ကြီးပွားတိုးတက်ခြင်းကို ဘယ်လိုတိုင်းတာမလဲ

grossDomestic

GDP သည် ရုပ်ပစ္စည်းကြွယ်ဝမှုကို တိုင်းတာရန်အတွက် ပေတံကောင်းတစ်ခုမဟုတ်တော့ပါ၊ နည်းသစ်ရှာဖွေရန် အချိန်တန်ပြီ။

Gross Domestic Product ခေါ် GDP ၊ သို့မဟုတ် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုဆိုသော ပေတံသည် ကြီးပွားတိုးတက်မှုကိုတိုင်းတာရန်အတွက် မလုံလောက်သော တိုင်းတာမှုစံညွှန်းတစ်ခုဖြစ်ရုံသာမက ရုပ်ပိုင်းဆိုင်ရာကြွယ်ဝမှုကို အတိုကောက်ဖော်ပြသော စံနှုန်းတစ်ခု ဖြစ်နေ ပေသေးသည်။ GDP ၏ အရေးပါမှုနှင့်အသုံးဝင်မှုကို ဆန်းစစ်ရန် အချိန်ကျလာပြီ ဖြစ်ပါသည်။

မှားယွင်းစွာပြနေသောမြန်နှုန်းပြဒိုင်ခွက် . . .

GDP ကို ခုခံကာကွယ်လိုသူများက စာရင်းအင်းအချက်အလက်များမှာ ယခုခေတ်တောင်းဆိုမှုများ၏ လိုအပ်ချက်အတွက် ရေးဆွဲခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုကြပါသည်။ ၁၉၃၀ ပြည့်နှစ်လွန် စီးပွားရေးထိုးကျစဉ်က စတင်တီထွင်ခဲ့ပြီး ၁၉၄၀ ပြည့်နှစ် စစ်ပွဲအတွင်းက အဆောတလျင်လိုအပ်ခဲ့သော GDP ၏ မူလရည်ရွယ်ချက်မှာ ကုန်ထုတ်လုပ်နိုင်သော စီးပွားရေးစွမ်းဆောင်မှုကို တိုင်းတာရန်ဖြစ်သည်။ ယင်းအချိန်မှစ၍ GDP သည် အခွန်အခများကောက်ခံရန်၊ အလုပ်လက်မဲ့ ပြဿနာများနှင့် ငွေကြေးဖောင်းပွမှုများကို ဖြေရှင်းရန်စသည်တို့အတွက် လမ်းစဉ်များချမှတ်ရာတွင် လမ်းပြကြယ်တစ်ခုသဖွယ်ဖြစ်ခဲ့သည်။ သို့ဖြစ်သည့်တိုင် ယင်းတွင် ကျယ်ပြန့်သောမသေချာမတိကျမှုများ မကြာခဏ ရှိခဲ့ပါသည်။ ၂၀၁၄ ခုနှစ်က တွက်ချက်မှုကျွမ်းကျင်သူများသည် ယင်းတို့၏တွက်ချက်မှုများကို ပြန်လည်ပြုပြင်ချိန်ညှိပြီးသည့်နောက် နိုင်ဂျီးရီးယားနိုင်ငံ၏ GDP သည် ၈၉ ရာခိုင်နှုန်းမျှ ခုန်တက်သွားခဲ့ပါသည်။ ကိန်းဂဏန်းများကို ပြန်လှန်သုံးသပ်မှုတွင် အာရုံစိုက်မှုအားနည်းခြင်းနှင့် အရှိန်အဝါချဲ့ကားခြင်းတို့ ပေါင်းစပ်လိုက်သောအခါ အမေရိကန်နိုင်ငံသည် အခြားဥရောပနိုင်ငံများထက် စီးပွားရေးတိုးတက်မှုတွင် များစွာသာလွန်သည်ဟု ထင်ရသည်။ မူဝါဒလမ်းစဉ်ချမှတ်သူများသည် မှားယွင်းသော အချက်အလက်များပေါ်အခြေခံ၍ ဆုံးဖြတ်မှုများ ပြုလုပ်နေသည်ဆိုသော အဓိပ္ပာယ်ပင်ဖြစ်သည်။

စီးပွားရေးကဏ္ဍတွင် တန်ဖိုးမြှင့်တင်မှုတိုင်းတာရန်ဆိုသည့် GDP ၏ မူရင်းရည်ရွယ်ချက်အတွက်ပင် မှန်ကန်စွာမဖော်ပြနိုင်လျှင် လူမှုရေးကိစ္စများအတွက် စံပြဖြစ်ရန်မှာကား သံသယဖြစ်ဖွယ်ရာပင် ဖြစ်သည်။ အမေရိကန်နိုင်ငံအလယ်အလတ်လူတန်းစားများ၏ ငွေကြေးဖောင်းပွမှုကို ချိန်ညှိထားသည့် ဝင်ငွေမှာ ၂၅ နှစ် ခန့်အတွင်း တိုးတက်မှုမရှိသလောက်ပင် ဖြစ်သည်။ သို့သော် အဓိကပင်မ 'ကိုက်တံ' ၊ သို့မဟုတ် 'တိုင်းတာသည့်စံနှုန်း' တွင်မပါဝင်သော လူအများတန်ဖိုးထားသည့်အရာများ တဖြည်းဖြည်းများပြားလာပါသည်။

