လူကြီးလူညစ်ဂေါက်ပုံပြင်ဆိုပြီး ညစ်တဲ့အကြောင်းတွေ ရေးတာကို ကောင်းတာ၊ စံပြုထိုက်တာလေးလည်း ရေးစမ်းပါဦးလို့ တိုက်တွန်းသူတွေက တိုက်တွန်းပါတယ်။ နဂိုကတည်းကလည်း ရေးဖို့ ရည်ရွယ်ရင်းရှိပါတယ်။ မြန်မာနှစ်သစ်ကူးကာလမှာ မင်္ဂလာရှိတာ၊ ကောင်းတာလေးတစ်ခု ဖောက်သည်ချချင်ပါတယ်။
၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ကမ္ဘာကျော်ဂေါက်သီးချန်ပီယံတစ်ယောက်ဖြစ်တဲ့ အမေရိကန်နိုင်ငံသားတွမ်ကိုက် (Tom Kite) ရဲ့ ဂေါက်ပြိုင်ပွဲတစ်ခုအကြောင်းပြောပါမယ်။
ပြိုင်ပွဲကြီးတစ်ခုရဲ့ နောက်ဆုံးနေ့မှာ တွမ်ကိုက်နဲ့ နောက်တစ်ယောက်ဟာ ရိုက်ချက်တူနဲ့ ဦးဆောင်နေခဲ့ကြတယ်။ ပြီးခါနီးလေ၊ ဖိအားပိုများလေ၊ အမှားမခံလေနဲ့ပေါ့။ ကျင်းတစ်ကျင်းအရောက်မှာ သူတို့နှစ်ယောက်စလုံးရဲ့ ဂေါက်သီးတွေဟာ တစ်နေရာတည်းနီးနီးကပ်ကပ် မြက်အထူထဲ ရောက်သွားခဲ့ပါတယ်။ ပထမဦးဆုံးတွေ့တဲ့ ဂေါက်သီးဘောလုံးကို သူ့ပြိုင်ဘက်ကရိုက်ဖို့ ပြင်တယ်။
ပြောသာပြောတာ ဂေါက်သီးက မြက်ထူထဲမှာဖြစ်ပြီး မှတ်ထားတဲ့ အမှတ်အသားက အောက်ဘက်ရောက်နေတော့ မမြင်ရဘူး။ သူ့ပြိုင်ဘက်ရိုက်ခါနီးမှာ တွမ်ကိုက်က ''ဒါငါ့ဘောလုံးထင်တယ်။ မင်းဘောလုံးက ဟိုဘက်နားမှာ။ သေချာအောင် ရှာကြည့်ကြဦးစို့'' လို့ပြောပြီးတားခဲ့တယ်။ ဂေါက်သီးတွေ့တယ်။ အမှတ်အသားမြင်ရတယ်။ တွမ်ကိုက်ပြောသလိုပဲ သူ့ပြိုင်ဘက်ဂေါက်သီးဘောလုံး ဖြစ်နေတယ်။ ဒါနဲ့ပထမတွေ့တဲ့ဘောလုံးကို တွမ်ကိုက်က ရိုက်တယ်။
ကျန်နေသေးတဲ့ ကျင်းတွေမှာ သူ့ပြိုင်ဘက်က ရိုက်ချက်တွေ ပိုကောင်းခဲ့တယ်။ ပြိုင်ပွဲအပြီးမှာ တစ်ချက်နဲ့ တွမ်ကိုက်ရှုံးခဲ့တယ်။
သတင်းစာရှင်းလင်းပွဲလုပ်တော့ သတင်းထောက်တစ်ယောက်က မေးတယ်။
''တွမ်ကိုက်ရာ။ မင်းအဲဒီကျင်းမှာ မပြောဘဲနေလိုက်ရင် မင်းပြိုင်ဘက်က ဂေါက်သီးမှားရိုက်၊ ပြစ်ဒဏ်နှစ်ချက်ပေး၊ မင်းချန်ပီယံဖြစ်။ ဘယ်လောက်ကောင်းလဲကွာ''
''မကောင်းပါဘူးကွာ။ ငါရှုံးခဲ့လို့ ခံစားရရင် တစ်ပတ်နှစ်ပတ်ပေါ့။ ထားပါကွာ တစ်လပေါ့။ ငါလိမ်ညာညစ်ပတ်ပြီး အနိုင်ယူခဲ့ရင် ငါ့တစ်သက်လုံးလိပ်ပြာသန့်မှာ မဟုတ်တော့ဘူး''
တွမ်ကိုက်အဖြေက သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကို အထင်းသားဖော်ပြတယ်။ တွမ်ကိုက်ရဲ့ လူကြီးလူကောင်း စိတ်ဓာတ်နဲ့ ရိုးသားမှုအတွက် အထူးဂုဏ်ပြုခဲ့ကြတယ်။
ရိုးသားမှုနဲ့ ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့ သူတွေကတော့ တမင်ညစ်ပတ်ဖို့ မပြောနဲ့၊ အခြေအနေပေးလာတာတောင်မှ အခွင့်အရေးမယူတတ်ကြပါဘူး။
မောင်စံပေါ