လူကြီးလူညစ် ဂေါက်ပုံပြင် ၅

တခြားတော့ မသိပါဘူးဗျာ။ ကိုယ့်အမျိုးတွေများ လူကြီးမင်တဲ့ရောဂါ တယ်ကြီးသကိုး။ ဘာအလုပ်မှ မပတ်သက်တာတောင် မြို့ကို လူကြီးအသစ်ရောက်လာရင် လက်ဆောင်ကလေးဆွဲပြီး သွားဂါရဝပြုရတာနဲ့ မိတ်ဖွဲ့ရတာနဲ့။ လူကြီးနဲ့သိကျွမ်းရတာကို ဂုဏ်တစ်ရပ်လို ထင်မြင်ယူဆလက်ခံထားကြတာကလား။ ဘာမဆီ ညာမဆိုင်တာတောင်မှ ဒီလိုဆိုရင် အလုပ်အကိုင်၊ စီးပွားရေး စသဖြင့် ပတ်ပတ်သက်သက်ရှိလို့ကတော့ ပြောမနေနဲ့ပေါ့ဗျာ။

တစ်ရက်မှာ မြို့ကိုလူကြီးတစ်ယောက်လာတယ်။ မြို့ခံလူကြီးထက် အများကြီး မြင့်တာပေါ့။ တပည့်တွေကတော့ မြို့ခံလူကြီးကို အဘခေါ်ပြီး လာတဲ့လူကြီးကို အဘကြီးလို့ ခေါ်သဗျ။ အဘကလည်း အဘကြီး လာသခိုက်မှာ မငြိုငြင်အောင်၊ စိတ်ခုမသွားအောင်၊ ပျော်အောင်ကြိုးစားပြီး လုပ်ကိုင်ပေးပါတယ်။ အဘကြီးမပြန်ခင်မှာ ဂုဏ်ပြုဂေါက်ပြိုင်ပွဲကျင်းပပေးပါတယ်။ အဘကြီးအတွက် ဂုဏ်ပြုဆုကြီးကလည်း ဟီးလို့။ ဂုဏ်ပြုဆုနဲ့ယှဉ်တော့ ပထမအတွက် ဆုတောင်မှ အတော်ကြီးကို သိမ်နုပ်သွားတယ်။

golf5

ပြိုင်ပွဲရိုက်တော့ ထုံးစံအတိုင်း အဘကြီးတို့အဖွဲ့က နောက်ဆုံးအတွဲပေါ့ဗျာ။ နိုင်ငံတကာဂေါက်သီးရိုက်ပြိုင်ပွဲကြီးတွေမှာ နောက်ဆုံးအတွဲဆိုတာ ဦး ဆောင်သူအတွဲကိုး။ မြို့က ဂေါက်ကွင်းက ကိုးကျင်းပဲရှိတယ်။ ၁၈ ကျင်းအပြည့်မရှိဘူး။ ၁၈ ကျင်း ပြိုင်ပွဲလုပ်ချင်ရင် နှစ်ခါပြန်ပတ်ရတာပေါ့။ ရာသီဥတုကလည်းပူ၊ အဘကြီးကလည်း ရိုက်ပြီးသား ကိုးကျင်းကို ထပ်မပတ်ချင်ဘူးဆိုတော့ ကိုးကျင်းပြိုင်ပွဲ ဖြစ်သွားပြီး အဘကြီးတို့အတွဲက နည်းနည်းနေကျမှ ထွက်တယ်။ အဘကြီးရယ်၊ အဘရယ်၊ မြို့ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ရယ်၊ စက်ပိုင်တစ်ယောက်ရယ် အတူရိုက်ကြတယ်။

နောက်ဆုံးကျင်းနံပါတ် ၉ က သတ်မှတ်ရိုက်ချက် ၃ (Par 3) ဖြစ်တဲ့ ကျင်းတို။ ညာဘက်မှာ ယူကလစ်တောနဲ့ ဘယ်ဘက်မှာ ချောက်ရှိတယ်။ အဘက သူ့တပည့်တွေကို သေသေချာချာမှာထားတယ်။ အဘကြီးရိုက်လို့ သူ့ဘောလုံး ဂရင်း  (Green) ပေါ်မရောက်ရင် ကောက်တင်ပေးထားလိုက်ကြ၊ မင်းတို့ကို ကောင်းကောင်းဆုချမယ်တဲ့။ မှောင်ရီပျိုးချိန်မှာ သူတို့အတွဲ နောက်ဆုံးကျင်းကို ရောက်လာတယ်။ ပြောတော့သာမှောင်ရီပျိုး၊ ဘာမှသဲသဲကွဲကွဲ မမြင်ရဘူး။ တီခုံပေါ်က ဘယ်သူရိုက်လို့ ရိုက်မှန်းမသိနဲ့ဆိုတော့ တွေ့သမျဘောလုံးသာ ကောက်တင်ပေးလိုက်ကြစို့ရဲ့၊ အားလုံးဂရင်းပေါ် ရောက်သွားလည်းအေးရောဆိုပြီး တပည့်တွေ သဘောတူထားခဲ့ကြတယ်။