ကွန်ပျူတာကဲ့သို့သော ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့၏ အရည်အသွေးကို ပုံသေအနေဖြင့်ယူဆကြသည့် ခြွင်းချက်အချို့လည်း ရှိပေသည်။ ။ ဤယူဆချက်သည် ပုံသေသတ်မှတ်ထားသော ကုန်ပစ္စည်းများကို အများအပြားထုတ်လုပ်ခဲ့သော ခေတ်ကာလက မှန်ကန်သော်လည်း ဝန်ဆောင်မှုပါဝင်သော စီးပွားရေးလုပ်ငန်းများ များပြားလာသောအခါ ယင်းယူဆချက်အပေါ် အမှီမပြုနိုင်တော့ပေ။ လုပ်ငန်းရှင်များသည် ထွက်ကုန်အရည် အသွေးနှင့် ပုဂ္ဂိုလ်တဦးချင်းအကြိုက် သီးသန့်ပြုလုပ်ပေးနိုင်သည့် အရည်အချင်းတို့အပေါ် ပြိုင်ဆိုင်နေကြပြီဖြစ်သည်။ စားသောက်ဆိုင်များတွင် ဈေးကြီးသော အစားအသောက်အနည်းငယ်ကိုသာ ရောင်းချလျှင် (ပိုမိုလတ်ဆတ်သော အစားအသောက်များနှင့် စားသုံးသူများ ဆန္ဒရှိသည့်အတိုင်း စားပွဲအနည်းငယ်သာခင်းကျင်းထားခြင်းဖြင့် အပြောင်းအလဲဖြစ်စေသည့်တိုင်) ငွေကြေးဖောင်းပွမှုကိုမြှင့်တင်ပြီး GDP ကို လျော့နည်းစေမည်သာဖြစ်သည်။ Googles နှင့် Facebook တို့ သုံးစွဲသူများကိုပေးသော ဝန်ဆောင်မှုမှာ အခမဲ့ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP နှင့် အကျုံးမဝင်ပေ။ အဖိုးအခဖြင့်ရောင်းချသော တေးဂီတ၊ မြေပုံ အစရှိသည်တို့လည်း အခမဲ့ဖြန့်ဝေခံရသောအခါ GDP တွင် မပါဝင်ပြန်တော့ပေ။ အွန်လိုင်းဈေးဝယ်မှုနှင့် ဘဏ်လုပ်ငန်းများသည် သုံးစွဲသူများအတွက် လက်ဆောင်တစ်ခုပင် ဖြစ်သည်။ သို့သော် ရင်းနှီးမြှုပ်နှံမှုပမာဏလျော့နည်းသွားသည့် သဘောသက်ရောက်လျှင် GDP မှ ထုတ်ပယ်ခြင်းခံရမည်သာ ဖြစ်သည်။

ရေတွက်သည်ကိုရပ်ပြီး အရည်အသွေးကို စပြီးအာရုံစိုက်ရန် . . .

ကြီးပွားတိုးတက်မှုအား ပိုမိုကောင်းမွန်စွာတိုင်းတာရန် အပြောင်းအလဲသုံးခုလိုအပ်ပါသည်။ အလွယ်ကူဆုံးနည်းမှာ GDP အား ပိုမိုကောင်းမွန်အောင်ပြုပြင်၍ ကုန်ထုတ်လုပ်မှုတိုင်းတာရန် အသုံးပြုခြင်းဖြစ်သည်။ လုံးဝစွန့်ပစ်လိုက်ခြင်းကား မှန်ကန်သောလုပ်ရပ်တစ်ခု မဟုတ်ပေ။ GDP ၏ ခိုင်မာသည့် ဆွဲဆောင်မှုတစ်ရပ်မှာ စီးပွားရေးအခြေအနေကို လူအများအားအသိပေးရန် အကျဉ်းချုပ်စစ်တမ်းတစ်ခု 'တင်ပြနေခြင်း' ၊ သို့မဟုတ် 'တင်ပြနေသည်ဟုယူဆရခြင်း' ကြောင့် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် 'ဝန်ဆောင်မှုများ' ကြီးစိုးသော ချမ်းသာသည့်နိုင်ငံများအနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် လူနေမှုအဆင့်အတန်းများကို ပိုမိုတိကျစွာဖော်ပြနိုင်ရန် ရည်ရွယ်သော ကျယ်ပြန့်သည့် စစ်တမ်းအသစ်များကို နှစ်စဉ်ကောက်ယူသင့်ပေသည်။ ဤနည်းသစ်ကို GDP Plus ဆိုပါစို့။ အကောင်းဆုံးထိပ်ပိုင်းမှ အလယ်အလတ်၊ အောက်ခြေပိုင်းစသည့် လူတန်းစားများကို ဝင်ငွေအလိုက်ခွဲခြား၍ လူတန်းစားတစ်မျိုးစီ၏ အမှန်တကယ်သုံးစွဲမှုပုံစံတို့ကို သီးခြားလေ့လာကောက်ယူသင့်ပေသည်။ အခြေခံလူတန်းစားတို့သည် Harvard University ကဲ့သို့သော 'အဆင့်မြင့်ပညာရေး'ထက် မရှိမဖြစ် 'လူသုံးကုန်' အပေါ်တွင် ပိုမိုသုံးစွဲမည်ဖြစ်သည်။

