Galaxy Note 7 အလွန် Samsung ရဲ့ အနာဂတ်စိန်ခေါ်မှုများ

Noteseven1

Galaxy Note 7 ထုတ်လုပ်ရောင်းချမှုကို ရပ်ဆိုင်းလိုက်တာက ကမ္ဘာမှာ ရင်းနှီးမြှုပ်နှံမှုအရ ဒုတိယမြောက် အကြီးဆုံးနည်းပညာကုမ္ပဏီဖြစ်တဲ့ Samsung ရဲ့ သမိုင်းမှာ အထင်ကရ ဖြစ်ရပ်တစ်ခု ဖြစ်လာပါတယ်။ အခုလို အဖြစ်အပျက်က Samsung ကုမ္ပဏီအတွက် ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၁၉၉၅ ခုနှစ်တုန်းကလည်း Samsung ကုမ္ပဏီသူဌေးလီကန်ဟီဟာ ထုတ်လုပ်ထားပြီး မိုဘိုင်းဖုန်း ၁၅၀,၀၀၀ ကို အငိုမျက်ရည်တွေနဲ့ ဝန်ထမ်းတွေရှေ့မှာ ဘူဒိုဇာနဲ့ထိုးပြီး မီးရှို့ဖျက်ဆီးပစ်ခဲ့တဲ့ အစဉ်အလာတစ်ခုလည်း ရှိခဲ့ဖူးပါတယ်။

အခုဆိုရင် Samsung ကုမ္ပဏီရဲ့ ထုတ်ခဲ့သမျှ စမတ်ဖုန်းတွေထဲမှာ အကြီးဆုံးနဲ့ အကောင်းဆုံးလို့ ကြော်ငြာထားခဲ့တဲ့ Galaxy Note 7 ရဲ့ ဇာတ်သိမ်းက ကုမ္ပဏီရဲ့အနာဂတ်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ။ အကြောင်းကတော့ Galaxy Note 7 ဟာ Samsung ရဲ့ စမတ်ဖုန်းဈေးကွက်မှာ ဦးဆောင်ထားနိုင်မှုအတွက်  အပြောင်းအလဲတစ်ရပ်ကို ဖြစ်ပေါ်လာစေနိုင်လို့ပါပဲ။

Note 7 အတွက် အကျပ်ရိုက်စေတဲ့ကာလမှာပဲ Samsung က မစ္စတာလီကန်ဟီရဲ့သားလီဂျေယောင်ကို ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ထဲ ထည့်သွင်းတဲ့အကြောင်း ကြေညာခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်နှစ်က နှလုံးရောဂါဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ဖခင်ရဲ့နေရာအတွက် သားဖြစ်သူကို လွှဲပြောင်းပေးမယ့် ခြေလှမ်းတစ်ရပ်ဆိုလည်း မမှားပါဘူး။ စက်တင်ဘာလ အစောပိုင်းကာလအတွင်းမှာ Note 7 ရဲ့ ပြဿနာက ရုန်းထွက်နိုင်ခဲ့ပြီလို့ ယူဆထားပုံရတဲ့အတွက်ကြောင့်လည်း Samsung ဟာ ဒါရိုက်တာဘုတ်အဖွဲ့ အပြောင်းအလဲတစ်ရပ်ကို လုပ်ဆောင်ခဲ့ပုံရပါတယ်။

[caption id="attachment_28121" align="alignnone" width="370"]Noteseven2မစ္စတာလီကန်ဟီရဲ့ အရိုက်အရာကို ဆက်ခံမယ့် သားဖြစ်သူ မစ္စတာလီဂျေယောင်[/caption]

