတိုင်မီ ဒီကမ်းလှမ်းချက်ဟာ ဘယ်လောက်အထိ အလားအလာကောင်းတယ်ဆိုတာ ဖော်ပြဖို့ အတတ်နိုင်ဆုံး အားထုတ်ရမယ်။ ကိုယ်ရောင်းမယ့် အိမ်ခြံမြေအနီးမှာ မကြာခင်ဖွံ့ဖြိုးရေးလမ်းမကြီးတစ်ခု ဖြစ်လာတော့မယ်ဆိုတာလိုမျိုးပါ။
တတိယအချက်ကတော့ လိုက်လျောနိုင်ဖို့ပါပဲ။ ကျွန်တော်တို့စေ့စပ်ညှိနှိုင်းနေကြတာက အသေးအဖွဲ အစိတ်အပိုင်းကလေးတွေကို တစ်ခုချင်းလိုက်တိုင်းတာနေဖို့ မဟုတ်ပါဘူး။ အလုံးစုံအထုပ်လိုက်အထည်လိုက် ဖလှယ်ရတာမျိုးပါ။ ဒါကြောင့် ကိုယ်လိုချင်တာတစ်ခုလုံးရဖို့အတွက်ဆိုရင် အစိတ်အပိုင်းအသေးကလေးတွေမှာ အလျှော့ပေးဖို့ ဝန်မလေးသင့်ပါဘူး။
စတုတ္ထအချက်ကတော့ အပြန်အလှန်ဖလှယ်တယ်ဆိုတာ ကိုယ့်ဘက်က တစ်စုံတစ်ရာ အလျှော့ပေးထားရင် သူ့ဘက်ကလည်း တစ်စုံတစ်ရာပြန်တောင်းရပါလိမ့်မယ်။ နေရာတကာ သဘောကောင်းလွန်းပြီး လိုက်လျောနေမယ်ဆိုရင် သော်တာဆွေ ဒန့်ဒလွန်သီးဝေသလိုပဲ ကိုယ့်ကို ပြန်ဒုက္ခပေးလာလိမ့်မယ်။ အပြန်အလှန်ဆိုတဲ့ စည်းမျဉ်းအတိုင်း တစ်စုံတစ်ရာလိုက်လျောမှုအတွက် တစ်စုံတစ်ရာပြန်လည်ရရှိရပါမယ်။
ပဉ္စမအချက်က မိမိသည် အခြေအနေတစ်ခုကို ဆုပ်ကိုင်ထားပြီး၊ တစ်နည်း နေရာယူထားပြီဆိုပါက ငါဘာကြောင့် ဒီမှာနေရာယူထားရသလဲဆိုတာကို အမြဲတမ်းပြန်လည်မေးခွန်းထုတ်နေရပါမယ်။ ဒီလိုပြန်လည်ဆန်းစစ်ခြင်းဟာ နှစ်ဖက်စလုံးအတွက် လိုအပ်ပါတယ်။ မိမိတို့ဟာ ဘုံသဘောထားတစ်ခုရဖို့အတွက် ဘယ်လောက်အထိ အားထုတ်ခဲ့ကြရသလဲ။ ဒါတွေကို လုံးဝလွင့်စင်ပပျောက်သွားစေသည်အထိ မိမိတို့ရဲ့ရပ်တည်ချက်ကို အထိုင်ချထားသင့်သလား စဉ်းစားရပါမယ်။ အသေဆုပ်ကိုင်ထားတဲ့ ဒီမဟာဗျူဟာကြောင့် မိမိဟာ တစ်ဖက်ပိတ်လမ်းထဲ ကျရောက်သွားမှာဖြစ်တဲ့အတွက် ဒီကနေဖောက်ထွက်နိုင်ဖို့အတွက်ဆိုရင် တီထွင်ဖန်တီးသော စိတ်ကူးရှိရပါမယ်။ မိမိတို့၏ဦးနှောက်များသည် ဥမင်လိုဏ်ခေါင်းလမ်းဆုံးတစ်ခုအတွင်းသို့ ကျရောက်နေပြီလို့ ခံစားလာရပါလျှင် သန့်ရှင်းလတ်ဆတ်သော လေအေးအေးကို ရှူရှိုက်ပြီး စိတ်ပိုင်းဆိုင်ရာလန်းဆန်းမှုရရှိသွားအောင် အပြန်အလှန်ဖလှယ်ခြင်းလုပ်ငန်းကို ခေတ္တခဏကလေးပဲဖြစ်ဖြစ် အနားပေးရပါမယ်။
နောက်ဆုံးအချက်ကတော့ ဆွေးနွေးပွဲနည်းဗျူဟာ မှန်ဖို့လိုပါတယ်။ အပြန်အလှန်ဖလှယ်ရင်း ဆွေးနွေးညှိနှိုင်းရင်းနဲ့ နှစ်ဖက်စလုံးဟာ ဆွေးနွေးပွဲနည်းလမ်းအစီအစဉ်တစ်ခုအတွင်းမှာ လူတွေ၊ အချိန်တွေ၊ စွမ်းအားတွေ လုံးလုံးလျားလျား နစ်မြုပ်သွားနိုင်ပါတယ်။ ဆွေးနွေးပွဲနည်းဗျူဟာ ညံ့ဖျင်းခဲ့ရင် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တစ်ခုလုံးဟာ လမ်းကြောင်းလွဲချော်သွားနိုင်ပါတယ်။ အဲဒီအခါမှာ ဆွေးနွေးပွဲနည်းဗျူဟာကို ပြန်လည်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။
စေ့စပ်ညှိနှိုင်းသူများအတွက် အသည်းနှလုံးထဲမှာ အမြဲစွဲကိုင်ထားရမှာကတော့ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲစားပွဲဆီကို ငါတို့''ဘာကြောင့်'' ရောက်နေရတာလဲဆိုတဲ့ မေးခွန်းပါ။ ဒီ ''ဘာကြောင့်'' ဆိုတဲ့ မေးခွန်းရဲ့အဖြေ ပန်းတိုင်တွေကိုသာရမယ်ဆိုရင် အထက်မှာဆွေးနွေးတင်ပြခဲ့တဲ့ အချက်ခြောက်ချက်ပဲဖြစ်ဖြစ်၊ တခြားအချက်အလက်တွေပဲဖြစ်ဖြစ် ဘာမှအရေးမကြီးတော့ပါဘူး။ ကျွန်တော်တို့ ဘာကိုမှငဲ့နေစရာမရှိပါ ဘူး။ အဆုံးတစ်နေ့တစ်ချိန်မှာ ပန်းတိုင်ရဖို့အတွက်ဆိုရင် ဘာမဆိုပေးဆပ်နိုင်တယ်ဆိုတဲ့ ခံယူချက်ရှိဖို့သာ အဓိက ဖြစ်ပါတယ်။
မင်းဗထူး