တကယ်တမ်းကျတော့ ယူကလစ်ပင်မှန်တဲ့ အသံကြားရပြီး ပျောက်သွားတာနဲ့၊ ဘယ်ရောက်လို့ ရောက်မှန်းမသိတာနဲ့ မီးထိုးထားတဲ့ဂရင်းပေါ်မှာ ဘာဂေါက်သီးမှ မမြင်ရဘူး။ အဲဒီအချိန်မှာပဲ တပည့်တစ်ယောက်က ခြေထောက်နားမှာ ဂေါက်သီးဘောလုံးတစ်လုံးတွေ့တာနဲ့ ကောက်ပြီးပစ်တင်လိုက်တယ်။ ဂေါက်သီးဘောလုံးက ကျင်းနားရောက်သွားတယ်။

အဘကြီးတို့ စကားတပြောပြောနဲ့ လျှောက်လာကြတယ်။ ကျွန်တော့်ဘောလုံး တောထဲဝင်သွားပြီထင်တာ၊ သစ်ပင်တိုက်ပြီး ဂရင်းပေါ် ရောက်သွားပုံရတယ်တဲ့။ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌရဲ့ဝမ်းသာအားရစကား။ ဟုတ်တယ်လေ၊ ဂရင်းပေါ်က ဂေါက်သီးဘောလုံးမှာ သူ့အမှတ်အသားက ထင်းလို့။ အခြေအနေ မကောင်းမှန်းသိတဲ့တပည့်တွေ မှောင်ရိပ်ခိုကုန်ကြပြီ။ အဘကတော့ စိတ်တိုပြီး အသံမထွက်ဘဲ၊ တပည့်တွေကို ကျိတ်ဆဲတယ်။ ဂရင်းနဲ့မလှမ်းမကမ်းမှာ ဂေါက်သီးဘောလုံးတစ်လုံးချပြီး အဘကြီးဘောလုံးတွေ့ကြောင်း သတင်းပို့တယ်။ အဘကြီးက ချစ်ပါ (Chipper) နဲ့ အသာအယာ လှမ်းတင်လိုက်တယ်။ ရပါပြီအဘကြီး၊ ပါ (Par) ပေါ့။ ဥက္ကဋ္ဌက သွက်သွက်လက်လက် ဆုံးဖြတ်ပေးလိုက်တယ်။

အဘကြီးသာ ပေးတာနော်။ ခင်ဗျားကနီးပေမယ့် ဘာဒီ (Birdie) ဆိုတော့ ကျင်းဝင်အောင် သွင်းရမှာ။ အဘက လှမ်းပြောတယ်။ ကျင်းကစောင်းနေတယ်။ မြင့်တဲ့ဘက်ကိုဆောင်းပြီး အသာလေးရိုက်ရမှာကို ဥက္ကဋ္ဌက နည်းနည်းပိုရိုက်လိုက်တယ်။ အရှိန်များတော့ ဂေါက်သီးဘောလုံးက ကျင်းနှုတ်ခမ်းကနေ လည်ပြီးအောက် ဆင်းသွားတယ်။ မရသေးဘူး ထပ်ပတ်ရမယ်။ အဘကြီးက ပြောတယ်။

ဥက္ကဋ္ဌ ထပ်ပြီးကျင်းစိမ်တယ်။ မဝင်ဘူး။ အဘကြီးတို့ နိုင်သွားတယ်။ ဂရင်းပတ်လည်မှာ စောင့်နေကြတဲ့ ဂေါက်သီးသမားတွေ၊ ပရိသတ်တွေဆီက လက်ခုပ်သံတွေ ဟိန်းထွက်လာတယ်။ အမှောင်ထဲက တပည့်တွေလည်း ခုမှသက်ပြင်းချနိုင်ကြတယ်။ ကျေးဇူးကြီးပါပေ့ ဥက္ကဋ္ဌကြီးရယ်တဲ့။

မောင်စံပေါ