အန်ကယ်ကြီးက ဘဝစုံ၊ အတွေ့အကြုံများတော့ သူပြောတာတွေ နားထောင်ရတာ အင်မတန် တန်ဖိုးရှိတယ်။ သူက ပေါ့ပေါ့ပါးပါးလေးပြောသွားတာတွေမှာတောင်မှ လေးလေးနက်နက် စဉ်းစားစရာတွေ တွေ့ရတတ်တယ်။ မှတ်သားစရာတွေ သတိထားမိတယ်။
ဒီတနင်္ဂနွေမှာ လာရိုက်နေကျ မောင်မြင့်ထွန်းတစ်ယောက် ပေါ်မလာတာနဲ့ အန်ကယ်ကြီးက မေးတယ်။
''မောင်မြင့်ထွန်းတစ်ယောက် မမြင်ပါလားကွ။ ခရီးများ သွားနေသလား။ နေများမကောင်းလို့လား။''
''မဟုတ်ဘူး အန်ကယ်ကြီးရေ။ သူ့လူကြီးက ဂေါက်သီးရိုက်တာ မကြိုက်လို့တဲ့။''
''ဟေ ထူးထူးဆန်းဆန်းပါလားကွာ။ ငါသိသလောက်ကတော့ ဂေါက်သီးရိုက်တာ သဘောကျတဲ့ လူကြီးတွေချည်းပဲ။ သစ်တောမင် ကြီးတစ်ယောက်ဆိုကွာ သူ့ဂျူနီယာတွေကို ဂေါက်သီး စနစ်တကျရိုက်တတ်အောင်၊ အဝတ်အစား သင့်တင့်လျောက်ပတ်စွာ သပ်သပ်ရပ်ရပ်ဝတ်တတ်အောင်၊ နိုင်ငံခြားသွားဖို့ ကြုံလာတဲ့အခါ ဘိုလိုပြောရမှာ မကြောက်ဘဲ ရဲရဲပြောဝံ့အောင်၊ နောက်ဆုံးကွာ အရက်သောက်တာတောင်မှ လူကြီးလူကောင်းလို သောက်တတ်အောင် သင်ပေးသဟ။ လေ့ကျင့်ပေးသဟ။''
''ဒါ အန်ကယ်ကြီးသိတဲ့ နိုင်တီးဂွမ်တီးက အရာရှိကြီးတွေလေ။ အခုဟာက ၂၁ ရာစု။ သတိလည်းထားပါဦး အန်ကယ်ကြီးရာ။''
''ထားပါတော့ကွာ။ ဒါဖြင့် ဘာအကြောင်းကြောင့် ဂေါက်သီးမရိုက်ရဘူးလို့ ပြောတာတုန်း။ ဂေါက်သီးရိုက်တာကို မကြိုက်ရတာတုန်း။''
''အဂတိလိုက်စားမှုတို့၊ လာဘ်ပေးလာဘ်ယူမှုတို့ဆိုတာ ဂေါက်ကွင်းမှာ အများကြီးရှိတယ်တဲ့။ ဂေါက်သီးရိုက်ရင်းနဲ့ ဈေးစကားပြောတာ၊ အပေးအယူလုပ်တာတွေ ရှိတယ်တဲ့။ တချို့များဆို ဖားပြီး ကြေးကြီးကြီး အရှုံးခံရိုက်သတဲ့။''
''မရိုက်နဲ့လို့တော့ မပြောဘူးပေါ့ အန်ကယ်ကြီးရယ်။ လူကြီးမကြိုက်မှန်းသိတော့လည်း ဆင်ခြင်ရတာပေါ့။''
''အင်း ဒါဆိုရင်တော့ မိုက်ကယ်လို လုပ်ရမယ် ထင်တယ်။''
''မိုက်ကယ်ဆိုတာက။''
''မိုက်ကယ်ဆိုတာ ငါ့သူငယ်ချင်း။ ဂေါက်ရိုက်ဖော်။ စင်ကာပူမှာနေတယ်။ သူ့ကုမ္ပဏီရုံးခွဲမှာ သူက မန်နေဂျာ။ အမ်ဒီကို ရုံးချုပ်က တိုက်ရိုက်ခန့်တယ်။ နှစ်နှစ်တစ်ခါ သုံးနှစ်တစ်ခါလောက် အမ်ဒီ အပြောင်းအလဲ ရှိတယ်ပေါ့ကွာ။ ဟိုတစ်နှစ်က အသစ်ရောက်လာတဲ့ အမ်ဒီက ဂေါက်သီးမရိုက်ဘူး။ ဂေါက်သီးရိုက်တာ မကြိုက်ဘူးလို့ မပြောပေမယ့် ပိတ်ရက်တွေကျရင် သူ့အိမ်မှာ မကြာမကြာဆိုသလို စားပွဲသောက်ပွဲတွေ လုပ်သကွ။ မိုက်ကယ်ဂေါက်ရိုက်တာတွေနဲ့ တိုက်ဆိုင်နေတော့ မိုက်ကယ်က မသွားနိုင်။ အမ်ဒီက မကြည်ပေါ့ကွာ။ ဂေါက်သီးကလည်း မင်းတို့သိတဲ့အတိုင်း ပိတ်ရက်တွေဆို ကြိုချိန်းကြရတာကိုး။ ကပ်ပြီးမှလုပ်တဲ့ စားသောက်ပွဲအတွက် ဘယ်သူက ဂေါက်သီးချိန်းထားတာ ဖျက်ချင်မလဲ။''
''မှန်တယ် အန်ကယ်ကြီး။''
''အဲဒီတော့။''
''မိုက်ကယ်လည်း အကြံထုတ်တာပေါ့ကွာ။ ကြုံကြိုက်သလို ဂေါက်ကွင်းအကြောင်းတွေကို အမ်ဒီ စိတ်ဝင်စားမှာလေးတွေစပြီး တစ်လုံးသွင်း နှစ်လုံးသွင်း လုပ်တာပေါ့။ နောက်ပြီး ကွန်ပျူတာဂေါက်သီးဂိမ်းကောင်းကောင်းရှာပြီး အမ်ဒီ့ကွန်ပျူတာမှာ ထည့်ပေးတယ်။ အမ်ဒီက အပျင်းပြေ ဂိမ်းဆော့တတ်တယ်လေ။ အဲဒီမှာတင်ကြာလာတော့ အမ်ဒီကိုယ်တိုင် ဂေါက်သီးရိုက်ပါလေရော။ မိုက်ကယ်က ပြောတယ်။ တွေ့လား လူကြီးကို ထိပ်တိုက်မရင်ဆိုင်ရဘူး။ ဥပါယ်တံမျဉ်သုံးရတယ်တဲ့။''
''အဲဒီ ဥပါယ်တံမျဉ်သုံးတာ အဆင်မပြေရင်။''
''နောက်တစ်မျိုးသုံးပေါ့ကွာ။ ဒါလေးများ။ မောင်မြင့်ထွန်းကိုပြောလိုက်၊ ဟုတ်ပြီလား။''
တွေ့မှ မောင်မြင့်ထွန်းကိုပြောပြီး စမ်းခိုင်းရမယ်။ အဆင်ပြေတာမပြေတာ သူ့ကံပေါ့။ သူ့ဉာဏ်ပေါ်လည်း တည်မှာပေါ့။
မောင်စံပေါ