မလွန်ဆန်နိုင်သောဖြစ်ရပ်နှင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာသိကောင်းစရာ

ကိုဗစ်-၁၉ ကြောင့် အခက်အခဲကြုံနေရသောလုပ်ငန်းများ၌ချုပ်ဆိုထားသည့် သဘောတူစာချုပ်များတွင်ပါရှိသည့် မလွန်ဆန်နိုင်သောဖြစ်ရပ်နှင့်အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာသိကောင်းစရာများကို ဖော်ပြပေးသွားပါမည်။

ဝဏ္ဏကျော်ထင်ဒေါက်တာထွန်းရှင်၊ Mr.Priyank Srivastava

Coronavirus (ကိုဗစ်-၁၉)ရောဂါဖြစ်ပွားခြင်းကြောင့် ကမ္ဘာ့စီးပွားရေးဈေးကွက်အပေါ် သိသိသာသာထင်ရှားစွာအ ခက်အခဲဖြစ်စေသည့်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုပျံ့နှံ့မှုနှုန်းလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့သော ဖွဲ့ဖြိုးဆဲနိုင်ငံများတွင်လည်း အခက်အခဲများကြုံတွေ့ခံစားနေရပါသည်။

မလွန်ဆန်နိုင်သောဖြစ်ရပ်နှင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာသိကောင်းစရာ

၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ မြန်မာနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှုလျှော့ချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှယာယီ Visa ပိတ်သိမ်းခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ခရီးသည်များအား အသွားအလာကန့်သတ်ခြင်း၊ ခရီးသွားများအားလုံးကို သတ်မှတ်နေရာများ၌စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine ပြုလုပ်ခြင်း)များကို မဖြစ်မနေဆောင်ရွက်ရမည့် စီမံချက်များအဖြစ်သတ်မှတ်ပြီး စတင်လုပ်ဆောင်ခဲ့ပါသည်။ သက်ဆိုင်သောစီမံချက် အချို့ကိုစာဖတ်သူများလွယ်ကူစွာသိရှိနိုင်ရန် စုစည်းတင်ပြလိုက်ပါသည်။

(က) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူအဆင်ပြေစေနိုင်ရန်အလို့ငှာ အိမ်သုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှုအတွက် ယူနစ် ၁၅၀ အထိကို ဧပြီလမှဇူလိုင်လအထိ အခမဲ့သုံးစွဲခွင့်ပြုခဲ့ပြီး၊ နောက်ထပ်အခမဲ့သုံးစွဲခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်တွင်ကြေညာခဲ့ပါသည်။

(ခ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဆင်ပြေစေရန် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လျှောက်လွှာဝန်ဆောင်စရိတ်နှုန်းထားများကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်ကြောင်းကြေညာခဲ့ပါသည်။

(ဂ) စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ထားသည့် ကြေညာချက်အမှတ် ၁/၂၀၂၀ အရ ကိုဗစ်-၁၉ ရန်ပုံငွေအတွက် ကျပ်ငွေတစ်ရာဘီလီယံ (အမေရိကန်ဒေါ်လာသန်း ၇၀ နှင့်ညီမျှသော)ကိုထုတ်ပေးပြီး ယင်းရန်ပုံငွေကို CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ (ဦးစားပေးလုပ်ငန်းများ) တွင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အဆိုပါဦးစားပေးစီးပွားရေးလုပ်ငန်းများမှ သုံးလတစ်ကြိမ်ပေးသွင်းရမည့် ဝင်ငွေခွန်နှင့် လစဉ်ကုန်သွယ်လုပ်ငန်းခွန်အတွက် ပေးဆောင်ရမည့်နောက်ဆုံးရက်နှင့် ပို့ကုန်များအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်စသည့် အခွန်ဆိုင်ရာသက်သာခွင့်များကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိခွင့်ပြုပေးခြင်း၊၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်တွင် ထုတ်ပြန်ထားသည့် ကြေညာချက်အမှတ် ၃/၂၀၂၀ အရ ဦးစားပေးစီးပွားရေးလုပ်ငန်းများမှ သုံးလတစ်ကြိမ်ပေးသွင်းရမည့် ဝင်ငွေခွန်နှင့်လစဉ်ကုန်သွယ်လုပ်ငန်းခွန်အတွက် ပေးဆောင်ရမည့် နောက်ဆုံးရက်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိထပ်မံခွင့်ပြုပေးခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင်ထုတ်ပြန်ထားသည့် ကြေညာချက်အမှတ် ၁၀၃/၂၀၂၀ အရ ပို့ကုန်များအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းပေးထားသော ကင်းလွတ် ခွင့်သက်တမ်းကိုလည်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်မှ စ၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ တိုးမြှင့်ခွင့်ပြုပေးခြင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင်ကြေညာချက်အရ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အထွေထွေသီးသန့်ရန်ပုံငွေမှ မြန်မာကျပ်ငွေသိန်း ၁,ဝ၄၇.၆၃၉ ကျပ်ကို လူမှုသက်သာချောင်ချိရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးသို့ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့်ကုသခြင်းဆိုင်ရာအမျိုးသားအဆင့် ဗဟိုကော်မတီ၏သဘောတူညီချက်ဖြင့် လွှဲပြောင်းပေးခြင်းအား အသိပေးထားခြင်း စသည့် အမိန့်ကြေညာစာများကိုအသီးသီးထုတ်ပြန်ခဲ့ပါသည်။

