''ဂေါက်သီးရိုက်တဲ့သူတွေဟာ တခြားနေရာမှာ စေတနာကောင်းရင်ကောင်းမယ်။ ဂေါက်သီးနဲ့ပတ်သက်ရင်တော့ စေတနာကောင်းသူ ခပ်ရှားရှားကွ။ အပေးအကမ်း အလှူအတန်း ရက်ရောပါတယ်ဆိုတဲ့သူတွေတောင်မှ အချက်ပေးဖို့ကျရင် တွန့်တိုတတ်ကြတယ်''
ဂေါက်သီးရိုက်လာတာ နှစ်ပေါင်းငါးဆယ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ အန်ကယ်ကြီးတစ်ယောက်ရဲ့စကား။ သူကတော့ အမှန်တွေကို တုတ်ထိုးအိုးပေါက်ပြောတတ်ပြီး ရွယ်တူအဘိုးကြီးတွေနဲ့ အစေးမကပ်သူ။ လူငယ်တွေနဲ့ပဲပေါင်းပြီး လူငယ်တွေနဲ့ပဲ ဂေါက်သီးရိုက်တတ်သူ။
နောက်အန်ကယ်ကြီးတစ်ယောက်ကတော့ သူနဲ့ပြောင်းပြန်။ မှန်နေပေမယ့်လည်း အခြေအနေအရ မပြောသင့်ဘူးထင်ရင် နှုတ်ဆိတ်နေတတ်ပြီး လူတိုင်းနဲ့ပေါင်းသူ။ လူငယ်တွေ၊ ပိုက်ဆံအင်အား နည်းပါးသူတွေနဲ့ဆိုရင် ပိုက်ဆံကြေးသိပ်မရိုက်ဘူး။ တခြားသူတွေ၊ အထူးသဖြင့် ငွေနဲ့အာဏာ ပြည့်စုံသူတွေဆိုရင်တော့ ကြေးကြီးကြီးလည်း ရိုက်တယ်။ လိမ်လိမ်မာမာလည်း ညစ်ပတ်တတ်တယ်။
အဲဒီအန်ကယ်ကြီးက မိန်းမလည်း ဆုံးသွားတာကြာပြီ။ သားသမီးတွေကလည်း နိုင်ငံခြားမှာ။ ဘဝရဲ့ လက်ကျန်အချိန်တွေကို သူချစ်တဲ့မြန်မာပြည်မှာ လွတ်လပ်ပျော်ရွှင်စွာ ကုန်ဆုံးစေမယ်ဆိုပြီး ကြေညာထားသူ။ ဒါပေမဲ့ တစ်ခါတစ်ခါတော့ ဘန်ကောက်သွားလည်တယ်။
သူ ဘန်ကောက်သွားရင် အမြဲတမ်းဝင်လေ့ရှိတာ စီးလုံလမ်းမကြီးပေါ်က ဋ္ဌာနီယပလာဇာ။ အဲဒီမှာ ဂေါက်သီးနဲ့ပတ်သက်တဲ့ ဂေါက်တုတ်၊ ဂေါက်အိတ်၊ ဘောလုံး၊ အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်၊ လက်အိတ်၊ မိုးကာ၊ လှည်း၊ တီ၊ မတ်ကာ၊ နာရီ၊ ဆုဖလား စသဖြင့် စုံစုံလင်လင်ရှိတယ်။
သူ ဘန်ကောက်ကပြန်လာရင် ဘာအထူးအဆန်းလေးတွေ ပါလာမလဲ၊ ဘာလက်ဆောင်ပါလာမလဲ မျှော်တတ်ကြတယ်။ အကဲဆုံးက ဦးနှပ်ချေး။ နာမည်ရင်းမဟုတ်ဘူး။ တွန့်တိုလွန်းလို့ သူ့ကို ပေးထားတဲ့နာမည်ပြောင်။ သူက ကပ်စေးနှဲပေမယ့် ဂေါက်သီးရိုက်တော့ ကြေးကြီးရိုက်တယ်။ ပိုက်ဆံချမ်းသာပေမယ့် သိပ်တင်စီးတဲ့သူ။ အတောင်းအရမ်းကလည်း ထူတယ်။
