Demand Curve ဝယ်လိုအားလျှောစောက်၊ ဝယ်လိုအားပြပုံ . . .
ပစ္စည်းတစ်စုံတစ်ရာကို ဈေးနှုန်းအသီးသီးတွင် ဝယ်ယူမည့်ဦးရေအမျိုးမျိုးကို ဖော်ပြသည့်ပုံဖြစ်သည်။ ဥပမာ- မော်တော်ယာဉ်ပုံစံအသစ်ကို ဈေးနှုန်းအသီးသီးတွင် ဝယ်ယူမည့် ဦးရေအမျိုးမျိုးကို ဈေးနှုန်းအား ဒေါင်လိုက် (Y) မျဉ်းတွင် ပြထားပြီး ဝယ်ယူရောင်းချမည့် အရေအတွက်အသီးသီးကို အလျားလိုက် (X) မျဉ်းတွင် ဖော်ပြသည်။ ဝယ်လိုအားလျှောစောက်ကို ပုံတွင်ပါရှိသည့် အမှတ်များကို ပေါင်းစပ်ရေးဆွဲပြီး ရရှိပြီး လက်ယာဘက် နိမ့်ဆင်းသွားမည်။ ဈေးနှုန်းနှင့် ဦးရေဆက်စပ်မှုကိုပြ၍ ဈေးနိမ့်လေ ဝယ်ယူဦးရေများလေအဖြစ်ကို ပုံ-၂၁ ကို ကြည့်ပါ။ လျှောစောက်ပုံသည် ဝယ်လိုအားနှင့် ဆက်စပ်သော ပြောင်းလွယ်မှု (Elasticity def.1) ကိုလည်း ပြသည်။ မော်တော်ယာဉ်ဝယ်လိုအားပြပုံသည် ပေါင်မုန့်ဝယ်အားပြပုံ (ပိုမိုနက်ရှိုင်းမည်)နှင့် နှိုင်းယှဉ်ပါက အသင့်အတင့် ပြားချပ်မည်။ အကြောင်းမှာ မော်တော်ယာဉ်ဈေးနှုန်းများ တက်နေပါက ပေါင်မုန့်ဝယ်များ ရပ်ဆိုင်းမည်ထက် ယာဉ်အဝယ်များကို ရွှေ့ဆိုင်းတတ်သည်။
Demand Deposit တောင်းခံချိန်ထုတ်ပေးရသည့် ဘဏ်အပ်ငွေ . . .
အချိန်မရွေး ချက်ရေးသားပြီး ထုတ်ယူနိုင်သော ဘဏ်အပ်ငွေ (Deposit def.1) ဖြစ်သည်။ ချက်လက်မှတ်များကို ငွေသားကဲ့သို့ အလွယ်တကူ သုံးစွဲကြ၍ တိုင်းပြည်တစ်ပြည်၏ ထုတ်ဝေထားသည့် ငွေကြေး Money Supply ဟု မှတ်ယူသည်။ တောင်းခံချိန်ထုတ်ပေးသည့် ဘဏ်အပ်ငွေကို ချက်စာအုပ်ငွေဟု တစ်ခါတစ်ရံ ခေါ်ဝေါ်သည်။ တောင်းခံချိန် ထုတ်ပေးရသောအပ်ငွေများသည် ဘဏ်များက ငွေကြေးဖန်တီးမှု၏အခြေခံလည်း ဖြစ်သည်။ ဘဏ်များက ချေးငွေများပေးရာ၌ ငွေချေးယူသူ၏ ဘဏ်အပ်ငွေစာရင်းတွင် မြီရှင်ဖော်ပေးပြီး ပြုလုပ်နိုင်သည်။ ချေးယူသူက မိမိစာရင်းရှိငွေကို ချက်များ ရေးထိုးထုတ်ယူသုံးစွဲသည်။ (ငွေကြေး Money တွင်လည်းကြည့်ပါ။) ၁၉၈၁ နှစ်ထိချက်ဖြင့် ငွေထုတ်ယူသော အပ်ငွေစာရင်းများ အတိုးခံစားခွင့် ထုံးစံမရှိပေ။ ဘဏ်လုပ်ငန်းဖြေလျှော့မှုဥပဒေများ ထုတ်ပြန်ပြီး ဘဏ္ဍာငွေကြေး အဖွဲ့အစည်းများအားလုံး ငွေထုတ်ယူခွင့်ညှိနှိုင်းပြီးမှ အပ်ငွေစာရင်းများကို အတိုးပေးခွင့်၊ သို့မဟုတ် ငွေထုတ်ယူမှုညှိနှိုင်းပြီး အမှာစာစာရင်း Now Accounts - Negotiable Order Withdrawal ဘဏ်စာရင်းများ လက်ကျန်ပေါ် အတိုးရစာရင်းများ ဖွင့်ခွင့်ရရှိခဲ့သည်။ ယင်းသို့သော အခြားပုံစံဖြင့် စာရင်းများလည်း ခွင့်ပြုခဲ့သည်။ ယင်းတို့တွင် စီးပွားရေးဘဏ်များရှိ အလိုအလျောက် ငွေလွှဲပြောင်းခွင့်ရှိ စာရင်းများ၊ မြီရှင်သမဂ္ဂများရှိ အစုရှယ်ယာလွှဲစာတမ်းများ၊ ငွေစုစာရင်းနှင့် ချေးငွေအဖွဲ့များရှိ ကွန်ပျူတာစခန်းဘဏ်စာရင်းများ ပါဝင်သည်။ တောင်းခံချိန်ငွေထုတ်ပေးရသော ဘဏ်စာရင်းများ ကျယ်ပြန့်လာခြင်းနှင့်အတူ ငွေကြေးဈေးကွက် ရန်ပုံငွေစာရင်းများကြောင့် အချိန်ကာလတစ်ခုရှိ ချက်စာအုပ်ငွေပမာဏ တွက်ချက်ရန် ပိုမိုခက်ခဲလာတော့သည်။ အမေရိကန်ဗဟိုဘဏ်က ဤသို့သော စာရင်းများအား လုပ်ငန်းဆောင်ရွက်မှုစာရင်းများဟု ကင်ပွန်းတပ်လေသည်။