လက်ရှိတိုင်းတာမှုများသည် များစွာတိုးတက်လာလင့်ကစား၊ GDP Plus အနေဖြင့် ဝင်ငွေစီးဆင်းမှုအပေါ် ဆက်လက်လေ့လာအကဲဖြတ်နေသင့်သည်။ တိုင်းပြည်၏ ကြီးပွားတိုးတက်မှုအပေါ် အပြန်အလှန်အတည်ပြု စစ်ဆေးမှုပြုလုပ်နိုင်ရန် တိုင်းပြည်၏ ဆယ်စုနှစ်တစ်ခုစီရှိ (ဆယ်နှစ်တစ်ကြိမ်) ကြွယ်ဝမှုကို မှတ်တမ်းတင်ယူထားသည့် တတိယစစ်တမ်းတစ်ခု ရှိသင့်ပေသည်။ ဤစစ်တမ်းတွင် လမ်းများ ၊ ပန်းခြံများ စသည့် အစိုးရပိုင်ဆိုင်မှုများနှင့် ပုဂ္ဂလိကကြွယ်ဝမှုတို့ ပါဝင်သင့်သည်။ ကျွမ်းကျင်မှုများ၊ အမှတ်တံဆိပ်များ၊ ပုံစံ ရေးဆွဲမှုများ၊ သိပ္ပံပညာဆိုင်ရာ အတွေးအခေါ်များနှင့် Online Network တို့ကဲ့သို့သော လက်ဆုပ်လက်ကိုင်မပြနိုင်သည့် ထုတ်ကုန်များ၏ အရင်းအနှီးများကိုလည်း တန်ဖိုးသတ်မှတ်ရမည်ဖြစ်သည်။ စက်ပစ္စည်းများဟောင်းနွမ်းလာမှု၊ လမ်းများနှင့် လူထုအသုံးအဆောင်များ ပျက်စီးယိုယွင်းမှုများ ၊ ပတ်ဝန်းကျင်ထိခိုက်မှုများကိုလည်း စာရင်းမှတ်တမ်းပြုစုထားသင့်ပေသည်။

ဤစံနှုန်းများဖန်တီးရာတွင် GDP ကို စတင်တီထွင်ဖန်တီးသည့် အချိန်ကကဲ့သို့ အမျိုးသားစစ်တမ်းကောက်သည့် ဌာနများ၏ ရဲရင့်ထက်မြက်သော ပြုပြင်ပြောင်းလဲမှုများ လိုအပ်မည်ဖြစ်သည်။ ယင်းသည့်တိုင် အကဲခတ်ဆုံးဖြတ်မှုကို တန်ဖိုးထားလွန်းသည့် လူ့သဘာဝအရ ပြီးပြည့်စုံသော ခန့်မှန်းချက်ကား ရှိမည်မဟုတ်ပေ။

grossDomestic2

GDP ၏ ဒုက္ခ . . .

''Gross Domestic Product (GDP) သည် ကြီးပွားတိုးတက်မှုကို တိုင်းတာရာတွင် သာ၍သာ၍ ညံ့ဖျင်းလာသည်။ ကုန်ထုတ်လုပ်မှုအတွက်ပင် ယုံကြည်စိတ်ချရသော တိုင်းတာမှုတစ်ခု မဟုတ်တော့ပါ''။

Albert Einstein ၏ အကြီးကျယ်ဆုံးသော ထိုးထွင်းသိမြင်နိုင်စွမ်းများအနက် တစ်ခုမှာ မည်သူက မည်သည့်အချိန် မည်သည့်နေရာတွင် မည်သို့တိုင်းတာသည်ဖြစ်စေ လေဟာနယ်တစ်ခုတွင် အလင်းမြန်နှုန်းမှာ ကိန်းသေတစ်ခုပင်ဖြစ်သည်ဆိုသည့်အချက်ပင်။

အလင်း၏ ဈေးနှုန်းတန်ဖိုးကို တိုင်းတာခြင်းကတော့ ကွဲပြားပါသည်။ မည်သည့်နေရာတွင် မည်ကဲ့သို့ထုတ်လုပ်သည်ဆိုသည့်ပေါ်မူတည်၍ လုံးဝမတူညီသော အဖြေတစ်ခုဖြစ်သည်။

၁၉၉၀ ပြည့်နှစ်များ၏ အလယ်ပိုင်းခန့်က William Nordhaus ဆိုသည့် Yale University မှ စီးပွားရေးပညာရှင်တစ်ဦးက လွန်ခဲ့သည့် ရာစုနှစ်နှစ်ခုအတွင်း အလင်း၏ဈေးနှုန်းကို နည်းလမ်းနှစ်မျိုးဖြင့် တိုင်းတာခဲ့သည်။ တစ်စုံတစ်ယောက်က GDP ကို တိုင်းတာသည့်နည်းဖြင့်လည်း တိုင်းတာနိုင်သည်။ အလင်းထုတ်လုပ်ရန် ဝယ်ယူရသောပစ္စည်းများ၏ တန်ဖိုးများ အချိန်နှင့်အမျှ ပြောင်းလဲလာခြင်းများကို ပေါင်းစပ်ပေးခြင်းဖြင့် တွက်ချက်ခြင်းဖြစ်သည်။ ဤအခြေခံနည်းဖြင့်တွက်လျှင် ၁၈၀၀ ပြည့်နှစ်နှင့် ၁၉၉၂ ခုနှစ်အတွင်း အလင်း၏တန်ဖိုးမှာ သုံးဆမှ ငါးဆခန့်အထိ တက်လာနိုင်ပေသည်။ သို့သော် အလင်းထုတ်လုပ်ခြင်း၏ ဆန်းသစ်ပြောင်းလဲမှု (ဖယောင်းတိုင်မှ တန်စတင် မီးလုံးများသို့) အဆင့်ဆင့်တွင် အသစ်သောတီထွင်မှုတို့က နည်းလမ်းဟောင်းများထက်ပို၍ စွမ်းရည်မြင့်မားပေသည်။ ကုန်ကျစရိတ်ကို အလေးထားသော သိပ္ပံပညာရှင်တစ်ဦးအနေနှင့် အလင်းစွမ်းအင် Lumen-hour တစ်ယူနစ်လျှင် ကျသင့်သော ဆင့်ငွေ (ပြားစွန်း) နှင့် တွက်လျှင် အလင်း၏တန်ဖိုးမှာ အဆပေါင်းရာကျော်ခန့် လျော့နည်းသွားကြောင်း တွေ့ရမည်ဖြစ်သည်။