(ဃ) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာအမှတ် ၆၃/၂၀၂၀ အရ လကုန်ပြီးနောက် ၁၅ ရက်အတွင်းလစဉ်ပေးသွင်းရမည့် လူမှုဖူလုံရေးထည့်ဝင်ကြေးများ (အလုပ်ရှင်နှင့်အလုပ်သမားနှစ်ဦးလုံးအတွက်)ကို လကုန်ပြီးနောက်သုံးလအထိတိုးမြှင့်ပေးခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်တွင်ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာအမှတ် ၆၄/၂၀၂၀ အရ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရန် ယာယီပိတ်သိမ်း၊ သို့မဟုတ် ရပ်နားလိုက်ရသည့် ဦးစားပေးလုပ်ငန်းများမှ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများအတွက် လူမှုဖူလုံရေးအဖွဲ့ (SSB) မှ အလုပ်လက်မဲ့ဖြစ်သည့်နေ့မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဖိုးနှင့် ခရီးစရိတ်များကို ဤကြေညာစာထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်အထိတိုးမြှင့်ခံစားခွင့်ပေးခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာအမှတ် ၈၃/၂၀၂၀ အရ ယင်းအမိန့်ကြေညာစာ ထုတ်ပြန်သည့်နေ့မှစ၍ လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွက် ထည့်ဝင်ကြေးပေးသွင်းထားလျှင် ပေးသွင်းထားသည့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို ခံစားခွင့်ပေးခြင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ လ ၂၄ ရက်တွင်ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာ အမှတ် ၁၉၆/၂၀၂၀ အရယင်းအမိန့်ကြေညာစာထုတ်ပြန် သည့်နေ့မှစ၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်အထိ Stay–at–Homeအမိန့်တွင်ပါဝင်သည့် ကန့်သတ်ထားသည့် မြို့နယ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် လုပ်ကိုင်နေကြသည့်အာမခံအလုပ်သမားများသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွက် ထည့်ဝင်ကြေးပေးသွင်းထားသည့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းအား (မိသားစုအကျိုးခံစားခွင့်အနေဖြင့်) ခံစားခွင့်ပေးခြင်း စသည့် အမိန့်ကြေညာစာများကို အသီးသီးထုတ်ပြန်ခဲ့ပါသည်။

အထက်တွင်ဆိုခဲ့သည့်စီမံချက်များမှအပ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသောအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကြောင့်ကြုံတွေ့နေရသည့် အခက်အခဲများထည့်သွင်းစဉ်းစား၍ ချုပ်ဆိုထားသော လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ်များတွင်ပါရှိသည့် မလွန်ဆန်နိုင်သောဖြစ်ရပ်နှင့် အငြင်းပွားမှုဖြေရှင်းခြင်း ဆိုင်ရာသိကောင်းစရာများကိုတင်ပြဆွေးနွေးသွားမည် ဖြစ်ပါသည်။

ဤသို့ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းဥပဒေအကျိုးဆောင်အဖွဲ့ (International Business Law Firm) ဖြစ်သည့် Duane Morris & Selvam LLP (Singapore) နှင့် Duane Morris & Selvam (Myanmar) Ltd တို့၏ အတွေ့အကြုံများကိုအခြေခံ၍ တင်ပြသွားမည်ဖြစ်ပါသည်။

မလွန်ဆန်နိုင်သောဖြစ်ရပ် (Force Majeure) နှင့် ပဋိညာဉ်ပျက်ပြယ်ခြင်းသဘောတရား (Doctrine of Frustration of Contract) ကျင့်သုံးခြင်း

စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းများအနေဖြင့် ယင်းတို့၏ပဋိညာဉ်ဆိုင်ရာတာဝန်ဝတ္တရားများအတိုင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အခက်အခဲများနှင့်သာ ရင်ဆိုင်နေကြရပါသည်။ ယင်းကဲ့သို့သောအခြေအနေမှာပင် ယင်းတို့၏ စီးပွားရေးဆိုင်ရာစာချုပ်တွင်ဖော်ပြထားသည့် ပဋိညာဉ်ဆိုင်ရာ တာဝန်ဝတ္တရားများကိုလည်း မချိုးဖောက်မိစေရန် အထူးဂရုပြုရသည့်အချိန်လည်း ဖြစ်နေပါသည်။ ယင်းနှင့်စပ်လျဉ်း၍ အမေးအများဆုံးမေးခွန်းအချို့ကိုဖော်ပြရလျှင် စာချုပ်ဝင်တစ်ဦးသည် ယင်း၏စီးပွားရေးဆိုင်ရာ စာချုပ်တွင်သတ်မှတ်ဖော်ပြထားသည့် တာဝန်ဝတ္တရားများ မဆောင်ရွက်နိုင်ခြင်းကြောင့် ပဋိညာဉ်ပျက်ပြယ်ခြင်း မဖြစ်စေဘဲ ကင်းလွတ်ခွင့်ရနိုင်သည့် Force Majeure စာပိုဒ်ကိုမှီခို၍ အားကိုးအားထားလို့ရနိုင်မည်လားဆိုသည့် မေးခွန်းနှင့်စာချုပ်ဝင်တစ်ဦးသည် တစ်ဖက်စာချုပ်ဝင်အပေါ်တရားစွဲဆိုခြင်းပြုလုပ်နိုင်ရန် Dispute Resolution စာပိုဒ်ကိုမှီခို၍ အားကိုးအားထားလို့ရနိုင်မည်လားဆိုသည့် မေးခွန်းတို့ဖြစ်ပါသည်။

