စေ့စပ်ညှိနှိုင်းသူတွေအများစုဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲဆီကိုရောက်ပြီဆိုတာနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး အပေးအယူလုပ်ဖို့ စတင်အားထုတ်ကြတော့တာပဲ။ ပြင်ဆင်ချိန်မှာတုန်းက အစွမ်းကုန်ဘက်စုံ ပြင်ဆင်လာခဲ့တယ်ဆိုရင်တောင် စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ စထိုင်ထိုင်ချင်း ဒီလိုလုပ်ရင်တော့ ဒါဟာ အကြီးအကျယ်မှားယွင်းမှုကြီးတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီအချိန်မှာ တကယ်လုပ်ရမှာက ''ရှာဖွေဖော်ထုတ်ခြင်း'' အပိုင်းကို လုပ်ရမှာပါ။ အောင်မြင်တဲ့ စေ့စပ်ညှိနှိုင်းရေးစားပွဲတစ်ခုဖြစ်လာဖို့အတွက်ဆိုရင် ရှာဖွေဖော်ထုတ်ခြင်းအပိုင်းဟာ လုံးဝမလုပ်မနေရ အရေးကြီးဆုံးအပိုင်းပဲဖြစ်ပါတယ်။ ရံဖန်ရံခါ စေ့စပ်ညှိနှိုင်းရေးကို စားပွဲပေါ်မှာမလုပ်ဘဲ တယ်လီဖုန်းနဲ့သော်လည်းကောင်း၊ အီးမေးလ်နဲ့သော်လည်းကောင်း၊ အခြားဆက်သွယ်ရေးနည်းလမ်းတစ်ခုခုနဲ့သော်လည်းကောင်း လုပ်ကြတာရှိပါ တယ်။ အဲဒီလို စေ့စပ်ညှိနှိုင်းကြရင်တောင် အခုကျွန်တော် ဆက်လက်တင်ပြသွားမယ့် ရှာဖွေဖော်ထုတ်ခြင်း အပိုင်းကတော့ မဖြစ်မနေလုပ်ရမှာပါပဲ။
ရှာဖွေဖော်ထုတ်ခြင်းအပိုင်းဟာ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတစ်ခုရဲ့ အောင်မြင်မှုကို ပေးနိုင်စွမ်းရှိသလို ရိုက်ချိုးဖျက်ဆီးနိုင်စွမ်းလည်း ရှိပါတယ်။ ဒီအပိုင်းကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ရင် နှစ်ဖက်အဖွဲ့အစည်းတွေအကြား စေးကပ်မှုဖြစ်လာမယ်၊ ယုံကြည်မှုရလာမယ်၊ အကောင်းဆုံးပုံစံနဲ့ စကားပြောနိုင်တဲ့ အခြေခံစည်းမျဉ်းတစ်ခုကို သဘောတူချမှတ်လာနိုင်ပါလိမ့်မယ်။ စေ့စပ်ညှိနှိုင်းမှုတွေမှာ အမြဲတမ်းမဟုတ်ရင်တောင်၊ မကြာခဏဖြစ်တတ်တာကတော့ ဒီအပိုင်းကို ဖြစ်ကတတ်ဆန်း ဆောင်ရွက်ကြခြင်းပါပဲ။ အဲဒီလိုလုပ်ရင်တော့ သက်ငယ်ကျင်းထဲမှာ စပါးကျဲမိသလို စပါးပင်ထက်ပေါင်းပင်က ပိုသန်နေမှာပါ။ စေ့စပ်ညှိနှိုင်းရေးမှာ ရလဒ်ပေါ်လာဖို့ထက် အသစ်ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ရှင်းလို့မနိုင်အောင် ဖြစ်စေပါလိမ့်မယ်။
ဒါကြောင့် ဒီနေရာမှာ ကျွန်တော်အကြံပေးချင်တာကတော့ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ စထိုင်ပြီဆိုတာနဲ့ ''စောစောစီးစီး အလုပ်ကိစ္စအပေးအယူနဲ့ ဈေးဆစ်တာ လုံးဝမလုပ်မိဖို့ပါပဲ''။ ကျွန်တော်တို့အားလုံး ဒီလိုလုပ်ဖို့အတွက် အဆင်သင့်မဖြစ်ကြသေးဘူးဆိုတာကို သတိထားကြရပါမယ်။ ပြင်ဆင်ချိန်တုန်းက ကောင်းစွာပြင်ဆင်ထားခဲ့သလို ယခုစေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်ရောက်လာပြီဆိုတာနဲ့ ကျွန်တော်တို့ဟာ ရှာဖွေဖော်ထုတ်ခြင်းအလုပ်ကို စတင်လုပ်ဆောင်ရပါမယ်။ အခွင့်အရေးရမယ်ဆိုရင် မိမိကပဲစတင်ပြီး ဦးဆောင်သင့်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးကို အပြုသဘောနိုးကြားတက်ကြွစွာနဲ့ ဆောင်ရွက်သွားကြမယ်လို့ အင်အားရှိတဲ့ စကားလုံးတွေသုံးစွဲပြီး ပြောကြားရပါမယ်။ မိမိရဲ့မျက်နှာ၊ အသံနေအသံထားနဲ့ ပြောကြားတဲ့ စကားလုံးတိုင်းဟာ နှစ်ဖက်စလုံးအတွက် ယုံကြည်မှုနဲ့ ရင့်ကျက်မှုတို့ကို ဖြန့်ဝေပေးနိုင်ရပါမယ်။
