သင်အလုပ်လုပ်တဲ့နေရာကို ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် ရိုးရှင်းပြီးအခြေခံကျတဲ့ နည်းလမ်းဆယ်ချက်ကို ပြောပြပါမယ်။
လမ်းလျှောက်အစည်းအဝေးလုပ်ခြင်း နေ့ခင်းနေ့လယ်မှာအစည်းအဝေးလုပ်ရတာလောက် ပျင်းရိစရာ ကောင်းတာမရှိပါဘူး။ ပျင်းစရာကောင်းပြီး အကျိုးမရှိတဲ့ အစည်းအဝေးတွေမှာ လက်ကိုင်ဖုန်းကိုပဲ ကလိပြီး အချိန်ကုန်နေမယ်ဆိုရင် တစ်ချိန်တည်းမှာ လမ်းလျောက်ပြီး စကားပြောရတာမျိုးတွေ မလုပ်ချင်ဘူးလား။ ဒီလိုဆို ရင် လေကောင်းလေသန့်လည်း ရ၊ နေရောင်နဲ့လည်း ထိတွေ့ရပြီး အဖွဲ့ထဲမှာ ပိုမိုသစ်လွင်တဲ့အတွေးအခေါ်တွေလည်း ရရှိစေမှာပါ။ ဒါပေမဲ့ သင်ဟာ အလုပ်ရှင်မဟုတ်ရင်တော့ တစ်ရုံးလုံးကို မထိုင်ဘဲ လမ်းလျောက်ပြီး အစည်းအဝေးလုပ်မယ်လို့ လိုက်ပြောနေရင် သဘာဝမကျပါဘူး။ ဒါကြောင့် သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ အစည်းအဝေးလုပ်မယ်ဆိုရင် အပြင်ထွက်လမ်းလျောက်ပြီး လုပ်ဖို့ အကြံပေးကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ အလုပ်ရှင်တွေ ဂရုပြုရန် - ထိုင်ပြီးလုပ်တဲ့အစည်းအဝေးထက် လမ်းလျှောက်ပြီးလုပ်တဲ့အစည်းအဝေးတွေက ရလဒ်ကောင်းတွေ ပိုရစေပါတယ်။ လမ်းလျှောက်တာဟာ ဦးနှောက်ရဲ့ဆက်သွယ်မှုနဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့အတွက် အကြံဉာဏ်ကောင်းတွေကို ရရှိထွက်ပေါ်စေပါတယ်။
မတ်တတ်ရပ်ပြီးလုပ်တဲ့ သင့်အလုပ်နေရာ တစ်နေ့လုံးထိုင်နေတာက ကျန်းမာရေးကို အများကြီး ထိခိုက်စေပါတယ်။ အဆီပိုတွေကို ဖျက်ဆီးမှုကိုလည်း တားဆီးပေးလို့ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတွေကို ရရှိစေတဲ့အတွက် ထိုင်ပြီး အလုပ်လုပ်တာဟာ အန္တရာယ်များတဲ့ အကျိုးသက်ရောက်မှုတွေ အများကြီးနဲ့ပါ။ တစ်နေ့လုံး ထိုင်နေရမယ်ဆိုရင် သင့်တက်ကြွတဲ့ စွမ်းအင် နဲ့ခွန်အားတွေကို စုပ်ယူလိုက်သလို ခံစားရပြီး ထိုင်ရတာကြာလို့ လမ်းထလျှောက်ရင်တောင် နှေးကွေးတာ၊ အဆစ်တွေ နာကျင်ကိုက်ခဲတာတွေဖြစ်ပြီး အလုပ်လုပ်ရာမှာ စိတ်မပါလက်မပါ ဖြစ်စေပါတယ်။ မတ်တတ်ရပ်ပြီး အလုပ်လုပ်တဲ့နေရာတစ်ခု ပြုလုပ်လိုက်မယ်ဆိုရင် အခုချိန်မှာ စလုပ်ပြီးသားရှိနေရင် တဖြည်းဖြည်းနဲ့ အဲဒီနေရာဟာ ပေါ်ပြူလာဖြစ်လာ လိမ့်မယ်။ တခြားသူတွေလည်း လိုက်လုပ်ပါလိမ့်မယ်။