အပ်ငွေများပေါ် ရေးသားတောင်းခံလာသည့် ချက်များနှင့် အပ်ငွေအချိုးသည် အပ်ငွေပြောင်းလဲမှုကို ကိုယ်စားပြုသည်။ စီးပွားရေးဘဏ်များ၏ အပ်ငွေပြောင်းလဲမှုသည် နိုင်ငံစီးပွားရေးအတွင်း ငွေကြေးမည်မျှ မြန်မြန်ဆန်ဆန် အသုံးပြုနေသည်ကို ရည်ညွှန်းဖော်ပြနေသည်။ (ငွေကြေးအရှိန်အဟုန် Velocity of Money ကို ကြည့်ပါ။) ဘောဂဗေဒပညာရှင်များက အပ်ငွေပြောင်းလဲမှုကို ပူးတွဲတိုက်ဆိုင်ညွှန်းကိန်း (Coincident Indicator) ဟု မှတ်ယူကြသည်။ ယင်း၏အတက်အကျသည် စီးပွားရေးသံသရာနှင့် တိုက်ဆိုင်သည်။ ပုံ-၂၂ ကိုကြည့်ပါ။
Demand Note တောင်းခံမှတ်စုလွှာ . . .
ကတိပြုမှတ်စုလွှာ (Promissory Note) အောက်ကြည့်ပါ။
Demand-pull Inflation ဝယ်လိုအားဆွဲငွေကြေးဖောင်းပွမှု . . .
ဘဏ်ချေးငွေ တောင်းခံမှုများ ဆက်လက်မြင့်မားမှုကြောင့် စားသုံးသူနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းဈေးများ မြင့်မားနေဆဲအခြေအနေတစ်ရပ်ကို ဆိုသည်။ ယင်းချေးငွေများ ခွင့်ပြုခဲ့ပါက ဘဏ်အပ်ငွေများတိုး၍ စုစုပေါင်းလည်ပတ်ငွေကို တိုးမြှင့်စေသည်။ ဘဏ်အပ်ငွေ ဖန်တီးထားသည်များ သုံးစွဲသောအခါ ပေါ်ပေါက်လာသည့် ဝယ်လိုအားဆွဲ ငွေကြေးဖောင်းပွမှုက ဈေးနှုန်းကြီးမြင့်မှုကို တိုးစေသည်။ ဝယ်အားဆွဲငွေကြေး ဖောင်းပွမှုကို ပို့ကုန်များ အထင်ကရ တိုးတက်လာခြင်းကြောင့်လည်း ဖြစ်စေသည်။ ဈေးနှုန်းမြင့်မားခြင်းက ပြည်ပဝယ်လိုအား တိုးမြှင့်မှုကြောင့် ဖြစ်သော်လည်း အကျိုးရလဒ်က အတူတူပင်ဖြစ်သည်။ အမေရိကန်စီးပွားရေးသည် အခါအားလျော်စွာ ဝယ်လိုအားဆွဲငွေကြေးဖောင်းပွမှု အထိုက်အလျောက်ရှိသည်။ ပြည်ပစိုက်ပျိုးရေးသီးနှံထွက်များ ညံ့ပါက အမေရိကန်လယ်ယာ ထွက်ကုန်ဝယ်လိုအား မြင့်မားလာသဖြင့် ပြည်တွင်းစားသောက်ကုန်ဈေးနှုန်းများ တက်ပေသည်။ ပေါဆဲမြူဆင်အပါအဝင် အချို့သောဘောဂဗေဒပညာရှင်များက ဝယ်လိုအားဆွဲငွေကြေးဖောင်းပွမှုတို့ကို ဗဟိုဘဏ်၏ လည်ပတ်ငွေကြုံစေခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ (ဘဏ္ဍာငွေကြေးပေါ်လစီ (Monetary Policy) ကြည့်ပါ။) ထို့ပြင် အစိုးရအသုံးစရိတ်များ ဖြတ်တောက်ခြင်း၊ အခွန်များ တိုးမြှင့်ကောက်ခံခြင်းနှင့် ဘတ်ဂျက်လိုငွေများ လျှော့ချခြင်း စသည့် Fiscal Policy ဖြင့် ဝယ်အားဆွဲငွေကြေးဖောင်းပွမှုကို ချုပ်ကိုင်နိုင်ဟု ဆိုသည်။ ကုန်ကျစရိတ်တွန်းငွေကြေးဖောင်းပွမှု (Cost-Push Inflation) ကိုလည်း ကြည့်ပါ။
Demonetization ငွေကြေးတန်ဖိုး ပယ်ဖျက်ခြင်း . . .
လည်ပတ်သုံးစွဲငွေမှ ငွေတစ်မျိုးကို ရုပ်သိမ်းခြင်းအား တရားဝင် Legal Tender မှ ပစ်ပယ်ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ ငွေစင်တန်ဖိုးပယ်ဖျက်ခြင်းကို ငွေစင်စံ (Silver Standard) အောက်ကြည့်ပါ။
ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း))