စာချုပ်ဝင်တစ်ဦးဦးမှ ယင်း၏ပဋိညာဉ်ဆိုင်ရာတာဝန်ဝတ္တရားများကိုဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့် သာမန်မဟုတ်သောအခြေအနေတွင် ထိုစာချုပ်ဝင်တစ်ဦးက အခြားစာချုပ်ဝင်အား တရားစွဲဆိုဆောင်ရွက်ရန်သင့် /မသင့်၊ သို့မဟုတ် စာချုပ်ဝင်များအကြားအခင်အမင် မပျက်ဖြေရှင်းနိုင်ရန် ပဋိညာဉ်စာချုပ်တွင်ဖော်ပြထားသောစာပိုဒ်ကို မှီခိုအားထားရန် သင့်/မသင့် တစ်ခုခုကို ရွေးချယ်ဆုံးဖြတ်ရန်မှာ အမှန်ပင်အကျပ်အတည်းဖြစ်စေပါသည်။ သတိထားရမည်မှာအဆိုပါနည်းလမ်း နှစ်ခုမှဖြစ်ပေါ်လာမည့်ကုန်ကျစရိတ်၊ ရလဒ်၊ အချိန်ကာလ စသည်တို့နှင့်စပ်လျဉ်း၍ မတူညီသည့် အကျိုးရလဒ်များ ဖြစ်ပေါ်လာနိုင်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် စာဖတ်သူများအတွက် အထက်ပါနည်းလမ်းများနှင့်စပ်လျဉ်း၍ ပေါ်ထွက်လာမည့်အကျိုးရလဒ်၏ အဖြေကိုမဖော်ပြမီ စီးပွားရေးဆိုင်ရာစာချုပ်များတွင်ပါဝင်မည့် Force Majeure စာပိုဒ်နှင့် Dispute Resolution စာပိုဒ်တို့၏အကြောင်းကို အဓိကထား၍ စတင်ဖော်ပြလိုပါသည်။

Force Majeure စာပိုဒ်များ

သာမန်အားဖြင့် Force Majeure စာပိုဒ်ကို စာချုပ်ဝင်များအကြားအကာအကွယ်ပေးနိုင်ရန် သီးခြားစာပိုဒ်အဖြစ် ထည့်သွင်းချုပ်ဆိုလေ့ရှိကြသည်။ သို့မှသာလျှင် ယခုလို ကိုဗစ်-၁၉ ရောဂါကဲ့သို့သော သာမန်မဟုတ်သည့်အတားအဆီးတစ်စုံတစ်ရာကိုကြုံတွေ့ရချိန်တွင် Force Majeure စာပိုဒ်မှ ယင်းစာချုပ်တွင်သတ်မှတ်ထားသော ပဋိညာဉ်ဆိုင်ရာတောင်းဆိုချက်များအတွက် ကုစားခွင့်၊ သို့မဟုတ် လွတ်ငြိမ်းခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါကဲ့သို့သောအဖြစ်အပျက်တစ်စုံတစ်ရာဖြစ်ပွားချိန်၌ စာချုပ်ဝင်များအကြား အကာအကွယ်ပေးနိုင်သည့် ယင်းစာချုပ်၏ Force Majeure စာပိုဒ်တွင် အောက်ပါအချက်များဖော်ပြထားခြင်းရှိမရှိ စစ်ဆေးရမည်ဖြစ်သည်။

(က) ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းနှင့် အကျုံးဝင်သည့် အခြားအလားတူအဖြစ်အပျက်တစ်ခုခုအတွက် Force Majeure စာပိုဒ်တွင်သီးသန့်ဖော်ပြထားခြင်း ရှိမရှိ