Mr.Nordhaus  က ဤဥပမာအားဖြင့် လူနေမှုအဆင့်အတန်းပြောင်းလဲမှုများကို တွက်ချက်ရာတွင် စီးပွားရေးပညာရှင်များ၏ ကြိုးပမ်းမှုများတွင် ချို့ယွင်းအားနည်းချက်များ မည်မျှရှိသည်ဆိုသည့် ယေဘုယျအချက်ကို မီးမောင်းထိုး ထောက်ပြလိုက်ခြင်းဖြစ်သည်။ အမှန်တကယ်ဝင်ငွေများအား ခန့်မှန်းသည့် မည်သည့်မှန်ကန်သော တွက်ချက်မှုဖြစ်စေ၊ ကျွနု်ပ်တို့သုံးစွဲသောပစ္စည်းများ၏ အရည်အသွေးကြီးမားစွာ ပြောင်းလဲမှုကို ထည့်သွင်းစဉ်းစားရမည်ဟု ရေးသားခဲ့သည်။ အလင်းနှင့်ပတ်သက်၍ ငွေကြေးဖောင်းပွမှုတိုင်းတာရာ၌ 'အလင်းထုတ်လုပ်မှုအတွက် အသုံးပြုသည့် ပစ္စည်းများ၏ တန်ဖိုးပေါ်မူတည်သော တွက်ချက်မှုနှင့် အလင်းရောင်အရည်အသွေး ချိန်ညှိမှုပေါ်မူတည်၍ တွက်ချက်မှု' နည်းနှစ်ခုမှာ တစ်နှစ်လျှင် ၃.၆ ရာခိုင်နှုန်း ကွာခြားမည်ဖြစ်သည်။ ဗြိတိသျှအစိုးရ၏ မကြာမီက ပြန်လည်ကောက်ယူသော စီးပွားရေးစစ်တမ်းကို ရေးသားပြုစုပေးသည့် စာရေးသူ Sir Charles Bean ဆိုသူက ''ပထမနှစ် တက္ကသိုလ်ကျောင်းသားတစ်ဦးအနေနှင့် GDP ဆိုသည့် အတွေးအခေါ်အား ငွေကြေးဖောင်းပွမှုကို ချိန်ညှိပေးသောစီးပွားရေးကဏ္ဍ၏တန်ဖိုးကို မြှင့်ပေးသော အကြံဉာဏ်တစ်ခုအနေနှင့် မြင်မည်ဆိုလျှင် အလွန်ရိုးစင်းသော အကြောင်းအရာတစ်ခုဟု ထင်ပေလိမ့်မည်'' ဟုဆိုပါသည်။ အသေးစိတ်လေ့လာကြည့်ရှုလိုက်မည်ဆိုပါမူ အလွန်ရှုပ်ထွေးစွာ ဖွဲ့စည်းထားသော အစီအစဉ်တစ်ခု၊ (Mr.Nordhaus ၏ ပုံပြင်တင်ဆက်မှုကဲ့သို့) အမှတ်တမဲ့နေသူအတွက် ထောင်ချောက်ကျော့ကွင်းတစ်ခုပင် ဖြစ်သည်။

ထုတ်လုပ်မှုစည်းဝိုင်း . . .

GDP ကိုတွက်ချက်ရာတွင် ကျယ်ပြန့်များပြားလှသော စီးပွားရေးလုပ်ငန်းများတစ်လျှောက် ရင်းနှီးထည့်ဝင်ငွေ၊ ထုတ်ကုန်၏တန်ဖိုးစသည်တို့ကို တစ်ခုချင်းစီ၏ အရေးပါမှုအလိုက် ပေါင်းစပ်၍ တွက်ချက်ပေးရန် လိုအပ်ပါသည်။ ထွက်ပေါ်လာသောရလဒ်နှင့် အသုံးပြုရသောပစ္စည်း(ရှိခဲ့သော်) နှစ်ခုလုံးကို ယခင်ပြီးခဲ့သောတန်ဖိုးနှင့် နှိုင်းယှဉ်လျှင် လက်ခံနိုင်လောက်သော အခြေအနေတစ်ခုရှိသည့် တန်ဖိုးတစ်ခုရရန် ချိန်ညှိပေးရမည် ဖြစ်သည်။

၁၉၄၀ ပြည့်နှစ်တွင် John Maynard Keynes က 'ပုဂ္ဂလိကသုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှု' နှင့် 'အစိုးရအသုံးစရိတ်' (နိုင်ငံခြားကုန်သွယ်မှုအပါအဝင်) တို့ ပေါင်းထားသော GDP ၏ ခေတ်သစ်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆက်လက်တည်ဆောက်ခဲ့ပါသည်။ Kuznets က အစိုးရအသုံးစရိတ်ကို ပုဂ္ဂလိကလုပ်ငန်းများ၏ ကုန်ကျငွေဟု သတ်မှတ်ပါသည်။ သို့သော် Keynes က အစိုးရ၏ စစ်တွင်းရယူမှုများကို လိုအပ်မှုအနေနှင့် မသတ်မှတ်လျှင် စီးပွားရေးအခြေအနေ တိုးတက်ကြီးပွားလာသည့်တိုင် GDP ကျဆင်းသွားမှာ ဖြစ်သည်ဟု မြင်ပါသည်။

grossDomestic3

ကုန်ထုတ်လုပ်သူတို့၏ကမ္ဘာ . . .