အလုပ်ရှင်တွေ ဂရုပြုရန် - ထိုင်နေတာက ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် အဲဒီလိုအလုပ်နေရာက ရလဒ် ကောင်းတွေမထွက်နိုင်တဲ့နေရာပါ။ မတ်တတ်ရပ်တဲ့ အလုပ်နေရာတွေဟာ အလုပ်ရဲ့စွမ်းဆောင်ရည်ကို ကျဆင်းတယ်လို့ ထင်နေပါသလား။ သုတေသနတွေ တွေ့တာတစ်ခုက အဲဒီလို အလုပ်နေရာတွေဟာ အလုပ်ရဲ့ စွမ်းဆောင်ရည် အရည်အသွေးကို မထိခိုက်စေတဲ့အပြင် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
ရုံးထဲမှာ အပင်တွေထားမယ် ခုနက ပြောခဲ့တဲ့ အပြင်ထွက်ပြီး လမ်းလျောက်အစည်းအဝေးလုပ်ဖို့ အဆင်မပြေတဲ့အခါတွေ ရှိတတ်ပါတယ်။ အပြင်ထွက်တာဟာ အစိမ်းရောင်ရှိတဲ့အပင်တွေမြင်ရပြီး ရလဒ်ကောင်းတွေ ရဖို့အတွက်ပါ။ ဒါကြောင့် ရုံးထဲမှာ အပင်တွေထားလိုက်မယ်ဆိုရင် ရုံးတွင်းလေထုကို ကောင်းစေတဲ့အပြင် အလုပ်လုပ်ရာမှာလည်း တက်ကြွမှုတွေ ရှိစေပါတယ်။ အဲလိုအချက်တွေကို လက်ခံချင်ရင်တောင် ဘာမှမရှိတဲ့အခန်းထက် ထောင့်မှာအစိမ်းရောင်သစ်ပင်တစ်ပင်လောက်ရှိတဲ့ရုံးခန်းဟာ အနည်းဆုံးတော့ ကြည့်ပျော်ရှုပျော် ရှိပါတယ်။ အခန်းရဲ့အခြေအနေကို ကောင်းမွန်တဲ့ခံစားမှု အခြေအနေကို ဖြစ်စေပါတယ်။ သေးငယ်တာတွေနဲ့ စကြည့်ပါ။ ရုံးခန်းရဲ့စားပွဲပေါ် မှာ အပင်မျိုးစုံကို တင်ထားကြည့်ပါ။ ပြီးမှ တခြားကျန်တဲ့နေရာတွေမှာ လိုက်ထားကြည့်ပါ။ အဆင်ပြေတာ တွေ့ရပြီး ကျန်တဲ့လုပ်ဖောက်ကိုင်ဖက်တွေပါ လိုက်လုပ်ကြပါလိမ့်မယ်။
အလုပ်ရှင်ဂရုပြုရန် - သုတေသနအချို့မှာ ရုံးခန်းထဲမှာ အပင်တွေ ထားရှိတာက ရလဒ်ကောင်းတွေရရှိခြင်း၊ အာရုံ စူးစိုက်မှုကောင်းမွန်ခြင်း၊ ဖိအားနည်းနည်းနဲ့ အလုပ်မှာ ပျော်ရွှင်စေခြင်းတို့ဖြစ်စေတာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီအကျိုးတွေမှာ ကွန်ပျူတာရှေ့မှာ တစ်နေ့ကို လေးနာရီလောက် ထိုင်အလုပ်လုပ်ရတဲ့ သူတွေမှာ အများဆုံးအကျိုး ရှိစေပါတယ်။
ကျန်းမာရေးအတွက် သင့်တာ်မယ့် မနက်စာစားဖို့ အဖွဲ့ဖွဲ့မယ် သကြားတွေအများကြီးပါတဲ့ ဂျုံနဲ့လုပ်ထားတဲ့မုန့်အချိုတွေကိုပဲ အများဆုံး စားနေကြပါတယ်။ အနည်းဆုံးတော့ ဒိုးနပ်မုန့်တွေဟာ ကျန်းမာရေးအတွက် ဆိုးရွားစေနိုင် တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါကြောင့် ထောပတ်နဲ့ သုတ်စားလို့ရတဲ့ပေါင်မုန့်လို မုန့်မျိုးတွေ စားသင့်ပါတယ်။ ရုံးထဲမှာ မနက်စာစားဖို့ အဖွဲ့ဖွဲ့ချင်တယ်ဆိုရင် စားဖို့ယူလာတဲ့မုန့်တွေဟာ ကိတ်မုန့်လို မုန့်မျိုးတွေ ဖြစ်မနေသင့်ပါဘူး။ ကြက်ဥကြော်တို့၊ ဝက်သားခြောက်ကြော်တို့၊ အသီးအနှံတို့၊ ပန်ကိတ်တို့ကို ယူလာသင့်ပါတယ်။ ဒီလို ယူလာဖို့ကိုလည်း သင်ဟာ ပထမဆုံးလုပ်နိုင်ရင် ပိုကောင်းပါတယ်။