ယခုကဲ့သို့ အပြုသဘောပြောကြားနေခိုက်မှာပဲ တစ်ဖက်အဖွဲ့ဝင်တွေရဲ့ ရုပ်ပိုင်းလှုပ်ရှားမှု၊ စကားသံနဲ့ အခြားသဲလွန်စတွေကို စူးစမ်းရှာဖွေနေရပါတယ်။ မြင်ရ ကြားရသမျှကို ဦးနှောက်ထဲမှာ အလိုအလျောက် စဉ်းစားသုံးသပ်ပြီး သူတို့ရဲ့အပြုအမူပုံစံကို ဖော်ထုတ်နေရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရပ်တည်ချက်က ဘာလဲ၊ စိတ်နေသဘောထားနဲ့ အထာက ဘယ်လိုလဲ၊ သူတို့နဲ့အတူ ပေါင်းစည်းစွမ်းအင်ထွက်ပေါ်လာအောင် လုပ်နိုင်မလား၊ ပေါင်းလုပ်ဖို့ ဘယ်လောက်အတိုင်းအတာအထိ အလားအလာရှိမလဲ။ မိမိနဲ့ သူတို့အကြားမှာ ဘယ်လောက်အထိ ကြီးမားတဲ့ ဟာကွက်ရှိနေတယ်လို့ ခံစားမိသလဲ။
ဒီလောက်ကလေးသိရုံနဲ့လည်း အလုပ်ကိစ္စအပေးအယူ အလျှော့အတင်းလုပ်ဖို့ အချိန်မကျရောက်သေးပါဘူး။ ပဋိပက္ခတစ်ခု၊ ဒါမှမဟုတ် ပြဿနာတစ်ခုကို အောင်မြင်စွာဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းမှာ နောက်ထပ်လုပ်ရမယ့် လုပ်ငန်းတွေရှိပါသေးတယ်။ ဒါတွေကို ဘယ်လောက်လုပ်နိုင်သလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်ပြီး ကနဦးရလဒ်ကောင်းတချို့ကို ရရှိလာနိုင်ပါတယ်။
စေ့စပ်ညှိနှိုင်းရေးမှူးတွေ ဆက်လက်လုပ်ဆောင်သင့်တဲ့ လုပ်ငန်းတွေကတော့ -
(က) စေ့စပ်ညှိနှိုင်းအခြေခံစည်းမျဉ်းတွေကို နှစ်ဖက်သဘောတူညီချက်ရရှိစေရန်
(ခ) စိတ်မှန်းဖြင့် မည်သည့်အယူအဆကိုမျှ အမှန်ဟု မထင်ရန်
(ဂ) ဘယ်လောက်ကြာကြာ ဆွေးနွေးကြမလဲ
(ဃ) အချိန်သတ်မှတ်ချက်အတွင်းဖြစ်ရန် ထိန်းကျောင်းခြင်းအတွက် မည်သူ့ကို တာဝန်ပေးမလဲ
(င) ဆွေးနွေးပွဲအစီအစဉ်အတိုင်းဖြစ်စေရန် လမ်းကြောင်းထိန်းခြင်းအတွက် မည်သူ့ကိုတာဝန်ပေးမလဲ။ ထိုသူသည် အစီအစဉ်ကို စတင်ခြင်း၊ ရပ်နားခြင်း၊ အစီအစဉ်မှလမ်းလွဲလျှင် သတိပေးခြင်း၊ အကျပ်အတည်းကာလ ကောင်းမွန်သောရပ်နားခြင်း ဖြစ်စေရန် အကြံပြုခြင်း၊ ဆွေးနွေးပွဲအောင်မြင်မှုအတွက် လိုအပ်ချက်မှန်သမျှ ဆောင်ရွက်ခြင်း
(စ) နှစ်ဖက်စဉ်းစားချက်များကို နားထောင်ပြီး ပါဝင်သင့်သော ဦးစားပေးကိစ္စများ လွှမ်းခြုံပါဝင်သည့် ဆွေးနွေးပွဲအစီအစဉ်တစ်ခုကို အတူတကွရေးဆွဲခြင်းတို့ပဲ ဖြစ်ပါတယ်။