Force Majeure စာပိုဒ်တွင် ထည့်သွင်းဖော်ပြ၍ရနိုင်သည့် နည်းလမ်းများစွာရှိပါသည်။ အများဆုံးအသုံးပြုသည့်နည်းလမ်းမှာ ကိုဗစ်-၁၉ ကဲ့သို့သော အလားတူသီးခြားဖြစ်ရပ်အမျိုးအစားတစ်ခုခုဖြစ်ပွားနေစဉ်ကာလအတွင်း စာချုပ်ဝင်တစ်ဦးဦးက ယင်းတို့၏ ပဋိညာဉ်ဆိုင်ရာတာဝန်များမှ ကင်းလွတ်ခွင့်ပြုနိုင်ရန် အဓိပ္ပာယ်သက်ရောက်စေသည့် စာပိုဒ်တစ်ခုခုကိုထည့် သွင်းဖော်ပြထားခြင်း ဖြစ်ပါသည်။ ‘ပလိပ်ရောဂါ၊ ဗိုင်းရပ်စ်ဖြစ်ပွားခြင်း၊ ကူးစက်ရောဂါ၊ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ’ စသည့် သီးခြားဖြစ်ရပ် ကိုဖော်ပြသည့် စကားလုံးအသုံးအနှုန်းများသည် ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလအတွင်း စာချုပ်ဝင်များအကြားကင်းလွတ်ခွင့်ရနိုင်ရန် အကာအကွယ်ပေးနိုင်သည့် စကားလုံးများဖြစ်ပါသည်။

အကယ်၍ အဆိုပါစကားလုံးများကို Force Majeure စာပိုဒ်တွင်ဖော်ပြထားခြင်း မရှိလျှင် ‘စာချုပ်ဝင်များအကြား ထိန်းချုပ်တားမြစ်ချက်များမှကျော်လွန်သည့်ဖြစ်ရပ်’ သို့မဟုတ် ‘အစိုးရ၏ဆောင်ရွက်ချက်များ’ဖြစ်သည့် သက်ဆိုင်ရာအစိုးရအဖွဲ့မှ ခရီးသွားလာခြင်းကိုတားမြစ်ခြင်း၊ Quarantine ပြုလုပ်ခြင်းနှင့်ကုန်သွယ်မှုတားမြစ်ကြောင်းကြေညာခြင်းများ စသည့်အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စာချုပ်ဝင်များအနေဖြင့် ရှာဖွေကိုးကားနိုင်ပါသည်။

သို့သော် စာချုပ်ဝင်များသတိပြုရမည်မှာ ဘဏ္ဍာရေးဆိုင်ရာတာဝန်၊ သို့မဟုတ် အမြတ်အစွန်းကျဆင်းမှုများနှင့်သက်ဆိုင်သည့်အရာများကို Force Majeure စာပိုဒ်တွင် သို့မဟုတ် လွှမ်းမိုးသောဥပဒေစာပိုဒ်တွင် Force Majeure ဖြစ်ရပ်အဖြစ်ထည့်သွင်း၍ သတ်မှတ်လို့မရနိုင်ပါ။ ဥပမာ – အစိုးရ၏ စီမံဆောင်ရွက်မှုတစ်ခုခု၊ သို့မဟုတ် သဘာဝဖြစ်ရပ်တစ်ခုခုသည် ထုတ်ကုန်၊ သို့မဟုတ် ဝန်ဆောင် မှုအချို့အတွက် ဝယ်လိုအားကို လျော့နည်းစေခြင်းဖြစ် ပြီး၊ တစ်နည်းအားဖြင့် ဈေးကွက်ကိုပြောင်းလဲစေခြင်း စသည်တို့ကို ကြိုတင်မမြင်နိုင်သောဖြစ်ရပ်တစ်ခုခု၊ သို့မဟုတ် ဆောင်ရွက်ရန် မဖြစ်နိုင်သောဖြစ်ရပ်တစ်ခုအဖြစ် စဉ်းစားလို့မရနိုင်ပါ။

(ခ) Force Majeure ဖြစ်ရပ်ဖြစ်ပွားချိန်တွင် ပဋိညာဉ်စာချုပ်တွင်ပါဝင်သူသည် တစ်ဖက်စာချုပ်ဝင်အားအကြောင်းကြားရန်လို/မလို

အဆိုပါလိုအပ်ချက်သည် Force Majeure စာပိုဒ်၌ ဖော်ပြသတ်မှတ်ထားသည့် အချက်ပေါ်တွင်မူတည်၍ ကွဲပြားသွားမည်ဖြစ်ပါသည်။ Force Majeure ဖြစ်ရပ်အ တွက် အကြောင်းကြားစာချက်ချင်းပေးရန်လိုအပ်ပြီး အကြောင်းကြားရန်ပျက်ကွက်ခဲ့လျှင် ပဋိညာဉ်စာချုပ်တွင် ပါဝင်သည့် စာချုပ်ဝင်၏ တာဝန်ဝတ္တရားများကိုဖယ်ရှားရန်၊ သို့မဟုတ် ပြောင်းလဲရန် Force Majeure စာပိုဒ်အပေါ်တွင် မှီခိုအားထားမှုပြုနိုင်မည် မဟုတ်ပါ။

