သောက်သုံးရေဆိုတာနဲ့ပတ်သက်လို့ ရေသန့်ဘူးတွေ ခေတ်မစားလာခင်တုန်းကတော့ သိပ်ပြီး သတိမထားမိခဲ့ကြပါဘူး။ ဒါပေမယ့် ကိုယ့်နေရာမှာသာမဟုတ် ခရီးမကြာခဏသွားရတတ်သူ၊ ပြည်တွင်းတင်မက ပြည်ပနိုင်ငံတွေကိုပါ မကြာခဏ ခရီးထွက်ရလေ့ရှိသူတွေဆိုရင်တော့ တချို့နိုင်ငံကြီးတွေမှာ အများပြည်သူအပန်းဖြေတဲ့နေရာနဲ့ အခမ်းအနားကျင်းပတဲ့ အဆောက်အအုံတွေအတွင်း သောက်သုံးရန်သင့်၊ မသင့်လမ်းညွှန်ချက်တွေနဲ့ ရေတွေကို မကြာခဏဆိုသလို မြင်ရမှာပါ။ အဲဒီလို လမ်းညွှန်ချက်တွေမှာ တစ်ခါတစ်ရံ ပေါင်းခံရေဆိုတာကိုတွေ့ရပြီး တစ်ခါတစ်ရံ သန့်စင်ထားတဲ့ရေဆိုတာနဲ့ သောက်သုံးရေ စသဖြင့် တွေ့ရတတ်ပါတယ်။
ပေါင်းခံရေ၊ စမ်းရေနဲ့ သန့်စင်ထားတဲ့ ရေတွေဟာ ဘာတွေများကွာခြားနေလို့ပါလဲ။ EPA’s Website တစ်ခုကတော့ ဒီမေးခွန်းကို ဖြေပေးခဲ့ပါတယ်။
သာမန်သောက်ရေ
--------------------
သောက်သုံးဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူက လူတွေသောက်သုံးဖို့အတွက် လုံခြုံစိတ်ချရသလို စည်ပင်သာယာ (Municipal Source) ကနေထောက်ပံ့တဲ့ ရေအမျိုးအစားဖြစ်ပါတယ်။ သူ့အထဲမှာ ထူးထူးခြားခြား ဘာမှထည့်သွင်းထားခြင်းမရှိပါဘူး။ သောက်သုံးဖို့အတွက် အဆင်ပြေပါတယ်။
ပေါင်းခံရေ
-----------
ပေါင်းခံရေဆိုတာ တစ်နည်းအားဖြင့် သန့်စင်ထားတဲ့ ရေတစ်မျိုး ဖြစ်ပါတယ်။ သူက အဆင့်ဆင့်စစ်ထုတ်ထားတဲ့ ရေဖြစ်ပြီး ဖုန်မှုန့်တွေသာမက အခြားသော ဓာတုပစ္စည်းတွေကို ဖယ်ရှားစစ်ထုတ်ထားတာဖြစ်ပါတယ်။ သူက အထူးသဖြင့် ရေနွေးအိုးတွေ၊ ရေနွေးငွေ့မီးပူတွေမှာ အသုံးပြုကြပါတယ်။ လူတွေသောက်သုံးဖို့အတွက်တော့ အကောင်းဆုံးရေအမျိုးအစားမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေမှာပါဝင်တဲ့ ဓာတ်သတ္တိတွေ အကုန်ဆုံးရှုံးနေလို့ပါပဲ။
သန့်စင်ထားတဲ့ရေ
-------------------
သန့်စင်ထားတဲ့ရေကတော့ ဘယ်နေရာက မဆိုလာနိုင်ပါတယ်။ ဒါပေမဲ့ ပါဝင်တဲ့ဓာတ်သတ္တုတွေအားလုံးကို ဖယ်ရှားသန့်စင်ထားတဲ့ ရေအမျိုးအစားပါ။ သန့်စင်တယ်လို့ ပြောတဲ့အခါမှာ ပေါင်းခံခြင်း၊ Deionization ၊ Reverse Osmosis နဲ့ Carbon Filtration ဆိုတဲ့ နည်းစနစ်တွေကို အသုံးပြုပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေကို ဖယ်ရှားပေးလိုက်နိုင်တာပါပဲ။ တစ်ဖက်မှာလည်း အကျိုးရှိတဲ့ သတ္တုပစ္စည်းတွေကို ရေထဲက ဖယ်ရှားလိုက်ပြန်ပါတယ်။
စမ်းရေ
-------
လူတွေသောက်သုံးနေကြတဲ့ ရေတချို့ဟာ စမ်းရေတွေပါ။ သူတို့ကတော့ ကမ္ဘာမြေပြင်ပေါ်မှာ စီးဆင်းနေတဲ့ရေတွေ ဖြစ်ပါတယ်။ သန့်စင်ထားတာဖြစ်နိုင်သလို သန့်စင်ထားခြင်းမရှိတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်မှာ တခြားရွေးချယ်စရာရှိနေမယ်ဆိုရင်တော့ ဒီရေအမျိုးအစားကို မရွေးချယ်သင့်ပါဘူး။
ကိုယ်နေထိုင်နေတဲ့ နေရာဒေသအပေါ်မှာမူတည်ပြီး သောက်သုံးရေအတွက် ရွေးချယ်တာ ပိုပြီး သင့်တော်ပါတယ်။ ကိုယ့်အိမ်ရဲ့ ရေဘုံဘိုင်ကလာတဲ့ ရေဟာလည်း သန့်စင်မှုရှိမရှိကို စစ်ဆေးထားသင့်ပါတယ်။
အဒိုနီရမ်