အထက်မှာတင်ပြထားတဲ့ ရှာဖွေဖော်ထုတ်ရေးအပိုင်း လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကို ရုတ်တရက် ကြည့်လိုက်တော့ ဘာမျမထူခြားသလိုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရဆိုရင် တချို့စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲတွေဟာ ဒီအပိုင်းမှာကိုပဲ လမ်းကြောင်းလွဲသွားတာ၊ ဒါမှမဟုတ် ရပ်တန့်သွားတာ ဖြစ်နိုင်ပါတယ်။ တစ်ဘက်က ကနဦးအစပျိုးမှုအခြေအနေကို အလေးထားတင်ပြနေစဉ်မှာ အခြားတစ်ဖက်က သူတို့ရဲ့အမြင်နဲ့ တုံ့ပြန်တာ ပြန်လည်ချေပတာတွေရှိလာနိုင်ပါတယ်။ အခြားတစ်ဖက်က စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲရဲ့ နက်ရှိုင်းတဲ့အခြေအနေ၊ နက်ရှိုင်းတဲ့အယူအဆနဲ့ တုံ့ပြန်လာတဲ့အခါမှ ဘာမျှအပေးအယူမလုပ်ရသေးခင် အငြင်းပွားမှုတစ်ခု စတင်ဖြစ်ပေါ်လာတော့တာပါပဲ။ အဲဒီလိုဖြစ်လာပြီဆိုရင်တော့ ဒီစေ့စပ်ညှိနှိုင်းရေးစားပွဲဟာ ဒုက္ခလှလှကြီးတွေ့ရပြီပေါ့။ အပြန်အလှန်ဆက်ဆံရေး အခြေမကျသေးခင်၊ ဆွေးနွေးပွဲအခြေခံစည်းမျဉ်းမတည်ဆောက်ရသေးခင်၊ ဆွေးနွေးပွဲအစီအစဉ် မရေးဆွဲရသေးခင် ပြဿနာတွေ စတက်လာတဲ့သဘောပါပဲ။
ဒါကြောင့် ယေဘုယျအားဖြင့် ကျွန်တော်တို့လျာထားရမှာက စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ ထိုင်မယ့်အချိန် အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ စဉ်းစားတွေးခေါ်မှုကောင်းကောင်းနဲ့ ပြည့်စုံအောင် စီစဉ်ထားတဲ့ ရှာဖွေဖော်ထုတ်ခြင်းအပိုင်းအတွက် သုံးစွဲသွားကြရမယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီအပိုင်းဟာ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ချခြင်းအပိုင်း ဖြစ်ပါတယ်။ ဒီအပိုင်းမှာ ကျွန်တော်တို့ ''ဘာကြောင့်'' ဒီစေ့စပ်ညှိနှိုင်းရေးစားပွဲကို ရောက်လာရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်စေရမယ့်အပြင် သူတို့ ''ဘာကြောင့်'' ဒီစားပွဲကိုရောက်လာရတယ်ဆိုတာကိုလဲ ရှာဖွေဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ရှာဖွေဖော်ထုတ်ခြင်းဆိုတာ စိတ်မှန်းနဲ့ မှတ်ထင်နေခြင်း မဖြစ်စေရပါဘူး၊ နှစ်ဖက်စလုံးက ''ဘာကြောင့်'' ဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်နေမှသာ ''အပြန်အလှန်ဖလှယ်ခြင်း'' အပိုင်းရောက်လာတဲ့အခါ လမ်းကြောင်းမလွဲမှားအောင် ထိန်းကျောင်းနိုင်မှာဖြစ်ပါတယ်။
''ဘာကြောင့်'' ဆိုတာ ရှင်းပြီဆိုရင် အချက်အလက်တွေကို စတင်ဆွေးနွေးနိုင်ပါတယ်။ ဒါပေမဲ့ မိမိဘက်က လိုက်လျောနိုင်တဲ့အချက်တွေကိုတော့ ထုတ်မပြောရသေးပါဘူး။ အပြန်အလှန်ဖလှယ်ခြင်း အပိုင်းမရောက်သေးမီ မိမိရဲ့လိုက်လျောချက်တွေကို မကမ်းမလှမ်းမိစေရန်သတိပြုရပါမယ်။ ဒီနေရာမှာ စိတ်တည်ငြိမ်မှုရှိရန် အရေးကြီးပါတယ်။ စစ်သားစကားနဲ့ပြောရရင် ပစ်မှတ်ရှာနေတုန်းပါ။ ရှာဖွေဖော်ထုတ်ခြင်းအပိုင်းဟာ ပစ်ကွင်းနယ်မြေထဲကို စတင်ရောက်ရှိလာခြင်းသာလျှင်ဖြစ်ပါတယ်။ ပစ်ကွင်းအကြောင်းဖြစ်နိုင်သမျှ အပြည့်အစုံသိရပြီးပြီဆိုမှ အပြန်အလှန်ဖလှယ်ခြင်းအပိုင်း ရောက်ရှိလာတဲ့အခါမှာ ပစ်မှတ်ပေါ်လာပါလိမ့်မယ်။ အဲဒီအခါကျမှ ''အသင့်ပြင်၊ ချိန်၊ ပစ်'' လုပ်ရမှာပါ။
မင်းဗထူး