ဥပမာအားဖြင့်ဆိုသော် Force Majeure စာပိုဒ်တွင် Force Majeure ဖြစ်ရပ်သည် နေ့ရက်ထက်ကျော်လွန်၍ ဆက်လက်ဖြစ်ပွားလျှင် စာချုပ်ဝင်များသည် စာရေးသားအကြောင်းကြား၍ ပဋိညာဉ်ကိုရပ်စဲနိုင်သည် စသည်ဖြင့်ထည့်သွင်းချုပ်ဆိုရမည်ဖြစ်ပါသည်။ နေ့ရက်ကျော်လွန်သည့်တိုင်အောင် Force Majeure ဖြစ်ရပ်ဆက်လက်ဖြစ်ပွား နေသည့်အခြေအနေတွင် ပဋိညာဉ်ကိုရပ်စဲရန် ပဋိညာဉ်စာချုပ်တွင် ပါဝင်ကြသူများက စာရေးသားအကြောင်းကြားရန် လိုအပ်မည်ဖြစ်ပါသည်။

ထို့အပြင် Force Majeure ဖြစ်ရပ်ဖြစ်ပွားနေစဉ် ကာလအတွင်းစာချုပ်ရပ်စဲရန် စာချုပ်ဝင်များမှအကြောင်း ကြားစာပေးပို့ရန် မလိုအပ်ဘဲ အလိုအလျောက် စာချုပ်ရပ်နားသွားသည့် သာဓကများလည်းရှိနိုင်ပါသည်။ Force Majeure ဖြစ်ရပ်အဖြစ်ကြေညာခြင်း၏ နောက်ဆက်တွဲများ ဖြစ်သည့်ပဋိညာဉ်အတိုင်း ဆောင်ရွက်ရန်ကြန့်ကြာခြင်း၊ သို့မဟုတ် ခေတ္တရပ်ဆိုင်းခြင်းတို့မှတစ်ဆင့် ပဋိညာဉ်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသည့် ပြဋ္ဌာန်းချက်များ အပေါ်မူတည်၍ ပဋိညာဉ်ရပ်စဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

ထိုကဲ့သို့သော အဖြစ်အပျက်များတွင် ပဋိညာဉ်စာချုပ်ပါ Force Majeure စာပိုဒ်ကို အသုံးချနိုင်မှုသေချာစေရန်အလို့ငှာနှင့် အဆိုပါပဋိညာဉ်စာချုပ်တွင် ပါဝင်ချုပ်ဆိုသူတို့ရရှိရမည့် ကုစားခွင့်များနှင့်ရွေးချယ်ပိုင်ခွင့်များ သေချာစေရန်အလို့ငှာ အောက်ဖော်ပြပါပြဋ္ဌာန်းချက်များကို အလေးထားစိစစ်ရမည်ဖြစ်ပါသည်။

ပဋိညာဉ်ပျက်ပြယ်ခြင်းအကြောင်းတရား (Doctrine of Frustration of Contract)

Force Majeure စာပိုဒ်ကို ပဋိညာဉ်တွင်ထည့်သွင်းဖော်ပြထားခြင်းမရှိသည့်ဖြစ်ရပ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စာချုပ်ဝင်များ၏ ပဋိညာဉ်ဆိုင်ရာတာဝန်ရှိမှုများကိုဖယ်ရှားရန် ‘Doctrine of Frustration of Contract’ ကိုစာချုပ်ဝင်များသည် မှီခိုအားထားမှုပြုနိုင်ပါသည်။ သာမန်အားဖြင့် စာချုပ်ဝင်များမှ ထိန်းချုပ်နိုင် ခြင်းမရှိသည့် မမျှော်မှန်းနိုင်သောဖြစ်ရပ်တစ်ခုဖြစ်ပွား၍ ပဋိညာဉ်စာချုပ်ပါအတိုင်း ဆောင်ရွက်ရန် မဖြစ်နိုင်တော့ခြင်း၊ သို့မဟုတ် ယင်းတို့၏ ပဋိညာဉ်ဆိုင်ရာတာဝန် ဝတ္တရားများကိုဆောင်ရွက်ပေးရန် စာချုပ်ဝင်ကိုတောင်းဆိုရန် တရားမျှတမှုမရှိသည့်အခါတွင် ပဋိညာဉ်ပျက်ပြယ်ခြင်းအကြောင်းတရား ဖြစ်ပေါ်စေပါသည်။

‘Doctrine of Frustration of Contract’ ကို Common Law စနစ်ကျင့်သုံးနေသည့် မြန်မာနိုင်ငံအနေဖြင့် ၁၈၇၂ ခုနှစ်၊ မြန်မာနိုင်ငံပဋိညာဉ်အက်ဥပဒေ၊ ပုဒ်မ ၅၆ တွင် ပြဋ္ဌာန်းထားသည်မှာ ပဋိညာဉ်ပြုလုပ်ပြီးနောက်တွင် တာဝန်ဝတ္တရားရှိသူက တားဆီး၍မရနိုင်သည့်အကြောင်းတစ်စုံတစ်ရာကြောင့် မဖြစ်သင့်သောအခြေအနေသို့ ရောက်ရှိလျှင်ဖြစ်စေ၊ ဥပဒေနှင့်မညီညွတ်၍ ဖြစ်လာသည့် အချိန်အခါတွင်ဖြစ်စေ ပဋိညာဉ်ပျက်ပြယ်သည်ဟုဆိုထားပါသည်။

