LinkedIn ဘယ်လိုသုံးမလဲ

LinkedIn ရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Hari Srinivasan နဲ့ အဖွဲ့က LinkedIn ကို အသုံးပြုသူတွေရော ဝင်ရောက်ကြည့်ရှုကြသူတွေပါ အဆင်ပြေစေဖို့ စီစဉ်ပေးထားတာကို တွေ့ကြရမှာပါ။

LinkedIn Page အခြေခံအသုံးပြုနည်းတွေ လေ့လာလိုက်တာနဲ့ ကိုယ့်ရဲ့ Page ကို ဝန်ထမ်းရှာဖွေသူတွေ လက်လှမ်းမီနိုင်ဖို့ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်က အလုပ်သစ်တစ်ခုရှာနေတာ မဟုတ်တောင် ကိုယ့်ရဲ့ ပရော်ဖက်ရှင် အသက်မွေးဝမ်းကျောင်းအလုပ်ကို မြှင့်တင်ပေးဖို့ LinkedIn Page ရဲ့ အဆက်အသွယ်တွေက အထောက်အကူ ဖြစ်စေမှာပါ။ ဒါကြောင့် LinkedIn ရဲ့ လမ်းညွှန်ချက်တွေနဲ့ LinkedIn ကို အလွယ်ကူဆုံးနဲ့ အလျင်မြန်ဆုံး အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကို လေ့လာကြည့်လိုက်ရအောင်။

howto2017june1

အထင်ကြီး လေးစားစရာ ကောင်းပါစေ . . .

LinkedIn က ဦးဆုံး အကြံပြုထားတဲ့အချက်က ကိုယ့်ရဲ့ Profile ပုံက အထင်ကြီး လေးစားလောက်စရာရှိနေဖို့ လိုအပ်တဲ့အချက်ဖြစ်ပါတယ်။ ဥပမာ- ကိုယ့်ရဲ့ Profile ပုံက အစည်းအဝေးခန်းတစ်ခုမှာ ရှိနေတဲ့ ပုံမျိုးဆိုရင်တော့ သူစိမ်းတစ်ယောက်အတွက် အထင်ကြီး လေးစားလောက်စရာ ဖြစ်စေမှာပါ။ ကိုယ်မသိသေးတဲ့ သူစိမ်းတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အနေအထားကို သတိပြုမိမှသာ ကိုယ့်ရဲ့နာမည်ကို ဆက်လေ့လာဖို့ စိတ်ဝင်စားပါလိမ့်မယ်။ အဲဒီနောက်မှသာ တစ်ဦးနဲ့တစ်ဦး ဘယ်သူ ဘယ်ဝါ၊ ဘာလုပ်တယ်ဆိုတာကို အပြန်အလှန် မိတ်ဆက်ကြမှာပါ။

Profile ဓာတ်ပုံတင်ထားတဲ့ LinkedIn အသုံးပြုသူတွေဟာ Profile ပုံမတင်ထားတဲ့သူတွေထက် ကိုယ့်ရဲ့ Page ကို ဝင်ရောက်လေ့လာသူ ၂၁ ဆပိုများပြီး အဆက်အသွယ်ပြုလုပ်ဖို့ ကမ်းလှမ်းခံရမှု ကိုးဆပိုများတာကို LinkedIn က လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Profile ပုံကို အလွတ်ကြီးထားပြီး နှောင့်နှေးရတဲ့အထိ စမတ်ကျတဲ့ပုံကို တကူးတက ဖော်ပြရမယ်လို့တော့ မဆိုလိုပါဘူး။ Profile ပုံမရှိရင်တော့ အဆက်အသွယ် ရရှိမှုတွေ နည်းသွားမှာပါ။ ကိုယ့်ရဲ့ Profile ဓာတ်ပုံကို ပိုမိုကောင်းမွန်အောင် ပြန်ပြီးတည်းဖြတ်ပြင်ဆင်နိုင်မယ့် Photo Editing Tool App ကိုလည်း LinkedIn မှာ မကြာခင် ရရှိတော့မှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ LinkedIn Page နောက်ခံဓာတ်ပုံ(Background Photo) မှာ ကိုယ်ရဲ့တည်နေရာ၊ ကိုယ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း၊ ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးနိုင်တဲ့ ဓာတ်ပုံမျိုးကို အသုံးပြုဖို့ LinkedIn က အကြံပေးပြုထားပါတယ်။ ကိုယ့်ရဲ့ တည်နေရာလိပ်စာ ဖော်ပြပါရှိတဲ့ LinkedIn အသုံးပြုသူတွေဟာ လိပ်စာမဖော်ပြထားတဲ့ သူတွေထက် ဝင်လေ့လာကြည့်ရှုခံရမှု ၁၉ ဆ ပိုများတယ်လို့ LinkedIn ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ ကိုယ်ရေးအကျဉ်းချုပ် ဖော်ပြချက်ပါ။ ဒီအပိုင်းမှာတော့ ကိုယ့်ရဲ့အကြောင်းကို ကိုယ်ဖော်ပြချင်သလောက် ဖော်ပြနိုင်တယ်လို့ LinkedIn က အကြံပေးထားပါတယ်။

howto2017june2

LinkedIn မှာ ကိုယ်ဖော်ပြချင်တဲ့ အကြောင်းအရာတွေ မျှဝေပါ . . .

