ဒေသတွင်းဆက်သွယ်ရေးဖြစ်တဲ့ အင်တာနက်ချိတ်ဆက်မှုအတွက် အခြေခံအဆောက်အအုံ တည်ဆောက်ရာမှာ နိုင်ငံတွေက အရင်းအမြစ်တွေကို ပိုပြီးခွဲဝေပေးကြရမှာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့မှာ တရုတ်၊ ထိုင်း၊ လာအိုနဲ့ Belt and Road စီမံကိန်းသစ်ကြီးထဲမှာ ပါဝင်ပတ်သက်နေတဲ့ တခြားနိုင်ငံတွေနဲ့ဒေသတွေဟာ Broad-band သုံးစွဲခွင့်ကို တိုးချဲ့ဖို့နဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံရဲ့ အရည်အသွေးတိုးတက်စေဖို့အတွက် ရေရှည်ကြိုးပမ်းမှုကို လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့ကြပါတယ်။
သူတို့ဟာ Belt and Road ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းသစ်ကြီးရဲ့ အစိတ်အပိုင်းအနေနဲ့ အချင်းချင်းချိတ်ဆက်ထားတဲ့ ပိုးလမ်းကြီးတစ်ခု တည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်ဖို့လည်း သဘောတူညီခဲ့ကြပါတယ်။
ဒီဒစ်ဂျစ်တယ်စီမံကိန်းသစ်ကြီးကို ၂၀၁၇ ဒီဇင်ဘာလ ၃ ရက်နေ့က ၅ ရက်နေ့အထိ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ် Wuzhen မြို့မှာ ကျင်းပခဲ့တဲ့ စတုတ္တအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ညီလာခံမှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ဒေသတွင်းဆက်သွယ်ရေး၊ အင်တာနက်ချိတ်ဆက်မှု၊ ဂြိုဟ်တုအခြေပြု ရေကြောင်းသွားလာရေးဝန်ဆောင်မှုနဲ့ သတင်းအချက်အလက်ဖလှယ်ရေးတွေအတွက် အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ အရင်းအမြစ်တွေကို ပိုပြီးခွဲဝေပေးကြမယ်လို့ ကိုယ်စားလှယ်တွေက ပြောခဲ့ကြပါတယ်။
တစ်ကမ္ဘာလုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရာမှာ ဒစ်ဂျစ်တယ်စီးပွားရေးဟာ အရေးပါတဲ့အခန်းကဏ္ဍက ပိုပိုပြီးပါဝင်နေပြီလို့ တရုတ်နိုင်ငံရဲ့ထိပ်တန်းစီးပွားရေးစီမံကိန်းရေးဆွဲသူ၊ အမျိုးသားဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်ရဲ့ ဒုတိယအကြီးအကဲ Lin Nianxiu က ပြောပါတယ်။
''နည်းပညာတွေကို စူးစမ်းလေ့လာဖို့နဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ဖို့ ပူးပေါင်းဆောင်ရွက်ရေးကို ပိုပြီးအားကောင်းအောင် ကျွန်တော်တို့လုပ်ပါမယ်။ ဒါမှသာ နိုင်ငံတိုင်းမှာ လျင်မြန်တဲ့ နည်းပညာတိုးတက်မှုက လူတွေကို အကျိုးပြုနိုင်မှာဖြစ်ပါတယ်'' လို့ မစ္စတာ Lin က ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ ကျန်တဲ့ကမ္ဘာကြီးအကြားချိတ်ဆက်မှုနဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုကိုမြှင့်တင်ဖို့ ကျယ်ပြန့်တဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တစ်ခုတည်ဆောက်ရေးကိုအာရုံစိုက်ပြီး ဆန်းသစ်တီထွင်မှုနဲ့ Belt and Road စီမံကိန်းသစ်ကြီးကို မောင်းနှင်နိုင်ဖို့အတွက် တရုတ်နိုင်ငံဟာ ဒစ်ဂျစ်တယ်ပိုးလမ်းမကြီးတည်ဆောက်ဖို့ ကြိုးစားလုပ်ကိုင်နေပါတယ်။