၁၈၇၂ ခုနှစ်၊ မြန်မာနိုင်ငံပဋိညာဉ်အက်ဥပဒေပုဒ်မ ၅၆ သည် ကိုဗစ်-၁၉ ရောဂါကဲ့သို့သော ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခြင်းကြောင့် စာချုပ်ဝင်များမှ ပဋိညာဉ်ဆိုင်ရာ တာဝန်ဝတ္တရားများကိုဆောင်ရွက်ခြင်းမပြုနိုင်သည့်အချိန်တွင် အကာအကွယ်ပေးသည့်ပြဋ္ဌာန်းချက်ဖြစ်လာသည်။ အထူးသဖြင့် နိုင်ငံအများအပြားတွင် ခရီးသွားလာခြင်းကို ကန့်သတ်ခြင်းများ၊ Quarantine ပြုလုပ်ဆောင်ရွက်ခြင်းများနှင့် ကုန်သွယ်မှုတားမြစ်ခြင်းဆိုင်ရာ ကန့်သတ်မှုများကို ချမှတ်ထားသည့်အခါများတွင် စာချုပ်ဝင်များအနေဖြင့် ပဋိညာဉ်ဆိုင်ရာတာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်မဖြစ်နိုင်ခြင်း၊ သို့မဟုတ် အခက်တွေ့စေသောကြောင့် Doctrine of Frustration ကိုအသုံးပြုနိုင်သည်။

အထက်တွင်ဆိုခဲ့သည့် Doctrine of Frustration နှင့်ပတ်သက်၍ မြန်မာနိုင်ငံတရားရုံးများမှအနက် အဓိပ္ပာယ်ဖွင့်ဆိုထားသော စီရင်ထုံးများမရှိသေးကြောင်း သတိပြုမိစေလိုပါသည်။ မြန်မာနိုင်ငံတရားရုံးများသည် Doctrine of Frustration ကိုကာလစည်းကမ်းသတ်မှတ်ချက်များ မထားရှိဘဲအသုံးပြုမည်မဟုတ်ဟု ထင်မြင်ယူဆမိပါသည်။ အထူးသဖြင့် ‘မဖြစ်နိုင်ခြင်း’ ဆိုသည့်အချက်တွင်ကုန်သွယ်မှုဆောင်ရွက်ရန် မဖြစ်နိုင်ခြင်းတို့ မပါဝင်သည်ကို သတိပြုမိပါသည်။

လွှမ်းမိုးသောဥပဒေ (Governing Law)

စာချုပ်ဝင်များအနေဖြင့် စာချုပ်တွင် လွှမ်းမိုးသောဥပဒေကိုရွေးချယ်ရာတွင် နိုင်ငံရပ်ခြားဥပဒေကိုရွေးချယ်ရမည်ဆိုသည့် ကန့်သတ်ချက်မရှိပါ။ ဆိုခဲ့သည့်အတိုင်းစာချုပ် ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်ရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံရှိတရားရုံးများတွင်သာ သက်ဆိုင်သောကြောင့် စာချုပ်ဝင်အများစုမှာ မြန်မာဥပဒေကိုသာရွေးချယ်လေ့ရှိကြသည်။ အများအားဖြင့် ငွေရေးကြေးရေးနှင့်စပ်လျဉ်းသည့် အာမခံစာချုပ်စာတမ်းများကိစ္စရပ်မှာဆိုလျှင် စာချုပ်ဝင်များသည် မြန်မာဥပဒေကို လွှမ်းမိုးသောဥပဒေအဖြစ် ရွေးချယ်ကြပါသည်။

Force Majeure နှင့်စပ်လျဉ်းသည့်လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကိစ္စရပ်များတွင် Force Majeure စာပိုဒ်ကို မည်သို့အနက်ပြန်ဖွင့်ဆိုရမည်၊ အကယ်၍စာချုပ်ထဲတွင် Force Majeureစာပိုဒ်ကို အတိအလင်းရေးသားဖော်ပြထားခြင်းမရှိလျှင် စာချုပ်ဝင်များသည် ယင်းတို့၏ ပဋိညာဉ်ဆိုင်ရာတာဝန်ဝတ္တရားများကို မည်သည့်အတိုင်းအတာအထိ ကင်းလွတ်နိုင်မည်ဆိုသည့်အချက်ကို စာချုပ်ဝင်တို့မှ ရွေးချယ်ထားသည့် လွှမ်းမိုးသောဥပဒေကသာ အဆုံးအဖြတ်ပေးသွားမည်ဖြစ်ပါသည်။