အန်ကယ်ကြီး ဘန်ကောက်ကနေ သြင်္ကန်မကျခင်ပြန်လာပြီး သြင်္ကန်ရက်မှာ ဂေါက်သီးရိုက်ကြတယ်။ အန်ကယ်ကြီးက ကျင်းစိမ်ဘောလုံးအသစ်လှလှလေးနဲ့ ကျင်းစိမ်ကျင့်နေတုန်း ဦးနှပ်ချေးရောက်လာတယ်။ ကျင်းစိမ်ဘောလုံးအသစ်လေးကို ဘန်ကောက်ပြန် သြင်္ကန်လက်ဆောင်ဆိုပြီး အတင်းတောင်းယူလိုက်တယ်။ အနိုင်ကျင့်ယူသွားတာဆိုတော့ အန်ကယ်ကြီးလည်း ပေးလိုက်ရတာပေါ့။
အဲဒီနေ့က ဦးနှပ်ချေး တော်တော်ရှုံးသွားတယ်။ ရိုက်ချက်တွေလည်း ကောင်းပါတယ်။ ဒါပေမဲ့ သူ့အချက်တွေကုန်သွားတာ ဂရင်းပေါ်မှာ။ နင်တို့ လိုင်းကြည့်တာ အသုံးမကျဘူးဆိုပြီး ကယ်ဒီတွေကို ဟောက်တယ်။ လက်ဆတွေ ပျက်နေတယ်ဆိုပြီး သူ့ကိုယ်သူ အပြစ်တင်တယ်။ ၁၈ ကျင်းအပြီးမှာ ကြာကြာတောင် မထိုင်တော့ဘဲ ပြန်သွားတယ်။
ဘန်ကောက်ကပြန်လာတဲ့ အန်ကယ်ကြီး တော်တော်နိုင်လိုက်တယ်။ ပြီးခဲ့တဲ့ ဘန်ကောက်ခရီးစရိတ်တွေ ပြန်ရလိုက်တဲ့အပြင် နောက်တစ်ခေါက်အတွက် လေယာဉ်လက်မှတ်ဖိုးပါ ဖူလုံသွားပြီဆိုပဲ။ လူစုမခွဲခင်မှာ အန်ကယ်ကြီးပြောတဲ့စကားက ဂေါက်သီးသမားတွေ အလကား စေတနာမကောင်းဘူးဆိုတာကို ထောက်ခံလိုက်သလိုလို လို့ ဆိုရမလားပဲ။
''တကယ်က ဦးနှပ်ချေး ကျင်းစိမ်ချက် (Putting) ပျက်တာ မဟုတ်ဘူးကွ။ ငါ့ဆီက အတင်းလုယူသွားတဲ့ ကျင်းစိမ်ဘောလုံးက ဒုက္ခပေးသွားတာ။ ငါကလည်း သူအတင်းတောင်းယူမယ်မှန်းသိလို့ သူ့ရှေ့မှာ အဲဒီဘောလုံးနဲ့ ကျင်းစိမ်ကျင့်ပြနေတာ။
အဲဒီဘောလုံးကို Trick Putt လို့ နာမည်ပေးထားတာကွ။ ဘောလုံးက အလေးပျံ့နှံ့မှုမညီဘူး။ တစ်ဖက်ကို အလေးပိုးထားတယ်။ အဲဒီတော့ ကျင်းစိမ်ရင် ဖြောင့်ဖြောင့်သွားရမယ့်ဘောလုံးက ဝိတ်များတဲ့ဘက်ကို ကွေးဆင်းသွားတာပေါ့ကွာ။ မတရားလိုချင်တာများရင် အခက်ကြုံရတတ်တယ်၊ အစားကြူးရင် အရိုးစူးတတ်တယ်ဆိုတာ ဒါသင်ခန်းစာပေါ့ကွာ''
အန်ကယ်ကြီး ပြုံးပြုံးကြီး အောင်ပွဲခံခဲ့တယ်။ တစ်ဝိုင်းလုံးစားသမျှတောင် ရှင်းသွားလိုက်သေး။ ဦးနှပ်ချေး ကျွေးတာတဲ့။
မောင်စံပေါ