အသုံးပြုသူတွေ ဖော်ပြတဲ့အကြောင်းအရာတွေ အချင်းချင်း လေ့လာနိုင်ဖို့ အကောင်းဆုံး စီစဉ်ပေးပါတယ်လို့ LinkedIn ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Srinivasan က ပြောပြပါတယ်။ ကိုယ့်လုပ်ငန်းခွင်က အတွေ့အကြုံတွေကို ဖော်ပြမျှဝေပေးဖို့ အတင်းအကျပ် တိုက်တွန်းတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ စီမံကိန်းတစ်ခုကို ပြီးမြောက်အောင် လုပ်ကိုင်နိုင်ခဲ့တဲ့အကြောင်းကို ကမ္ဘာကြီးကို ပြောပြနိုင်ပါတယ်။ ကိုယ့်ရဲ့ LinkedIn Page နဲ့အသုံးပြုကြသူတွေ အချင်းအချင်း အပြန်အလှန် ဆက်ဆံရေးဟာ ကိုယ့်ရဲ့ကိုယ်ပိုင် Profile ကို အများရဲ့စိတ်ဝင်စားမှု ရရှိစေနိုင်ပါတယ်။

howto2017june3

ကိုယ့်ရဲ့လက်ရှိအလုပ်အကိုင်ကို အဓိကဖော်ပြပါ . . .

ပြန်လည်ပြင်ဆင်ထားတဲ့ LinkedIn မှာ ကိုယ့်ရဲ့ Profile အတွက် Menu အရေအတွက် ပိုများလာတာကို သတိထားမိကြမှာပါ။ ဒါဟာ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတွေနဲ့ လက်ရှိအလုပ်အကိုင်ကို ကိုယ့်ရဲ့ Page ထဲ ဝင်ကြည့်တဲ့သူတွေ တွေ့မြင်နိုင်ဖို့အတွက်ဖြစ်ပြီး သိပ်ကိုအရေးကြီးတဲ့အချက်လို့လည်း ဆိုနိုင်ပါတယ်။

ပုံမှန် အလုပ်လျှောက်လွှာတစ်ခုမှာ ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ် အလုပ်အကိုင်တစ်ခုအတွက် အလုပ်သင်လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ထည့်မရေးချင်ကြပါဘူး။ LinkedIn ကတော့ အလုပ်သင်လုပ်ငန်း အတွေ့အကြုံတွေကိုပါ ထည့်ရေးဖို့ အကြံပြုထားပါတယ်။ နောက်တစ်ချက်က ကိုယ်လုပ်ခဲ့တဲ့ ကုမ္ပဏီအမည်ကို ရွေးချယ်ဖော်ပြတဲ့အခါမှာ LinkedIn မှာ ဖော်ပြပါရှိတဲ့ အမည်စာရင်းထဲက ဖြစ်ဖို့လိုပါတယ်။ ကိုယ်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းကာလကိုလည်း ဖော်ပြဖို့မမေ့ပါနဲ့။ ကိုယ့်ရဲ့ Profile ကို ဝင်ရောက်လေ့လာတဲ့သူတွေ ပထမဦးဆုံး အာရုံစိုက်ကြည့်မယ့်အချက်က ကိုယ့်ရဲ့အတွေ့အကြုံသက်တမ်း ဖြစ်ပါတယ်။

howto2017june4

ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံ အသေးစိတ်ကို ဖော်ပြပါ . . .

LinkedIn အသုံးပြုသူ အများစုရဲ့အမှားက ပညာအရည်အချင်း ဖော်ပြမှုမရှိတာပါလို့ LinkedIn ရဲ့ တာဝန်ရှိသူ Srinivasan က ထောက်ပြထားပါတယ်။ ကိုယ်က ကျောင်းသားတစ်ယောက်၊ ဒါမှမဟုတ် ကျောင်းပြီးစ ပထမဦးဆုံး အလုပ်ဝင်ရောက်မယ့်သူ ဖြစ်နေရင်တောင် ကိုယ့်ကျောင်းနဲ့သက်ဆိုင်တဲ့ အတွေ့အကြုံတွေကို အသေးစိတ် ဖော်ပြသင့်ပါတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင်နယ်ပယ်မှာ တိုးတက်မှု ရှိလာပြီဆိုမှ မလိုအပ်တော့ရင် ပြန်ဖျက်လို့လည်း ရပါတယ်။

howto2017june5

စေတနာ့ဝန်ထမ်း အတွေ့အကြုံရှိရင် ဖော်ပြပါ . . .