အလုပ်ရှင်ဂရုပြုရန် - ဒိုးနပ်လို မုန့်မျိုးတွေဟာ သွေးတွင်းသကြားဓာတ်ကို ဆောင့်တက်သွားစေပြီး ချက်ချင်း ပြန်ကျစေပါတယ်။ အသားဓာတ်၊ အဆီဓာတ် တွေပါတဲ့ မနက်စာကို စားခဲ့မယ်ဆိုရင်တော့ သွေးတွင်းအချိုဓာတ်ကို တည်ငြိမ်စေပါတယ်။ သွေးတွင်းသကြားဓာတ် ငြိမ်နေရင် တွေးခေါ်မှုကို အားကောင်းပြီး အကြံဉာဏ် သစ်တွေ ထွက်စေပါတယ်။
Gym တွေမှာ သွားကစားဖို့ အကုန်အကျခံမယ် ခုခေတ်မှာ အလုပ်ရှင်အတော်များများက Gym တွေမှာ သွားကစားဖို့အတွက် အကုန်အကျခံနေပါပြီ။ ဒီလို ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဟာ သာမန်အိမ်တစ်အိမ် အတွက် အပိုကုန်ကျငွေဖြစ်ပါတယ်။ တခြားအရာတွေထက် အလုပ်သမားတွေကို အားကစားခန်းမတွေမှာ သွားကစားဖို့ အကုန်အကျ ခံတဲ့အလုပ်ရှင်တွေဟာ ကောင်း တဲ့အလုပ်တွေ ဖြစ်ပါတယ်။ သင့်အလုပ်ရှင်ဟာ Gym အတွက် အကုန်အကျ မခံပေးဘူးဆိုရင် လုပ်ဖော်ကိုင်ဖက်တွေထဲမှာ လေ့ကျင့်ခန်းလုပ်ချင်တဲ့သူတွေရှိရင် စုပြီး သွားလုပ်သင့်ပါတယ်။ ကြာလာလို့ စိတ်ပြောင်းပြီး မလုပ်ချင်တဲ့သူတွေရှိလာပါလိမ့်မယ်။ စိတ်မပြောင်းတဲ့သူတွေကတော့ သင်နဲ့တူတူ လေ့ကျင့်ခန်းလုပ်ရင်း ပိုမိုခင်မင်ရင်းနှီးသွားပါလိမ့်မယ်။
အလုပ်ရှင်တွေဂရုပြုရန် - သင်ဟာ အားကစားစရိတ် ကုန်သွားတယ်ဆိုပေမယ့် သင့်အလုပ်သမားတွေရဲ့ ကျန်းမာရေး ပြဿနာတွေအတွက် သိပ်မဖြေရှင်းရတော့ ပါဘူး။ ကျန်းမာ သန်စွမ်းနေတဲ့အလုပ်သမားတွေဟာ နေမကောင်းလို့ ခွင့်ယူတာတွေ မရှိတော့တဲ့အပြင် အလုပ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရလဒ်ကောင်းတွေ ရရှိနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ဖို့ စက်ကိရိယာတွေထားမယ် လေ့ကျင့်ခန်းလုပ်တာက တစ်နေ့တာလုံးအတွက် အဆင်ပြေစေပါတယ်။ ပြဿနာတစ်ခုက Gym သွားမယ်ဆိုရင် အင်္ကျီလဲရတာ၊ ကားနဲ့သွားရတာ၊ အရှေ့မှာကစားနေ တဲ့ သူရှိရင် စောင့်ပြီးမှ လေ့ကျင့်ခန်းတွေ လုပ်ရတာတွေ ဖြစ်ပါတယ်။ အလုပ်မှာ လေ့ကျင့်ခန်းလုပ်ဖို့ ပစ္စည်းတွေ ထားမယ်ဆိုရင် အဆင်ပြေ သွားပါလိမ့်မယ်။ နားနေ ခန်းနားမှာ ဘားခိုဖို့အတွက် ဘားထားမယ်၊ ကွင်းတွေထားမယ်ဆိုရင် သင်နားမယ်ဆိုတိုင်း ဒီလိုဘားခိုမယ်ဆိုရင် တစ်နှစ်ပတ်လုံးအတွက် သင်လေ့ကျင့်ခန်း ဘယ်လောက်လုပ်ဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါ။ လမ်းလျှောက်စက်တို့ ဘာတို့ ရှိရင်လည်း ကောင်းပါတယ်။ တစ်နေရာမှာ ဘားခိုတဲ့ဘားတန်းထားပြီး စကြည့်ပါ။ သင့်အလုပ်အဆောက်အအုံကို မထိခိုက်သရွေ့တော့ သင့်အလုပ်ရှင်က လက်ခံထားမှာပါ။ ပြီးမှ တဖြည်းဖြည်း ထပ်ဖြည့်သွားနိုင်ပါတယ်။
