လူတွေကညစ်တယ်ဆိုတဲ့ကိစ္စကို အဓိပ္ပာယ်ဖွင့်ရာမှာ တိုက်ရိုက်ပေါ်လွင်နေတာတွေကိုပဲ သတိထားမိတတ်ကြလေတော့ တချို့သောအကြောင်းအရာတွေကိုဆိုရင် ညစ်တယ်တောင် မထင်တတ်ကြတာတွေ ရှိပါတယ်။
ဂေါက်သီးရိုက်တယ်ဆိုတာကလည်း ဘောလုံးသေးသေးလေးကို တုတ်သေးသေးလေးနဲ့အဝေးကြီးမှာရှိတဲ့ ကျင်းပေါက်သေးသေးလေးထဲရောက်အောင် ရိုက်ရတာဆိုတော့ နည်းနည်းလေးမှ အမှားမခံဘူး။ ဂေါက်တုတ်ရဲ့ မျက်နှာပွင့်ထောင့် (Loft) ပေါ် မူတည်ပြီး ဂေါက်သီးဘောလုံးသွားရာလမ်းကြောင်း (Flight) က အနိမ့်အမြင့် ကွာသွားနိုင်တယ်လေ။ ထိချက်မမှန်ရင် ဘယ်ညာလည်း ထွက်နိုင်တာပါပဲ။
ဂေါက်တုတ်ရဲ့မျက်နှာပွင့်ထောင့်က တုတ်အရှည်နဲ့ ပြောင်းပြန်အချိုးကျတယ်။ အရှည်ဆုံးတုတ်ဖြစ်တဲ့ ဒရိုင်ဗာ (Driver) မှာ ဒီဂရီအနည်းဆုံးဖြစ်ပြီး အတိုဆုံးတုတ်စာရင်းဝင်ဖြစ်တဲ့ သဲတုတ် (Sand Wedge)၊ မြှောက်ရိုက်တုတ် (Lob Wedge) တွေမှာ ဒီဂရီအများဆုံးဖြစ်တာကို တွေ့ရပါတယ်။ မျက်နှာပွင့်ထောင့်ဒီဂရီ နည်းလေလေ၊ ဂေါက်သီးဘောလုံးလမ်းကြောင်းနိမ့်လေလေ၊ ဝေးဝေးပြေးလေလေဖြစ်ပြီး မျက်နှာပွင့်ထောင့် ဒီဂရီများလေလေ၊ ဂေါက်သီးဘောလုံးလမ်းကြောင်း မြင့်လေလေ၊ အကွာအဝေးတိုလေလေ ဖြစ်ပါတယ်။
သတ်မှတ်ရိုက်ချက် သုံး (Par ၃) ကျင်းတွေက လွဲရင် တီခုံ (Tee Box) က စရိုက်ရာမှာ ဝေးဝေးပြေးဖို့ လိုလေ့ရှိတာကြောင့် ဒရိုင်ဗာ (Driver) သုံးလေ့ရှိပါတယ်။ အများဆုံးသုံးလေ့ရှိတဲ့ ဒရိုင်ဗာတွေရဲ့ မျက်နှာပွင့်ထောင့်က ၁၀ ဒသမ ၅၊ ၁၁ ဒီဂရီများပါတယ်။ လက်ရည်ကောင်းတဲ့ ကစားသမားတွေကတော့ ဒီဂရီနည်းနည်း ဒရိုင်ဗာကို သုံးကြပါတယ်။ ဒီဂရီနည်းလေလေ၊ ထိန်းရခက်လေလေ၊ ရိုက်ရခက်လေလေပါ။ ပရို (Pro) တွေကတော့ ၁၀ ဒီဂရီအောက် သုံးကြပါတယ်။ ကမ္ဘာကျော်တွေကတော့ ၆၊ ၆.၅၊ ၇ ဒီဂရီစသဖြင့် သုံးတတ်ပါတယ်။
