ကမ္ဘာတစ်ဝန်းလုပ်ငန်းပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ရာဘီလီယံအထိ ပိုင်ဆိုင်ထားတဲ့ တရုတ်လုပ်ငန်းစု HNA Group ဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ထိပ်တန်းကုမ္ပဏီလုပ်ငန်းတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းအသေးစားလေကြောင်းလိုင်းလုပ်ငန်းနဲ့ စတင်ခဲ့တဲ့ HNA Group ဟာ လုပ်ငန်းစတင်တည်ထောင်ခဲ့တဲ့ Chen Feng ရဲ့ ဦးဆောင်မှုအောက်မှာ ပြည်နယ်အစိုးရနဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေကို စုပေါင်းပြီး Hainan Airlines ကို ၁၉၉၃ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့ပါတယ်။
ဒေသခံအစိုးရအထောက်အကူတချို့ ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထူထောင်စ သီးခြားစုပေါင်းစပ်ပေါင်းလုပ်ငန်းစုတစ်ခုအနေနဲ့ ရပ်တည်ခဲ့ရပါတယ်။ အကြောင်းကတော့ ဗဟိုအစိုးရက အစိုးရပိုင်လေကြောင်းလိုင်းကြီးသုံးခုကိုပဲရွေးချယ်ပြီး ထောက်ပံ့ကူညီမှုတွေနဲ့ အခွင့်အရေးတွေ ပေးခဲ့လို့ပါ။ ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ မစ္စတာ Chen က HNA လုပ်ငန်းစုကို မဆုတ်မနစ် ရှေ့ဆက်ချီတက်ခဲ့ပါတယ်။ အမေရိကန်ဘီလီယံနာသူဌေးတစ်ဦးဖြစ်တဲ့ George Soros ရဲ့ ကနဦးရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၂၅ သန်းနဲ့ လည်ပတ်ခဲ့တဲ့ HNA ဟာ လုပ်ငန်းစုက George ခွဲထွက်သွားခဲ့ပြီး နောက်ပိုင်းမှာတော့ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က HNA ရဲ့ ဘဏ္ဍာငွေဟာ ကန်ဒေါ်လာကိုးဆယ်ဘီလီယံအထိ ရှိနေတယ်လို့ သိရပါတယ်။ HNA Group ဟာ ၂၀၁၆ ခုနှစ်မှာ အမေရိကန်အခြေစိုက် Hilton Worldwide ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်း (ဒေါ်လာ ၆.၅ ဘီလီယံ) ကို ဝယ်ယူခဲ့သလို အမေရိကန်အခြေစိုက် စီးပွားရေးဘဏ် CIT ရဲ့ လေကြောင်းလိုင်းတစ်ဆင့်ငှားရမ်းခြင်းလုပ်ငန်းအတွက် ဒေါ်လာဆယ်ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒါအပြင် စင်ကာပူနိုင်ငံက သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီ CWT ကိုလည်း ဒေါ်လာတစ်ဘီလီယံနီးပါးနဲ့ ပြန်လည်ဝယ်ယူဖို့ HNA Group က ကြိုးစားနေပါသေးတယ်။
HNA Group က ဝယ်ယူဖို့ကြိုးစားနေတဲ့ လုပ်ငန်းအများစုကတော့ ယင်းတို့ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်သွယ်မှုရှိနေတဲ့ လုပ်ငန်းတွေပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ကယ်လီဖိုးနီးယားအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Ingram Micro ကို ဒေါ်လာခြောက်ဘီလီယံအထိသုံးစွဲပြီး ဝယ်ယူခဲ့တာကတော့ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ နောက်ထပ်ထွက်လာတဲ့ ကောလာဟလသတင်းတွေအရ အမေရိကန်မဂ္ဂဇင်း Forbes ကိုလည်း HNA က ဝယ်ယူဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ တချို့ကတော့ ဒီလိုဝယ်ယူမှုပုံစံတွေက HNA Group ရဲ့ ကိုယ်ပိုင်စီးပွားရေးမူဝါဒထက် တရုတ်စီးပွားရေးလုပ်ငန်းမူဝါဒနဲ့ ပိုပြီးနီးစပ်နေတယ်လို့ သံသယရှိနေကြပါတယ်။