ထို့ကြောင့် ချုပ်ဆိုထားသည့်စာချုပ်မှ Force Majeure စာပိုဒ်များအပြင်၊ စာချုပ်ဝင်တို့က စာချုပ်တွင် ထည့်သွင်းထားသည့် လွှမ်းမိုးသောဥပဒေကိုရွေးချယ်ရာတွင် အထူးသတိပြု ရွေးချယ်ရန်လိုအပ်ပါသည်။ အချို့သောစီရင်ပိုင်ခွင့်ရှိသည့် ဥပဒေများသည် စာချုပ်၏အပိုဒ်များတွင် နောက်ထပ်ဖြည့်စွက်ချက်များ လိုအပ်လာနိုင်ပေသည်။ ဥပမာအားဖြင့် အချို့နိုင်ငံများသည် Force Majeure စာပိုဒ်ဖွင့်ဆိုချက်များတွင် အချို့နိုင်ငံများ၏ဖွင့်ဆိုချက်မှ အနည်းငယ်ကွဲပြားလေ့ရှိပါသည်။ သို့ဖြစ် ၍ စာချုပ်ဝင်များမှ နိုင်ငံရပ်ခြားဥပဒေကိုလွှမ်းမိုးသောဥပဒေအဖြစ် ပဋိညာဉ်စာချုပ် ချုပ်ဆိုရာတွင် ယင်းနှင့်သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေရှုထောင့်များမှ စာချုပ်၏စာပိုဒ်အပေါ်မည်သို့အကျိုးသက်ရောက်နိုင်ကြောင်းသိရှိရန် အကြံဉာဏ်၊ အကူအညီရယူခြင်းက အကောင်း ဆုံးနည်းလမ်းဖြစ်ပါသည်။

သတိပြုရမည့်အချက်မှာ၊ ပဋိညာဉ်စာချုပ်များတွင် Force Majeure စာပိုဒ်ကို အတိအလင်းရေးသားဖော်ပြထားခြင်းမရှိပါက မမျှော်လင့်ဘဲဖြစ်ပွားသော အဖြစ်အပျက်များနှင့် ကြုံတွေ့လာရသောအချိန်တွင် စာချုပ်ဝင်များသည် လွှမ်းမိုးသောဥပဒေအရ သွယ်ဝိုက်၍ ယင်းတို့အတွက်အခွင့်အရေးနှင့် တာဝန်ဝတ္တရားများရရှိသွားမည် ဖြစ်ပါသည်။ အင်္ဂလိပ်ရိုးရာဥပဒေ (Common Law)) ကျင့်သုံးသောနိုင်ငံများတွင် ပဋိညာဉ်ပျက်ပြားခြင်းသဘောတရား (Doctrine of Frustration) ကိုကျင့်သုံးပြီး အခြားသောနိုင်ငံများတွင်လည်း ယင်းတို့သက်ဆိုင်ရာသဘောတရားများကို ကျင့်သုံးကြမှာဖြစ်ပါသည်။

အငြင်းပွားမှုဖြေရှင်းခြင်း

ယေဘုယျအားဖြင့် စာချုပ်ဝင်တစ်ဦးမှ Force Majeure စာပိုဒ်ကိုအသုံးပြုရန်ဆုံးဖြတ်ပါက ထိုအချိန်တွင်ရွေးချယ်စရာနည်းလမ်းနှစ်ခု ပေါ်ပေါက်လာနိုင်ပါသည်။ ပထမအနေဖြင့် Force Majeure စာပိုဒ်ကိုအသုံးပြုခြင်းဖြင့် စာချုပ်ဝင်မှတစ်ဖက်စာချုပ်ဝင်အပေါ် ယင်းတို့၏ စီးပွားရေးဆိုင်ရာဆက်နွှယ်မှုကို မည်ကဲ့သို့သော အကျိုးသက်ရောက်မှုမျိုးရှိလာနိုင်သည်ဆိုသည့်အကြောင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်မှာဖြစ်ပါသည်။ ဒုတိယအ နေဖြင့် အကယ်၍ စာချုပ်ဝင်တို့အကြားအငြင်းပွားမှုကိုဖြေရှင်းရန် သဘောတူညီချက်မပြုလုပ်နိုင်ခဲ့ပါက စာချုပ်ဝင်တစ်ဖက်ဖက်မှ ပဋိညာဉ်စာချုပ်အတိုင်း တရားစွဲဆိုမှုများ ဆောင်ရွက်နိုင်ခြင်း ရှိမရှိကိုလည်းထည့်သွင်းစဉ်းစား၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်မှာဖြစ်ပါသည်။

ဥပဒေအရ တရားစွဲဆိုမှုများမပြုမီ၊ စာချုပ်ဝင်များအကြား အငြင်းပွားမှုများကို (Force Majeure ဖြစ်ပွားသည်ဖြစ်စေ၊ မဖြစ်ပွားသည်ဖြစ်စေ) ဖြေရှင်းရန် စာချုပ်ပါအငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာစာပိုဒ်အရ မည်သည့်နည်းလမ်းများဖြင့် စွဲဆိုရမည်ဆိုသည့်အချက်များကို ထည့်သွင်းဖော်ပြထားခြင်းရှိမရှိနှင့် တရားစွဲဆိုမှုပြုလုပ်ပါက ယင်းတို့၏ ပဋိညာဉ်နှင့်စပ်လျဉ်း၍ မည်ကဲ့သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်မည်လား စသဖြင့် ချင့်ချိန်ပြီးမှ ပြုလုပ်သင့်ပါသည်။