LinkedIn ရဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းစာရင်းထဲမှာ ကိုယ်ပါဝင်လှုပ်ရှားနေတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းရှိရင်လည်း ရွေးချယ်ဖော်ပြဖို့ မမေ့ပါနဲ့။ အခုလိုဖော်ပြတာက ကိုယ့်ရဲ့ စိတ်ကောင်းစေတနာကောင်းရှိမှုကို ပြသဖို့ အခွင့်အလမ်း တစ်ရပ်လို့ မြင်သင့်ပါတယ်။ ကိုယ့်လိုလူမျိုးတွေနဲ့ အဆက်အသွယ်ရရှိဖို့ လမ်းကြောင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

howto2017june6

ကိုယ့်ရဲ့ကျွမ်းကျင်ရာ အရည်အချင်း အနည်းဆုံး ၅ ခုထက်မနည်း ဖော်ပြပါ . . .

LinkedIn ရဲ့အရင် Page ပုံစံဟောင်းက အသုံးပြုသူတချို့အတွက် ကိုယ့်ရဲ့အရည်အချင်းတွေကို ဖော်ပြရာမှာ ရှုပ်ထွေးသယောင် ဖြစ်စေခဲ့ပါတယ်။ အခု Page အသစ်မှာတော့ ကိုယ့်ရဲ့အရည်အချင်းတွေ ဖော်ပြချက်ဟာ ကိုယ့်ရဲ့ Profile ကို ပိုပြီးထင်ရှားစေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်စေမှာကို တွေ့ရပါလိမ့်မယ်။ LinkedIn ကလည်း ကိုယ့်ရဲ့ အရည်အချင်း အနည်းဆုံးငါးချက်ထက်မနည်း ရေးသားဖော်ပြတဲ့သူတွေရဲ့ Profile ကို ဝင်ရောက်လေ့လာတဲ့သူ ၁၇ ဆပိုများပြီး ရှာဖွေခံရမှုအရေအတွက်မှာ ၂၇ ဆပိုများတယ်လို့ အကြုံပြုထားပါတယ်။ ကိုယ့်ရဲ့ အနည်းဆုံး အရည်အချင်းငါးခုမှာ ပထမသုံးခုက ကိုယ့်ရဲ့ အလုပ်အကိုင်နယ်ပယ်အတွက် အရေးပါတဲ့ အရည်အချင်းတွေ ဖြစ်ပါစေ။

howto2017june7

အရေးကြီးတဲ့ အောင်လက်မှတ်တွေကို ဖြည့်စွက်ဖော်ပြပါ . . .

လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတက်ရောက် အောင်မြင်မှုတွေကို ဖြည့်စွက်ဖို့ ရွေးချယ်စရာ ကိုးခုအထိ LinkedIn က စီစဉ်ပေးထားပါတယ်။ အားလုံးပြည့်အောင် ဖြည့်စွက်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကိုယ့်ရဲ့ကျွမ်းကျင်မှု အရည်အချင်းတွေကို များများဖော်ပြနိုင်ဖို့အတွက် စီစဉ်ပေးထားတာဖြစ်ပြီး ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့ အရည်အချင်းတစ်ခုကို အဓိက ရေးသားဖော်ပြဖို့ LinkedIn က အကြံပြုထားပါတယ်။

howto2017june8

ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေကို ပြသဖို့ Page တွေကို Follow လုပ်ပါ . . .

LinkedIn ရဲ့ နောက်ဆုံးအကြံပြုချက်ကတော့ Follow စနစ်ကို အသုံးပြုဖို့ ဖြစ်ပါတယ်။ Follow စနစ်က LinkedIn ကို အသုံးပြုရတဲ့အတွက် ပိုပြီးစိတ်ကျေနပ်မှု ပေးနိုင်သလို ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေကို အမြင်အားဖြင့် ဖော်ပြပေးနိုင်ပါတယ်။

ဥပမာအနေနဲ့ LinkedIn ရဲ့တာဝန်ရှိသူ Srinivasan ဟာ သူ့ရဲ့ကုမ္ပဏီ LinkedIn ကို Follow လုပ်ထားသလို Oprah Winfrey နဲ့ Bill Gates တို့ကိုလည်း Follow လုပ်ထားတာကို ကြည့်လိုက်ပါ။ LinkedIn အသုံးပြုရတဲ့အတွက် စိတ်ကျေနပ်မှုရရှိစေရုံသာမက Srinivasan ဟာ သတင်းမီဒီယာ၊ နည်းပညာနဲ့ ပရဟိတအလုပ်တွေကို စိတ်ဝင်စားသူတစ်ယောက် ဖြစ်တယ်ဆိုတာ ဖော်ပြပြီးသား ဖြစ်သွားပါတယ်။

ကိုဇေ(ရေဦး)