အလုပ်ရှင်တွေ ဂရုပြုရန် - လေ့ကျင့်ခန်းမကြာခဏလုပ်တာဟာ အလုပ်သမားတွေကို လန်းဆန်းစေပြီး အလုပ်လုပ်ရာမှာ တက်ကြွစေပါတယ်။ ကျန်းမာနေတဲ့ ဝန်ထမ်းတွေဟာ နေမကောင်းမဖြစ်နိုင်ဘဲ ကျန်းမာရေးအတွက် ကုန်ကျစရိတ်တွေ နည်းသွားနိုင်ပါတယ်။
ကာယလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ပြိုင်ခြင်း ပြိုင်ဆိုင်ခြင်းဟာ တိုးတက်မှုတွေရဲ့ လမ်းစပါ။ လုပ်ဖော်ကိုင်ဖက်တွေကို လေ့ကျင့်ခန်းလုပ်တာကို ပြိုင်ဖို့စိန်ခေါ်ကြည့်ပါ။ ဒိုက်ထိုးတာတို့၊ ဘားခိုတာတို့၊ အလေးမတာတို့ ဟာ ရိုးရှင်းပြီး ပြိုင်ရလွယ်ကူပြီး အလောင်းအစားတစ်ခုနဲ့ ပြိုင်သင့်ပါတယ်။ ဒီလိုပြိုင်ဆိုင်တာဟာ တအားမပြင်းထန်ဖို့လည်းလိုပါတယ်။ ညတိုင်းလမ်းလျှောက်တာတို့၊ တစ်နေ့ကို ဒိုက်အခါ ၅၀ လောက်ထိုးတာတို့လောက် ပြိုင်ပြီးနိုင်တဲ့သူအတွက် ဆုတစ်ဆုထားသင့်ပါတယ်။
အလုပ်ရှင်ဂရုပြုရန် - သင်ဟာ သင့်အလုပ်သမားတွေကို နေရာတစ်ခုမှာ ပြိုင်စေမယ်ဆိုရင် ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာစေပါတယ်။ ကာယပြိုင်ပွဲတွေ လုပ်ပေးခြင်း ကနေ ရုံးအတွင်းမှာ ပဋိပက္ခဖြစ်မှုတွေ ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။
လမ်းလျှောက်တဲ့အဖွဲ့ဖွဲ့မယ် ရုံးအတွင်းမှာ အဖွဲ့တွေဖွဲ့ပြီး လမ်းလျှောက်တိုင်း စက်တွေကို လူတိုင်းဝယ်ပြီး အဖွဲ့လိုက်လမ်းလျောက်တာကို တိုင်းတာပါမယ်။ အချိန်တစ်ပတ်ကနေ နှစ်ပတ်အထိ လုပ်ပြီးရင် ခြေလှမ်းအရေအတွက်တွေကို တိုင်းပြီး နိုင်တဲ့အဖွဲ့ကို ဆုပေးတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုပြိုင်တာဟာ လွယ်ကူရိုးရှင်းပြီး အလုပ်သမားတွေကို လမ်းအများကြီး လျှောက်စေပါတယ်။ ရုံးပိတ်ရက်တွေမှာ လျှောက်တဲ့ မှတ်တမ်းပါပါမယ်ဆိုရင် ရုံးပိတ်ရက်တွေမှာလည်း လမ်းလျှောက်ပါလိမ့်မယ်။ အဖွဲ့ကို လူနည်းနည်းနဲ့ စပြီးထပ်တိုးသွားနိုင်ပါတယ်။ လမ်းလျှောက်တိုင်းတာစက်တွေဟာ ဈေးမကြီးတဲ့အတွက် အစကတည်းက ဝယ်နိုင်ပါလိမ့်မယ်။ အိတ်ထဲက ပိုက်ဆံထွက်သွားပေမဲ့ ပြန်ရမယ့်အကျိုးကျေးဇူးတွေက အများအပြားပါ။