ကျေနပ်နှစ်သိမ့်မှုမရှိခြင်းများက (အချိန်အခါအလိုက်) အပြောင်းအလဲများကို ဖြစ်ပေါ်စေတတ်သည်။ ၁၉၇၂ ခုနှစ်က Yale University မှ လုပ်ဖော်ကိုင်ဖက်နှစ်ဦးဖြစ်သူ Mr Nordhaus နှင့် James Tobin ဆိုသူတို့က အစိုးရ၏ ကာကွယ်ရေးနှင့်ပညာရေးစသည့် ကဏ္ဍများ၏ သုံးစွဲမှုများကို GDP တွင် 'ထုတ်ကုန်' အစား 'ကုန်ကျစရိတ်' ကဏ္ဍတွင် ထည့်သွင်းတွက်ချက်ထားခြင်းကဲ့သို့သော အစိုးရ၏ အသုံးစရိတ်အချို့ကို ထည့်သွင်းစဉ်းစားသည့် ''Measure of economic welfare'' စီးပွားရေးရာထောက်ပံ့မှုများ တွက်ချက်မှုဆိုသည့် အကြံအစည်ကို တင်ပြလာပါသည်။

Kennedy ပြောခဲ့သည်မှာ မှန်ပေသည်။ တန်ဖိုးရှိသောအရာများစွာမှာ ကိုင်တွယ်ထိတွေ့နိုင်သော အရာများသော်လည်းကောင်း၊ ရောင်းဝယ်ဖောက်ကားနိုင်သော အရာများသော်လည်းကောင်း မဟုတ်ပေ။ သို့သော် ရောင်းဝယ်ဖောက်ကားနိုင်သောအရာ အများအပြားမှာလည်း  ထိတွေ့ကိုင်တွယ်နိုင်သောအရာများ မဟုတ်ပါ။ ကုန်ထုတ်လုပ်မှုကို တိုင်းတာရန်ထက်မပိုသောအလုပ်ကို လုပ်ဆောင်ရသည့် အချိန်မျိုးမှာပင် GDP ၏ ပြဿနာတစ်ခုမှာ ကုန်ပစ္စည်းထုတ်လုပ်မှုများ ကြီးစိုးသောကာလကို ပြန်လည်အမှတ်ရဖွယ်ကောင်းသည့် အရာတစ်ခုမျှသာဖြစ်နေခြင်းပင်။ ၁၉၅၀ ပြည့်နှစ်များက ဗြိတိန်နိုင်ငံ၏ GDP တွင် ကုန်ထုတ်လုပ်မှုကဏ္ဍက သုံးပုံတစ်ပုံကျော် ပါဝင်ပါသည်။ ယနေ့ ဆယ်ပုံတစ်ပုံသာ ပါဝင်တော့သည်။

စစ်တမ်းကောက်ယူသူများမှ စီးပွားရေးနှင့် ပတ်သက်သည့် (ထွက်ကုန်) မှန်သမျှ သူတို့၏ကိန်းဂဏန်းများတွင် ပါဝင်ရန် ကြိုးပမ်းကောက်ယူသည့်အတွက် GDP တွင် အကြောင်းအရာသစ်များ တိုးပွားလာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် GDP ၏ စံနှုန်းနှင့် ပတ်သက်သော EU ၏ သဘောတူညီချက်တစ်ခုတွင် (ဥပမာအားဖြင့်) မူယစ်ဆေးဝါးရောင်းချမှုများနှင့် အခပေးလိင်လုပ်ငန်းများကို ထည့်သွင်းခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ပြောင်းလဲမှုများက GDP တန်ဖိုးကို ဝ.၇ ရာခိုင်နှုန်း မြင့်တက်လာစေခဲ့သည်။

grossDomestic4

တန်ဖိုးက မှားယွင်းနေသည် . . .

ပိုမိုရှုပ်ထွေးသောအရာတစ်ခုက GDP ကို လူမှုဖူလုံရေးနှင့် သက်ဆိုင်သော ကိန်းဂဏန်းတစ်ခုဟု မမြင်ရန်၊ စစ်တမ်းကောက်ယူသူများ၏ သတိပေးမှုများနှင့် ဤ အချက်နှစ်ခု (GDP နှင့် လူမှုဖူလုံရေး) မှာ ငွေကြေးဖောင်းပွမှုကို ချိန်ညှိရန် တွက်ချက်ရာ၌ ရောထွေးလေ့ရှိခြင်းပင်ဖြစ်သည်။ ငွေကြေးဖောင်းပွမှုဆိုသည်မှာ တူညီသော လူနေမှုအဆင့်တစ်ခုအတွက် ယခုနှစ်တွင် ယခင်နှစ်ကထက် မည်မျှပို၍ကုန်ကျသည်ကို ဖော်ပြသော ကိန်းဂဏန်းတစ်ခုဖြစ်သည်။ ဦးစွာရှင်းပြရလျှင် ကုန်ပစ္စည်းတစ်ခု၏ ဈေးနှုန်းသည် လူအများ ထိုပစ္စည်းကို ဝယ်ယူအားအပေါ် အကျိုးသက်ရောက်မှုရှိသည်ဆိုသည့်အချက် ဖြစ်သည်။ ပန်းသီးနီဈေးတက်လျှင် ပန်းသီးစိမ်းကို ဝယ်သူပိုများ၍ အမဲသားဈေးထိုးတက်လျှင် ဝက်သားဝယ်သူပိုများမည် ဖြစ်သည်။