ဟုတ်ကဲ့။ ကမ္ဘာကျော်တွေသုံးတဲ့ ဒရိုင်ဗာနဲ့အလုပ်ဖြစ်နေကျ နောင်တော်ကြီးတစ်ယောက်အကြောင်း ပြောပြပါမယ်။ သူ့ဂေါက်အိတ်ထဲမှာ ၆ ဒီဂရီ ဒရိုင်ဗာ တစ်ချောင်းထည့်ထားပါတယ်။ ပွဲမစခင် တီခုံမှာ နေရာယူကြရင် သူ့ကယ်ဒီကို ၆ ဒီဂရီဒရိုင်ဗာထုတ်ခဲ့ဆိုပြီး အသံကျယ်ကျယ်နဲ့ တောင်းလေ့ရှိပါတယ်။
ဟာ ဒီလူတယ်ဟုတ်ပါလား။ ဒီလောက်ရိုက်ရခက်တဲ့ ဒရိုင်ဗာ၊ ဘယ်လိုများရိုက်ပါလိမ့်။ လာစပ်စုကြတယ်။ စိတ်သာချ၊ မစပ်စုမရှိစေရဘူး။ ရိုက်ပြစမ်းပါဦး။ ရတယ်လေ၊ အိုကေ။ တီပေါ်မှာ ဂေါက်သီးဘောလုံးတင်တယ်။ တုတ်ကို မျက်နှာဖွင့်ကိုင်ပြီးလွှဲတယ်။ (ပြောတော့သာ ၆ ဒီဂရီဒရိုင်ဗာ၊ မျက်နှာပွင့်ကို နည်းနည်းလေး လှန်လိုက်ချိန်မှာ ရိုက်နေကျ ၁၀ ဒသမ ၅ ဖြစ်သွားပြီ။ သက်သက်သာသာရိုက်ထုတ်လိုက်တယ်။ ဖောင်းခနဲ မြည်သံနဲ့အတူ ဂေါက်သီးဘောလုံးက လှလှပပလေး ထွက်သွားတယ်။
အဲဒီမှာတင် တုတ်စမ်းချင်သူတွေ ပေါ်လာပါပြီ။ လူဆိုတာကလည်း နှုတ်က ထုတ်မပြောရင်သာ ရှိရမယ်။ သူများက ကိုယ့်ထက်သာတာကို အလွယ်တကူ လက်ခံချင်ကြတာ မဟုတ်ဘူးလေ။ ဒီတော့ ကိုယ်စွမ်းကိုယ်စလေး ပြချင်ကြသေးတာပေါ့။ ရိုက်နေကျမဟုတ်တဲ့၊ ရိုက်ရတာပိုခက်တဲ့ ဒရိုင်ဗာ၊ ရွာလည်တော့တာပေါ့ဗျာ။ ဖောင်းခနဲမဟုတ် ဖုတ်ခနဲဆိုပြီး လှိမ့်ဘောထွက်သွားတာမျိုးလည်းတွေ့ရတယ်။ အတိုဆုံးတုတ်လောက်တောင်မပြေးတာ၊ ဘယ်ညာထွက်ပြီးဘောလုံးပျောက်တာစသဖြင့် မျိုးစုံတွေ့ရပါတယ်။
နောင်တော်ကြီးကတော့ ပြုံးလို့။ တုတ်စမ်းကြဦးမလားဖိတ်ခေါ်လို့။ စမ်းရိုက်သူတွေ ပျက်တာများနေချိန်မှာ မစမ်းရဲသူတွေလည်း အနည်းနဲ့အများတော့ စိတ်အနှောင့်အယှက် ဖြစ်ရတာပါပဲ။
စိတ်တည်ငြိမ်မှုက အရေးအကြီးဆုံးမှာနေရာယူထားတဲ့ ကစားနည်းဗျာ။ စိတ်ကသိကအောက် ဖြစ်မှတော့ ရှုံးဖို့များပြီပေါ့။ သြော် ပြောရဦးမယ်။ နောင်တော်ကြီးက သူ့ရဲ့ အဲဒီဒရိုင်ဗာကို မွေးတုတ်ဆိုပြီး နာမည်ပေးထားတယ်။ သူများကို ဒုက္ခပေးဖို့ မွေးထားတဲ့ တုတ်တဲ့ဗျား။
မောင်စံပေါ