အလုပ်ရှင်ဂရုပြုရန် - အစကပြောခဲ့သလို လမ်းလျှောက်ခြင်းက တွေးခေါ်ကြံဆမှုကို ကောင်းမွန်စေပါတယ်။ ကျန်းမာတဲ့ဦးနှောက်ဟာ အလုပ်ကိုကောင်းမွန်စွာလုပ်နိုင် ပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်စေပါတယ်။ ဒါအပြင် သင့်အလုပ်သမားတွေဟာ လမ်းလျှောက်ခြင်းကနေ ပိုပြီးကျန်းမာလာစေပါတယ်။
ရုံးတွင်းမှာ ခဏတစ်ဖြုတ် မှေးစက်မယ် နေ့လယ်နေ့ခင်းမှာ ခဏတစ်ဖြုတ်မှေးစက်အနားယူတာဟာ နိုင်ငံတော်တော်များများမှာ တွေ့ရတဲ့အကျင့်တစ်ခုပါ။ ဒီလို မှေးစက်တာဟာ ပျင်းရိလို့ မဟုတ်ပါဘူး။ ခဏတစ်ဖြုတ် အိပ်စက်အနားယူတာဟာ အစားအစာတို့၊ ရေတို့လို အရေးကြီးတဲ့လိုအပ်မှုတစ်ခုဖြစ်ပါတယ်။ ခဏတစ်ဖြုတ်မှေးစက်တာဟာ အိပ်ချိန်ကို ဖြည့်ရာရောက် ပြီး လူကိုပိုပြီး လန်းဆန်းစေပါတယ်။ လန်းဆန်းစေနိုင်မှုမှာ ကော်ဖီသောက်တာထက်စာရင် ခဏတစ်ဖြုတ် မှေးစက်အနားယူတာဟာ ပိုပြီး ထိရောက်စေပါတယ်။ နေ့လယ်စာစားပြီး ခဏတစ်ဖြုတ်လောက် မှေးစက်သင့်ပါတယ်။ အချိန်မလုံလောက်ရင် နေ့လယ်စာစားတာကို မြန်မြန်စားပြီး အနားယူသင့်ပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက်ကိုလည်း လိုက်လုပ်ကြည့်ဖို့ ပြောကြည့်ပါ။ သင့်အလုပ်ရှင်ကိုလည်း အကြံဉာဏ်ပေးသင့်ပါတယ်။
အလုပ်ရှင်ဂရုပြုရန် - ပင်ပန်းနွမ်းနယ်နေတဲ့အလုပ်သမားတွေဟာ အလုပ်ကို ထိထိရောက်ရောက် မလုပ်နိုင်ပါဘူး။ အချိန်အကြာကြီး အိပ်စက်အနားယူတာကတော့ အလုပ်ချိန်ကို ထိခိုက်စေပါတယ်။ လေ့လာချက်တွေမှာ ဆယ်မိနစ်လောက် အိပ်စက်ခြင်းဟာ မိနစ် ၂၀- ၃၀ လောက် မှေးစက်ခြင်းထက် ပိုပြီး လန်းဆန်းစေပါတယ်လို့ ဆိုပါတယ်။
စံနမူနာများဖြင့် ဦးဆောင်ပါ လူတွေဟာ စည်းကမ်းတွေ အတင်းအကျပ်ထုတ်ထားတဲ့ ခေါင်းဆောင်တွေထက် စံပြအဖြစ် လုပ်ဆောင်ပြတဲ့ ခေါင်းဆောင်တွေကို ပိုသဘောကျပါတယ်။ ကျွန်တော်တို့အားလုံးဟာ အရာရာတိုင်းမှာ မကျွမ်းကျင်နိုင်တဲ့အတွက် စိတ်တက်ကြွဖို့၊ နည်းနမူနာတွေယူဖို့အတွက် မျှော်ကြည့်ရမယ့် လူတွေလိုအပ်ပါတယ်။ တကယ်လို့ သင်ဟာ ကျန်းမာပြီး လေ့ကျင့်ခန်းလုပ်ဖို့ မကြောက်တဲ့သူ၊ အဆီအဆိမ့်စားရမှာ မကြောက်တဲ့သူ၊ တစ်နေ့ ကော်ဖီသောက်ပြီး အိပ်မငိုက်အောင် လုပ်နေရတဲ့သူမဟုတ်ဘူးဆိုရင် သင်ဟာ ကြိုးစားစရာမလိုဘဲနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နေပါပြီ။ သင့်အလုပ်သမားတွေဟာ သင့်ကို နမူနာယူပြီး မေး ခွန်းတွေ မေးလာခဲ့ရင် သိပ်တွန်းအားမပေးဘဲ ကူညီလမ်းပြပေးလိုက်ပါ။
အလုပ်ရှင်များဂရုပြုရန် - နောက်ဆုံးတစ်ချက်ဟာ အလုပ်ရှင်တွေအတွက်ပါ။