HNA Group ဟာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစစ်စစ်တော့မဟုတ်ပါဘူး။ ဟိုင်နန်ပြည်နယ်အစိုးရအနေနဲ့ HNA Group ရဲ့ ရှယ်ယာပိုင်ဆိုင်မှု အတော်များများကို ထိန်းသိမ်းထားတယ်ဆိုပေမယ့် အစိုးရပိုင်လုပ်ငန်းတွေနဲ့ မတူညီတဲ့ပုံစံနဲ့ HNA Group က ရပ်တည်ခဲ့တာပါ။ HNA Group အနေနဲ့ ပရော်ဖက်ရှင်နယ်လုပ်ငန်း စီမံခန့်ခွဲမှုကို လက်တွေ့ကျင့်သုံးပြီး မစ္စတာ Chen က General Electric စီအီးအိုဟောင်း Jack Welch ရဲ့ လုပ်ငန်းစီမံခန့်ခွဲမှုနည်းနာတွေဖြစ်တဲ့ Six Sigma လမ်းစဉ်အတိုင်း ဝန်ထမ်းတွေကို လေ့ကျင့်ပေးထားပါတယ်။
ဒါကြောင့်လည်း HNA ရဲ့ Hainan Airlines ဟာ တရုတ်နိုင်ငံရဲ့ အကောင်းဆုံးလေကြောင်းလိုင်းလို့ သတ်မှတ်နိုင်ခဲ့တာပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ Chen ဟာ ဗုဒ္ဓဘာသာဝင်တရုတ်လူမျိုးတို့ရဲ့ အတွေးအခေါ်အယူအဆတွေကိုလည်း ကုမ္ပဏီရဲ့မူဝါဒပိုင်းမှာ အခြေခံထားခဲ့ပါတယ်။ HNA Group ကို စတင်ကိုင်တွယ်ခဲ့ချိန်မှာလည်း မစ္စတာ Chen ဟာ အမှုဆောင်အရာရှိတွေကို ချစ်ခြင်းမေတ္တာတရားအပေါ် ယုံကြည်သက်ဝင်မှုကို လက်ကိုင်ထားပြီး ဦးဆောင်ခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းသစ်တွေကို ဝယ်ယူရာမှာ ထိပ်တန်းအရာရှိပိုင်းတွေကို ဖြုတ်ပစ်တာနဲ့ လုပ်ငန်းပိုင်းဖျက်သိမ်းတာမျိုးတွေကို မပြုလုပ်ခဲ့ပါဘူး။ နောက်တစ်ချက်က မစ္စတာ Chen ဟာ တရုတ်အစိုးရအာဏာပိုင်တွေနဲ့ ဆက်ဆံရေးမှာ ကျွမ်းကျင်မှုရှိပုံ ရပါတယ်။ သာဓကအနေနဲ့ တရုတ်သမ္မတ Xi Jinping ရဲ့ One Belt ၊ One Road စီးပွားရေးမဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ စင်ကာပူနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း CWT လုပ်ငန်းကိုဝယ်ယူဖို့ ညှိနှိုင်းနေတာကို ကြည့်နိုင်ပါတယ်။ ဒါဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုပိုင်းကို ထိန်းချုပ်ထားတဲ့ တရုတ်အစိုးရရဲ့ နိုင်ငံရေးမူဝါဒကြားမှာ ကုမ္ပဏီရဲ့ ရပ်တည်မှုမူဝါဒကို မထိခိုက်အောင် ပါးနပ်တဲ့လုပ်ဆောင်ချက်လို့လည်း ဆိုရမှာပါ။ ပြည်ပငွေကြေးစီးဆင်းမှုကို စိုးရိမ်မှုရှိနေတဲ့ တရုတ်အစိုးရအာဏာပိုင်တွေဟာ တရုတ်ကုမ္ပဏီတွေရဲ့ ပြည်ပလုပ်ငန်းဝယ်ယူမှုတွေကို ဖျက်သိမ်းမှုတွေကလည်း တော်တော်များများ ရှိနေခဲ့တာပါ။
ဒါပေမဲ့ HNA ကတော့ ပြည်ပလုပ်ငန်းဝယ်ယူမှုတွေအတွက် အစိုးရရဲ့ထောက်ခံချက်တွေကို အပြည့်အ၀ ရရှိထားခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ HNA က ပြည်ပလုပ်ငန်းတွေ ဝယ်ယူမှုအတွက် အမေရိကန်ဒေါ်လာ လေးဆယ်ဘီလီယံအထိ သုံးစွဲထားပြီးပါပြီ။ တကယ်တော့ မစ္စတာ Chen က အစိုးရပိုင်လုပ်ငန်းတစ်ခုက အခွင့်အလမ်းတွေ ရရှိနေပုံရပါတယ်။ ဒါဟာ တရုတ်ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ Huawei ရဲ့အဖြစ်နဲ့ အတော်လေးဆင်တူနေပါတယ်။ တရုတ်နိုင်ငံရဲ့ အောင်မြင်မှုအရှိဆုံး နိုင်ငံတကာစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ မစ္စတာ Chen ဟာ အထင်ကြီးလေးစားလောက်စရာဖြစ်ပေမယ့် တရုတ်အစိုးရခေါင်းဆောင်ပိုင်းတွေနဲ့ နီးစပ်မှုတွေကြောင့် အမေရိကန်အစိုးရက အမည်ပျက်စာရင်းသွင်းခဲ့တဲ့ Huawei ရဲ့အဖြစ်ကိုတော့ မစ္စတာ Chen အနေနဲ့ သတိပြုဖို့ လိုအပ်ပါလိမ့်မယ်။
ကိုဇေ (ရေဦး)