အထူးသဖြင့် ပဋိညာဉ်စာချုပ်တွင် မည်သည့်အငြင်းပွားမှုကိုမဆို ခုံသမာဓိအဆုံးအဖြတ်ရယူမည်ဆိုသည့် ခုံသမာဓိဆိုင်ရာ အဆုံးအဖြတ်ပေးခြင်းစာပိုဒ်များ၊ သို့မဟုတ် ပြည်တွင်းတရားရုံးများတွင် ဥပဒေအရတရား စွဲဆိုမှုများဆောင်ရွက်နိုင်သည့်၊ သို့မဟုတ် ဆောင်ရွက်ရမည့် တရားရုံးဆိုင်ရာစာပိုဒ်များရှိမရှိ စစ်ဆေးဆောင်ရွက်သင့်ပါသည်။

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများပါဝင်သည့် ပဋိညာဉ်စာချုပ်တွင် ခုံသမာဓိဆိုင်ရာအဆုံးဖြတ်ပေးခြင်း စာပိုဒ်အား အငြင်းပွားမှုဖြေရှင်းသည့်နည်းလမ်းအဖြစ် ထည့်သွင်းရေးသားထားလေ့ရှိပါသည်။ ထိုအငြင်းပွားမှု များနှင့်စပ်လျဉ်း၍ စာချုပ်ဝင်များသည် ယင်းတို့၏စာချုပ်တွင်ထည့်သွင်းထားသည့် အငြင်းပွားမှုဖြေရှင်းခြင်း ဆိုင်ရာစာပိုဒ်များအရ ချက်ချင်း ဖြေရှင်းဆောင်ရွက်နိုင်ရန် ခုံရုံး၊ သို့မဟုတ် ပြည်တွင်းတရားရုံးများတွင် ကြားဖြတ် အမိန့်လျှောက်ထားနိုင်ခြင်းရှိမရှိကို စူးစမ်းလေ့လာချင်ကြ မည်ဖြစ်သည်။ အများအားဖြင့် စာချုပ်ဝင်များက တရားစွဲ ဆိုခြင်းနည်းလမ်းကို ရွေးချယ်ဆုံးဖြတ်လိုက်ရသည့် အကြောင်းရင်းမှာ တစ်ဖက်စာချုပ်ဝင်နှင့် ဆွေးနွေးညှိနှိုင်း မှု အမျိုးမျိုးပြုလုပ်ပြီးနောက် မတတ်နိုင်တော့သည့်အဆုံး တွင် အခြားရွေးချယ်စရာနည်းလမ်း မကျန်ရှိတော့သည့် အတွက်ကြောင့်သာ ဖြစ်ပါသည်။ ဤအဆင့်သို့ရောက်ချိန်တွင် စာချုပ်ဝင်များအကြား ချုပ်ဆိုထားသည့် ယင်းတို့၏ စီးပွားရေးဆိုင်ရာလုပ်ငန်းများသည် အဆိုးဆုံးအခြေအနေ သို့ ရောက်ရှိသွားရလိမ့်မည် ဖြစ်ပါသည်။

နိဂုံးချုပ်ရလျှင်

အထက်တွင် ဆွေးနွေးတင်ပြခဲ့သည့်အကြောင်းအရာများ ကို လေ့လာသုံးသပ်၍ စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင် ဆောင်ရွက်နေသော အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏လုပ်ငန်းများ၌ ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်များတွင်ပါ ရှိသော Force Majeure စာပိုဒ်နှင့်စပ်လျဉ်းသည့် စာပိုဒ် များကို ကြိုတင်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်မည်ဖြစ် ပါသည်။ လုပ်ငန်းဆက်နွှယ်မှုကို အခက်အခဲများ၊ သို့မ ဟုတ် အတားအဆီးများ ဖြစ်စေနိုင်သည့် စာပိုဒ်များကို လည်း အချိန်မီပြင်ဆင်မှုများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် စာချုပ်ဝင်များအကြား ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများကိုလည်း သင့်မြတ်လွယ်ကူစွာ နှစ်ဦး နှစ်ဖက် အကျိုးဖြစ်ထွန်းစေရန် ညှိနှိုင်းဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ နောက်ထပ်ချုပ်ဆိုမည့် လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ်များ၌လည်း ဆိုခဲ့သည့်အထက်ပါ အချက်များကို ထည့်သွင်းချုပ်ဆိုထားမည်ဆိုပါက မမျှော် မှန်း၍ ဖြစ်လာနိုင်သောလုပ်ငန်းဆိုင်ရာ အခက်အခဲများမှ လွတ်မြောက်၍ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေနိုင်ပါ သည်။

ဤဆောင်းပါးသည် အထက်ပါအကျိုးများခံစား ရရှိနိုင်ရန်အလို့ငှာ အထွေထွေဗဟုသုတအဖြစ် တင်ပြ ထားခြင်းဖြစ်ပြီး ဥပဒေအကြံပေးခြင်းဟု မမှတ်ယူစေလိုပါ ကြောင်း မေတ္တာရပ်ခံ၍ နိဂုံးချုပ်အပ်ပါသည်။