Note 7 ဟာဆိုရင် အထူးရုပ်ထွက်ကောင်းမွန်တဲ့ ကင်မရာ၊ မျက်လုံးဆင်ဆာစနစ် (ဖုန်းဖွင့်ရန်)နဲ့ တကယ့်ကို ကောင်းမွန်တဲ့ ဘက်ထရီတို့ကို အသုံးပြုထားခဲ့လို့ ဖုန်းတစ်လုံးကို ဒေါ်လာရှစ်ရာကျော်အထိ ကျသင့်တဲ့ တန်ဖိုးကြီးဖုန်းအမျိုးအစားဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ဈေးကွက်ကနေ Note 7 ကို ပြန်လည်သိမ်းယူခဲ့တာက Samsung ရဲ့ ဘဏ္ဍာရေးကုန်ကျစရိတ်ကို အတော်လေးကြီးမားစေခဲ့ပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာတော့ Samsung ကုမ္ပဏီက Note 7 ပြန်လည်သိမ်းယူခဲ့လို့ ပြီးခဲ့တဲ့ သုံးလတာဈေးကွက်ကာလအတွင်း ကုမ္ပဏီ အမြတ်ငွေရရှိမှုကို မျှော်မှန်းထားတာထက် သုံးပုံတစ်ပုံလောက် ကျဆင်းသွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Samsung အနေနဲ့ Galaxy Note မျိုးဆက် အဆုံးသတ်သွားခဲ့ပြီဆိုရင်တောင် အခုလိုဆုံးရှုံးမှုက အမြန်ဆုံးရုန်းထွက်နိုင်ဖို့ လိုအပ်မှာပါ။ Samsung အနေနဲ့ လာမယ့်နှစ်အတွင်း မော်ဒယ်သစ်စမတ်ဖုန်းတစ်လုံးကို အလျင်အမြန် ထုတ်လုပ်နိုင်ခဲ့ရင်တောင်မှ အသစ်ထွက်ရှိလာမယ့်ဖုန်းဟာ Samsung ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆည်ယူနိုင်ဖို့ အရေးကြီးပါတယ်။

ဒါပေမဲ့ ကုမ္ပဏီရဲ့ ကာလရှည်တည်တံ့လာတဲ့ ပြဿနာတွေအောက်မှာ Note 7 ရဲ့ အဟန့်အတားက Samsung ရဲ့ အနာဂတ်အတွက် မေးခွန်းထုတ်စရာအများကြီး ဖြစ်ပေါ်လာစေပါတယ်။ Samsung အတွက် နောက်ထပ်မေးခွန်းထုတ်စရာ ပြဿနာတစ်ခုကတော့ ကုမ္ပဏီရဲ့ ကော်ပိုရေးရှင်းပုံစံနဲ့ ရှယ်ယာစနစ်ပါပဲ။

ကုမ္ပဏီရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ လီကန်ဟီဟာ တခြားရှယ်ယာရှင်တွေထက် ရှယ်ယာအနည်းငယ်ပိုများရုံနဲ့ ကုမ္ပဏီတစ်ခုလုံးကို စီမံခန့်ခွဲခွင့်ရရှိစေတဲ့ စနစ်က သွက်ဝိုက်တဲ့နည်းနဲ့ Samsung ရဲ့ အနာဂတ်ကို သက်ရောက်မှုတွေ ရှိနေပါတယ်။ အခုလို စနစ်မျိုးဟာ နိုင်ငံတကာကုမ္ပဏီကြီးတွေရဲ့ စီမံခန့်ခွဲမှုစံနှုန်းထက် နိမ့်ကျနေတာကလည်း သတိပြုစရာပါ။ သာဓကအနေနဲ့ ကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင် မဟုတ်တဲ့ အရာရှိအများစုဟာ နည်းပညာစက်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ လုံလုံလောက်လောက် မရှိကြတာကို ကြည့်နိုင်ပါတယ်။