နောက်တစ်ချက်မှာ အရည်အသွေးပြောင်းလဲမှု ချိန်ညှိခြင်းပင်ဖြစ်သည်။ ယခုနှစ် Smart Phone များသည် ယခင်နှစ်ကထက် ဈေးကြီးကောင်း ဈေးကြီးပေလိမ့်မည်။ သို့သော် ထိုကဲ့သို့ဖြစ်လျှင် အခြားအကြောင်းများလည်း ရှိနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ စစ်တမ်းကောက်သူများအနေဖြင့် ဈေးနှုန်းအပေါ်တွင်သာအာရုံစိုက်လျှင် ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်တိုးတက်လာခြင်းအား ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုအား တန်ဖိုးအစစ်အမှန်ထက် ပိုမိုဖော်ပြနေကြမှာ ဖြစ်သည်။ ၁၉၉၀ ပြည့် နှစ်လယ်ပိုင်းခန့်က အမေရိကန်ဆီးနိတ်လွှတ်တော်မှ ဖွဲ့စည်းထားသော Standford University မှ Micheal Boskin ဦးဆောင်သည့် စီးပွားရေးဦးဆောင်သူများ အကြံပေးကော်မတီက ကုန်ပစ္စည်းအသစ်များနှင့် အရည်အသွေးများကို ထည့်သွင်းချိန်ညှိရန် ပျက်ကွက်ခြင်းသည် ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းအမှန်ကို နှစ်စဉ်အနည်းဆုံး ဝ.၆ ရာခိုင်နှုန်းခန့် ပို၍ဖော်ပြခဲ့သည်ဟု တွက်ဆခဲ့ကြသည်။

ဝန်ဆောင်မှုများနှင့် ပတ်သက်လျှင် ပို၍ပင် ခက်ခဲပါသည်။ အများအားဖြင့် စံနှုန်းသတ်မှတ်ထားသော ကုန်ပစ္စည်းများနှင့်ယှဉ်လျှင် ပုဂ္ဂိုလ်တစ်ဦးချင်း၏လိုအပ်မှုကိုလိုက်၍ ဝန်ဆောင်မှုပေးနေရသောကြောင့် ဖြစ်သည်။ ထမင်းတစ်နပ်၏တန်ဖိုးမှာ ပါဝင်သော အစားအစာများ၊ ချက်ပြုတ်မှုအရည်အသွေး စသည်တို့ပေါ် မူတည်သည်။ ထို့အပြင် ပတ်ဝန်းကျင်အသံဗလံ၊ ဝန်ဆောင်မှုအမြန်နှုန်း၊ စားပွဲအခင်းအကျင်း၊ နေရာထိုင်ခင်း အကျယ်အဝန်း စသည်တို့ပေါ်တွင်လည်း မူတည်ပါသည်။ ဤအချက်တစ်ခုစီသည် အချိန်နှင့်အမျှ ပြောင်းလဲနေနိုင်ပေသည်။

Boskin ကော်မရှင်ထောက်ပြသည့်အတိုင်း ကုန်ပစ္စည်းအသစ်တို့သည် အထူးသဖြင့် ခေါင်းကိုက်စရာတစ်ခု ဖြစ်သည်။ စာတွေ့အရ စားသုံးသူတို့အတွက် ယင်းပစ္စည်းများ၏တန်ဖိုးမှာ ''Reservation Price'' (ခေါ်) စားသုံးသူများပေးလိုသော ဈေးနှုန်းနှင့် ''Consumer Price'' (ခေါ်) စားသုံးသူတို့ အမှန်တကယ်ပေးရသော ဈေးနှုန်းတို့၏ ခြားနားခြင်းပင်ဖြစ်သည်။

Facebook ၊ Twitter တို့ကဲ့သို့သော ဝန်ဆောင်မှုတို့၏ 'ကနဦးကုန်ကျစရိတ်' မှာ အလွန်ကြီးမားပါသည်။ သို့သော် ဝန်ဆောင်မှုပေးခြင်းကဲ့သို့သော 'ထပ်မံကုန်ကျစရိတ်' မှာ မရှိသလောက်နည်းပါးသည်ဖြစ်၍ သုံးစွဲသူတို့အတွက် ကုန်ကျစရိတ်ပုံမှန်အားဖြင့် လုံးဝမရှိသလောက်ပင် ဖြစ်သည်။ သို့သော် ကမ္ဘာအဝှမ်းသဘောတူညီချက်အရ တန်ဖိုးသုညဖြစ်သော ကုန်ပစ္စည်းများမှာ GDP တွင်မပါဝင်ပေ။ ထို့ကြောင့် Wikipedia နှင့် အခြားသောမည်သူမဆိုသုံးစွဲနိုင်သည့် Computer Program                                များကဲ့သို့သော Digital ထုတ်လုပ်မှုအားလုံးမှာလည်း ထိုနည်းအတိုင်း (GDP တွင် ထည့်သွင်းတွက်ချက်မှု လွတ်နေခြင်း) Google တွင် ရှာဖွေကြည့်ရှုခြင်းအတွက် ငွေပေးစရာမလိုသော်လည်း ကြော်ငြာထည့်သူများပေးရသည့် အဖိုးအခမှာ သုံစွဲသူများအနေနှင့် သွယ်ဝိုက်၍ပေးနေရသကဲ့သို့ဖြစ်သည်။

