ဂေါက်သီးရိုက်တဲ့ အပေါင်းအသင်းတွေထဲမှာဆရာကြီးတစ်ယောက်ရှိတယ်။ တပ်မှာအခြားအဆင့် တာဝန်ယူခဲ့တဲ့ အရာခံဗိုလ်၊ ဒုအရာခံဗိုလ်တွေ မဟုတ်ပါဘူး။ ကျောင်းဆရာကြီးလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ မှန်းချင်ရာမှန်း၊ ထင်ချင်တာထင် အားလုံးတစ်ခုမှ မဟုတ်မှာ သေချာတယ်။ ဒါပေမဲ့ သူက ဆရာကြီး။ ဂေါက်ကွင်းမှာတော့ ဆရာကြီး။ သူ့ကို ဘာကြောင့်ဆရာကြီးခေါ်သလဲဆိုတာ နမူနာတစ်ခုပြောပါမယ်။
ဆရာကြီးက ဂေါက်သီးစရိုက်ဖို့ တီခုံပေါ်ရောက်ရင် သူ့ဒရိုင်ဗာနဲ့ ဂေါက်သီးဘောလုံးလေးကို ဟိုလှိမ့်ရိုက် ဒီလှိမ့်ရိုက် လုပ်လေ့ရှိတယ်။ ရှေ့မှာအတွဲမပြတ်သေးလို့ စောင့်နေရတာကြာလေလေ သူရိုက်ကောင်းလေလေပေါ့။ နောက်ပြီးတော့ သူရိုက်နေတာကလည်း စိတ်မပါသလို ဟိုရောက်ဒီရောက် ရိုက်နေသလိုမျိုးပေါ့။ လက်တစ်ဖက်တည်းနဲ့ ရိုက်နေတာ။
လူဆိုတာကလည်း လှုပ်လှုပ်လှုပ်လှုပ် မြင်ရကြားရရင် တယ်စိတ်ဝင်စားတတ်ကြတာကိုး။ တစ်ယောက်ယောက်က မေးလိုက်ပြီဆိုပါစို့။ ဟေ့လူကြီး ငြိမ်ငြိမ်မနေပဲ ဘာတွေလျှောက်လုပ်နေတာလဲ ဘာညာမေးလိုက်လို့ကတော့ သူ့အကွက်ထဲ တစ်ဝက်လောက်ဝင်သွားပြီသာ မှတ်ပေရော့။
ကျင်းစိမ်ရိုက်ချက်တွေ မကောင်းလို့ လေ့ကျင့်နေတာပါဗျာဆိုပြီး ပြန်ဖြေလိမ့်မယ်။ ဟာဒီလူ ရူးများနေလား၊ ကျင်းစိမ်တုတ် (Putter) နဲ့ ဂရင်း (Green) မှာ ကျင့်ရမှာကို တီခုံမှာ ဒရိုင်ဗာနဲ့ ဒီလိုလုပ်နေလို့ဖြစ်မလားစသဖြင့် ထပ်ဆင့်ရင် ဆရာကြီးက ရတာပေါ့ဗျ။ မယုံရင် ကျုပ်နဲ့ခင်ဗျားနဲ့ တစ်ထောင်ကြေးချမလား။ လက်တစ်ဖက်ကြေး၊ ဟိုဘက်ထိပ်က ဂေါက်သီးဘောလုံးကို ဒီကနေရိုက်မယ်။ ထိသူအနိုင်၊ မထိရင် နီးသူအနိုင်။
အဲဒီမှာတင် ဆရာကြီးကို ဆရာကြီးသွားလုပ်ခဲ့သူပြဿနာတက်ပါရော။ ကိုယ်ကသွားစမိခဲ့ပြီကိုး။ လက်မခံရင်လည်း ကြောက်ရာကျဦးမယ်။ ကဲချပေါ့ကွာ။ သေချာတယ်။ တစ်ထောင် တစ်ထောင်နဲ့ တော်တော်လေး ပြောင်သွားမယ်။ ရှေ့မှာရှင်းသွားလို့ ရပ်လိုက်ရရင်တောင် နည်းနည်းတော့ ပါသွားမှာ မြေကြီးလက်ခတ်မလွဲဘူး။
ရှုံးသွားတဲ့ ပိုက်ဆံနည်းနည်းပါးပါးက ဘာမှမပြောပလောက်ပါဘူးဆိုရင်တောင်မှ စိတ်က ကသိကအောက် ဖြစ်သွားခဲ့ပြီလေ။ ကျုပ်တို့အမျိုးတွေက အယူခပ်သည်းသည်း၊ အစွဲခပ်ကြီးကြီးမဟုတ်လား။
မလောင်းပါဘူးဗျာပြောလိုက်ရင် လွယ်လွယ်ကူကူနဲ့ အလကားရမယ့်ပိုက်ဆံပေးသူက ပေးနေတာတောင် မယူတတ်လေခြင်းရယ်လို့ ရယ်သွမ်းသွေးလိမ့်မယ်။ ကလေးစကားနဲ့ပြောရရင် စကြောက်ကြီးပေါ့။
ပြီးရင် တီခုံကစရိုက်ဖို့ အလှည့်မကျမချင်း ဆက်ရိုက်နေလိမ့်မယ်။ မမြင်ဟန်သာဆာင်နေပေရော့။ မကြားဟန်သာဆာင်နေပေရော့။
စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မယ့်သူကတော့ ဆက်လုပ်နေမှာပဲ။ ကိုယ့်မှာ သူလုပ်တာကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင် သူ့ဘာသာစိတ်အနှောင့်အယှက်ဖြစ်လာလိမ့်မယ်။ ဒါဆိုကိုယ်က အသာစီးရသွားပြီ။
ပြောတော့သာလွယ်တာပါ။ ဆရာကြီးကတော့ ဆရာကြီးပါပဲ။ ဆရာကြီးမှန်းမသိအောင်လည်း နေတတ်တယ်။ ဆရာကြီးမှန်းသိလိုက်ချိန်မှာ တစ်ခါလောက်တော့ အတီးလိုက်ရပြီးသားလည်းဖြစ်နိုင်တာပါပဲ။
မောင်စံပေါ