တကယ်ဆို Samsung ရဲ့ လက်ရှိပြဿနာကို ရှယ်ယာရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Elliott Associates က စီမံခန့်ခွဲတာ အကောင်းဆုံး ဖြစ်ပါတယ်။ အမေရိကန် အခြေစိုက်စီမံခန့်ခွဲရေး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Elliott ဟာ Samsung ရဲ့ ရှယ်ယာ ၀ ဒသမ ၆၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး မစ္စတာလီကန်ဟီမိသားစု ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတန်ဖိုးနဲ့ ကွာခြားမှုသိပ်မရှိလှပါဘူး။ Samsung ကလည်း မစ္စတာလီမိသားစုရဲ့ စီမံခန့်ခွဲခွင့်ကို မထိပါးစေဘဲ ကုမ္ပဏီရဲ့ ရှယ်ယာစနစ်အရှုပ်တော်ပုံကို ပြင်ဆင်ဖို့ အောက်တိုဘာလ ၅ ရက်က Samsung ကုမ္ပဏီကို စာနဲ့အကြောင်းကြားခဲ့ပါတယ်။ မစ္စတာလီကန်ဟီရဲ့ အရိုက်အရာကို ဆက်ခံမယ့် သားဖြစ်သူကတော့ Elliott ရဲ့ အစီအစဉ်ကို လက်ခံနိုင်ဖွယ်မရှိပါဘူး။ မစ္စတာလီရဲ့သားဖြစ်သူဟာ လက်ရှိကော်ပိုရေးရှင်းစနစ်နဲ့ စီမံခန့်ခွဲ မှုပုံစံကို ဆက်လက်ထိန်းသိမ်းသွားမယ့် သဘောရှိနေပြီး သူဟာ Samsung ရဲ့ အနာဂတ်ကို ပြုပြင်ပြောင်းလဲနိုင်မယ့်သူလို့ ထင်ကြေးပေးခံထားရသူတစ်ယောက် ဖြစ်နေပါတယ်။ ဒါပေမဲ့ Elliott အတွက် ဒီနှစ်မှာ Samsung ကို စီမံခန့်ခွဲခွင့်ရရှိဖို့အတွက် အခွင့်အလမ်းတချို့ရှိလာခဲ့ပါတယ်။ အထူးသဖြင့် မစ္စတာလီရဲ့ မိသားစုက Samsung ကို စီမံခန့်ခွဲခွင့်ရရှိဖို့ ကူညီပေါင်းစည်းပေးထားတဲ့ ရှယ်ယာဝင် C&T နဲ့ Cheil ကုမ္ပဏီတို့ဟာ အခုအခါမှာတော့ Elliott နဲ့ ပြန်လည်ပေါင်းစည်းဖို့ အလားအလာပိုနီးလာတာက Elliott အတွက် အခွင့်အလမ်းတစ်ရပ်လို့ ဆိုရမှာပါ။ ဒါကို မစ္စတာလီရဲ့သားအနေနဲ့ မတားဆီးနိုင်ခဲ့ရင် Samsung ရဲ့ အခုတစ်ကြိမ် ယိမ်းယိုင်မှုက ပုံစံတစ်မျိုးနဲ့ ပြန်လည်ရုန်းထလာမယ့် အလားအလာပါပဲ။

တကယ်တော့ Samsung မှာ Note 7 ပြဿနာ၊ ရှယ်ယာဖွဲ့စည်းပုံစနစ်ရှုပ်ထွေးမှု၊ စီမံခန့်ခွဲမှု လစ်ဟာခြင်းနဲ့ အစဉ်အလာလိုဖြစ်နေတဲ့ မှားယွင်းမှုတွေ ထက်ပိုတဲ့ စိန်ခေါ်မှုတွေကလည်း အနာဂတ်လမ်းမှာ ကြိုလင့်လျက်ပါ။ အခုဆိုရင် ဒစ်ဂျစ်တယ် နည်းပညာလမ်းကြောင်းဟာ ဆော့ဝဲလ်နဲ့ ဝန်ဆောင်မှုပုံစံကနေ သတင်းအချက်အလက်နဲ့ စုံစမ်းထောက်လှမ်းမှုဆီ ကူးပြောင်းလာခဲ့ပါပြီ။ ဥပမာ - အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Amazon ရဲ့ Echo Application နဲ့ Google Home ရဲ့ အသံစနစ် ဝန်ဆောင်မှုတွေဟာဆိုရင် သုံးစွဲသူတွေကို အသံနဲ့အမိန့်ပေးပြီး သီချင်းနားထောင်တာတွေ၊ အွန်လိုင်းက အသံစနစ်နဲ့ဈေးဝယ်နိုင်တာတွေအထိတောင် ခရီးပေါက်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် Samsung ရဲ့ Note 7 အလွန် အနာဂတ်စိန်ခေါ်မှုတွေကို အားလုံးထက် Samsung ရဲ့ တာဝန်ရှိသူတွေက ပိုပြီးနားလည်သဘောပေါက်ထားပြီး ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကိုဇေ (ရေဦး)