ဤပြဿနာများက GDP အသုံးချမှုကို ရပ်ဆိုင်းမသွားစေပါ။ သို့သော် သိပ္ပံနည်းပညာဆိုင်ရာ ပြောင်းလဲမှုကို Digital လောကသို့ ပိုမိုဦးတည်နေစေခြင်းအားဖြင့် လေးနက်စွာတိုးတက်လာပုံရပြီး ယင်းပြဿနာများအား ဖြေရှင်းရာမှာလည်း ခက်ခဲပြီး စင်းလုံးချောပြည့်စုံရန်မလွယ်ပေ။ သုံးစွဲသူများအတွက် ထုတ်ကုန်အသစ်များ၊ သို့မဟုတ် အခမဲ့ဝန်ဆောင်မှုများ များပြားလွန်းခြင်းကို စိစစ်ရာတွင် ရဲတင်းပြတ်သားရန် လိုပေသည်။

၁၉၈၀ ပြည့်နှစ်များတွင် Warwick University မှ Nicholas Crafts ဆိုသူ၏ လေ့လာသုတေသနပြုမှုမှ ၁၈ ရာစု စက်မှုလုပ်ငန်းအသွင်ပြောင်းမှုကာလ အဆမတန်များပြားလှသော တီထွင်မှုများကို အသုံးချမှုမှာ ကျဉ်းမြောင်းလှပြီး စီးပွားရေးကဏ္ဍအနည်းတွင်သာ တစ်ဇောက်ကန်းဆန်ဆန် တိုးတက်မှုအနည်းငယ်ကိုသာ တွေ့ရှိရကြောင်း သိရပါသည်။ ယင်းက ကုန်ထုတ်တိုးတက်မှုနှုန်းကို မထူးလှသောတစ်နှစ် ဝ.၅ ရာခိုင်နှုန်းသာ သတ်မှတ်ခဲ့ပါသည်။ မျိုးဆက်တစ်ခုအကြာတွင် Mr. Crafts ၏ လုပ်ဖော်ကိုင်ဖက်များက Steve Broadberry  ၏ ဦးဆောင်မှုအောက်တွင်ပြုလုပ်သော သုတေသနပြုမှုမှ ရလဒ်အနည်းငယ်ပြန်တက်လာကြောင်း ထုတ်ပြန်ခဲ့သည်။

ရာဇဝင်ကိုပြန်ရေးခြင်း . . .

အမျိုးသားဝင်ငွေသည် အစဉ်မပြတ်လှုပ်ရှားနေသော ပစ်မှတ်တစ်ခုဖြစ်သည်။

၁၉၅၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၏ စီးပွားရေး မည်မျတိုးတက်ခဲ့သနည်း၊ ကြာမြင့်စွာကတည်းက ဖြေရှင်းသင့်သည့် မေးခွန်းတစ်ခုဟု ထင်ရပေသည်။ မဖြေရှင်းခဲ့ရသေးပါ။ University of Illinois မှ Samuel Williamson ဆိုသူက ဗြိတိန်အစိုးရ၏ ''Blue Book''  အစီရင်ခံစာတွင် ၁၉၅၉ ခုနှစ်မှစ၍ ရာစုနှစ်တစ်ဝက် (နှစ်ပေါင်းငါးဆယ်ကျော်) အတွင်း GDP နှင့် သက်ဆိုင်သော မတူညီသည့် အဖြေ ၁၈ခုရှိခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ်တွင် ထုတ်ဝေသော Blue Book  က ၂.၇ ရာခိုင်နှုန်းဟု ဖော်ပြ၍ ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေသော စာအုပ်က ၇ ရာခိုင်နှုန်းဟု ဆိုပါသည်။ ဗြိတိန်နိုင်ငံ၏ GDP သည် အစဉ်တစိုက် ပြန်လည်သုံးသပ်ခြင်း ခံနေရပါသည်။

ဗြိတိန်နိုင်ငံသည် မကြာမီက ဖြစ်ပျက်ခဲ့သော ရာဇဝင်များကို ပြန်လည်ရေးသားရသည့် တစ်ခုတည်းသော နိုင်ငံမဟုတ်သည်မှာတော့ အသေအချာဖြစ်သည်။ ချမ်းသာသောနိုင်ငံကြီးတစ်ခု၏ အတွေးအခေါ်များရှင် OECD (Organization of Economic Coperation and Development) က G7 ခုနစ်နိုင်ငံ၏ ပျမ်းမျှ GDP တိုးတက်မှု ကိန်းဂဏန်း (အကြိုကာလ၏နောက်ပိုင်းသုံးနှစ်အတွင်း) ခန့်မှန်းတွက်ချက်မှုများမှာ အနည်းဆုံး ဗြိတိန်နိုင်ငံတွင် တွေ့ရခြင်းခန့်မျှ ကြီးမားပါသည်။ မူရင်းတွက်ချက်မှုများတွင် အကောင်းမြင်လွန်းလေ့ရှိသော အမေရိကန်နိုင်ငံမှလွဲ၍ ပြန်လှန်သုံးသပ်သောနိုင်ငံတိုင်း မှာ မူလတွက်ချက်မှုထက် ပိုမြင့်သောအဖြေကို ရလေ့ရှိကြပါသည်။ သုံးနှစ်ကျော်လွန်လာသောအခါ ဗြိတိန်နိုင်ငံ၏ ပြန်လှန်သုံးသပ်ခြင်းများသည် အခြားဘဝတူ ချမ်းသာသောနိုင်ငံများထက် ပိုများကြောင်း အထောက်အထားများတွေ့ရပါသည်။

grossDomestic5

ဆင်းရဲသောနိုင်ငံများတွင်ကား ပြန်လည်သုံးသပ်မှုရလဒ်များ အလွန်ကြီးမားမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံ၏ GDP ကို ပြန်လည်သုံးသပ်ရာ ၈၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ယင်းနှစ်နောက်ပိုင်းတွင် ကင်ညာနိုင်ငံ၏ GDP ကို ပြန်လည်သုံးသပ်ရာ ၂၅ ရာခိုင်နှုန်းမြင့်လာခဲ့သည်။ ဂါနာနိုင်ငံ၏ GDP ကို ၂၀၁၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ခဲ့သည်။ ဤကဲ့သို့ အချို့သော မြင့်မားသည့် GDP တွက်ချက်မှုရလဒ်များမှ ''Rebasing'' ခေါ် ''Base Level''  အသစ်ဖန်တီးမှုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ GDP ကို တွက်ချက်ရာတွင် သတ်မှတ်ထားသော ''Base Year'' ခေါ် မူရင်းနှစ်တစ်ခုတွင်ရှိသည့် စီးပွားရေး အခြေအနေအရပ်ရပ်ရှိ လုပ်ငန်းများကို စစ်တမ်းကောက်ယူပြီး ယင်းရလဒ် ကိန်းဂဏန်းများကိုစံထား၍ ထုတ်လုပ်မှုများ မည်မျှတိုးတက်လာသည်ကို တွက်ချက်ခြင်း ဖြစ်သည်။ သက်ဆိုင်ရာနှစ်အတွင်း စီးပွားရေးအတွက် အရေးပါမှုပေါ်မူတည်၍ လုပ်ငန်းတစ်ခုစီ၏ အလေးသာမှုကို သတ်မှတ်ပါသည်။ စီးပွားရေးအခြေအနေမှာ အချိန်အခါအလိုက် ပြောင်းလဲနေသောကြောင့် အချို့သောကဏ္ဍများမှာ အခြားကဏ္ဍများထက် ပိုမိုလျင်မြန်စွာ တိုးတက်ခဲ့ပြီး တဒင်္ဂတွက်ချက်မှုများ၏ မှန်ကန်တိကျမှု လျော့နည်းရခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် ပြန်လည်တွက်ချက်မှုမတိုင်မီ နိုင်ဂျီးရီးယားနိုင်ငံ GDP တွက်ချက်မှု၏ ''Base Year'' စံထားသည့်ခုနှစ်မှာ ၁၉၉၀ ပြည့်နှစ်ဖြစ်ပြီး မျှော်လင့်ချက်ကင်းမဲ့ဖွယ် ဟောင်းနွမ်းနေသည့် စီးပွားရေးစနစ်ပုံရိပ်ကိုသာ ပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်ကို အခြေခံသော ပြန်လည်တွက်ချက်မှုများတွင် လတ်တလော ထွက်ပေါ်လာသော မိုဘိုင်းလ်ဖုန်းလုပ်ငန်းနှင့် ရုပ်ရှင်ရိုက်ကူးခြင်း စသည့် လုပ်ငန်းများကို အလေးသာစေခဲ့သည်။ ကင်ညာနှင့် ဂါနာနိုင်ငံတို့တွင် Base Year ကို ပြင်ဆင်သတ်မှတ်ရန် နှောင့်နှေးမှုကြောင့် ထိုနိုင်ငံများ၏ GDP ကိန်းဂဏန်းများမှာ တူညီစွာပင် မတိမကျဖြစ်ခဲ့ကြ သည်။

GDP ကို တွက်ချက်ရန် နည်းလမ်းများစွာရှိပါသည်။ တန်ဖိုးမြင့်ထုတ်ကုန်များ အားလုံးပေါင်းခြင်း၊ သို့မဟုတ် ဝင်ငွေအားလုံးပေါင်းခြင်း၊ သို့မဟုတ် သုံးစွဲငွေအားလုံးပေါင်းခြင်း စသည်တို့ဖြင့် သတ်မှတ်နိုင်သည်။ တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်းလည်းပြုနိုင်သည်။ သို့သော် မတူညီသောနည်းလမ်းများအတွက် လိုအပ်သော အချက်အလက်အသီးသီးကို တစ်ချိန်တည်းရရှိရန် မဖြစ်နိုင်ပေ။ ဗြိတိန်နိုင်ငံတွင် အစောပိုင်း GDP ခန့်မှန်းမှုမှာ လုပ်ငန်းငွေကြေးလည်ပတ်မှုပမာဏကဲ့သို့သော ထွက်ကုန်များကို ကိုယ်စားပြုသည့် အချက်များပေါ်တွင် မူတည်ပါသည်။  အခွန်ပြန်အမ်းငွေကဲ့သို့သော အသုံးစရိတ်နှင့် ဝင်ငွေတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များရရှိနေနိုင်သောအခါ အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်းများ စတင်ပြုလုပ်နိုင်မည်ဖြစ်ကာ များသောအားဖြင့် မြင့်တက်သွားလေ့ရှိသည်ကို တွေ့ရလေ့ရှိသည်။ GDP ကို ခန့်မှန်းတွက်ချက်သော နည်းပြောင်းလဲခြင်းများက ပိုမြင့်သောကိန်းဂဏန်းသစ်များထံ ဦးတည်လေ့ရှိပြီး စစ်တမ်းကောက်ယူသူများအား လုပ်ငန်းသစ်များအပေါ် ခြေရာခံလိုက်ခြင်းတွင် ပိုမိုကျွမ်းကျင်လာစေပါသည်။ ထိုအခါ GDP တွက်ချက်မှုတွင် အချိန်နှင့်အမျှ ပို၍ပို၍ မြင့်တက်လာစေသည်ဟု ထင်ရပေသည်။

Ref: The 21st-century economy: How to measure prosperity, The Economist

အောင်ကို(တောင်ငူ)