ဆက်သွယ်ရေးနည်းပညာတွေက လက်လီရောင်းဝယ်ရေး၊ ဖြေဖျော်ရေး၊ ငွေကြေးနဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေးလို လုပ်ငန်းတွေကို လုံးလုံးလျားလျားဆက်ပြီး ပြောင်းလဲပစ်နေတဲ့အတွက် တရုတ်နိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဟာ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၁.၄ ထရီလီယံ ရှိခဲ့ရာက ၂၀၃၅ ခုနှစ်မှာ ဒေါ်လာ ၁၆ ထရီလီယံ လောက်အထိ ရောက်ရှိသွားလိမ့်မယ်လို့ Boston Consulting Group ရဲ့ အစီရင်ခံစာတစ်ခုက ကြိုတင်ဟောကိန်းထုတ်ထားပါတယ်။
ဒစ်ဂျစ်တယ်စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေမယ့် စီမံကိန်းသစ်ဟာ တိုးတက်မှုအလားအလာသစ်ကို ယူဆောင်လာပြီး အကျိုးတူအသိုက်အဝန်းတစ်ခုကို ဖန်တီးပေးပါလိမ့်မယ်လို့ လာအိုနိုင်ငံစာတိုက်နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Bouns-aleumsay Khennavong က ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေက ကုမ္ပဏီတွေအနေနဲ့ သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာကဏ္ဍမှာ လာအိုနိုင်ငံနဲ့ စီးပွားဖက်လုပ်ကိုင်ကြဖို့ မျှော်လင့်ပါတယ်လို့ မစ္စတာ Khennavong က ပြောပါတယ်။
အင်တာနက်အခြေပြုစွန့်ဦးတီထွင်မှုနဲ့ ဆန်းသစ်တီထွင်မှုလိုနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးနက်ရှိုင်းအောင်လုပ်ဖို့ကိုလည်း ဒီနိုင်ငံတွေက တောင်းဆိုကြပါတယ်။ အလွန်သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ကူညီပံ့ပိုးဖို့အတွက် ဒစ်ဂျစ်တယ်အခွင့်အလမ်းတွေကို အကောင်းဆုံးအကျိုးရှိအောင် စုပေါင်းအသုံးပြုဖို့ ကြိုးပမ်းမှုတွေကို သူတို့က အလေးထားပြောဆိုခဲ့ကြပါတယ်။
ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ပွင့်လင်းမြင်သာတဲ့ မူဝါဒချမှတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ခုကို ဖန်တီးဖို့နဲ့ အပြည်ပြည်ဆိုင်ရာစံနှုန်းတွေကို ရေးဆွဲအကောင်အထည်ဖော်ရာမှာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့အတွက် အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ သူတို့က သဘောတူညီကြပါတယ်။
Belt and Road စီမံကိန်းသစ်ကြီးဟာ ဆိပ်ကမ်းတွေ၊ မီးရထားလမ်းတွေနဲ့ အမြန်လမ်းမကြီးတွေကို ချိတ်ဆက်ပေးမှုနဲ့သာ ပတ်သက်နေတာမဟုတ်ဘဲ စီးပွားရေးတစ်ခုနဲ့တစ်ခုကြားက ဒစ်ဂျစ်တယ်ဆက်သွယ်မှုတွေကို မြှင့်တင်ဖို့အတွက် သတင်းအချက်အလက်နဲ့ အချက်အလက်စီးဆင်းမှုကို လွတ်လပ်အောင်လုပ်ပေးမှုနဲ့လည်း ပတ်သက်နေပါတယ်လို့ Inspur Group ကုမ္ပဏီရဲ့ CEO နဲ့ ဥက္ကဋ္ဌဖြစ်သူ Sun Pishu က ပြောပါတယ်။ ဒီကုမ္ပဏီကြီးဟာ အဓိက Server တွေကို ဖန်တီးပေးတဲ့ Big Data ကုမ္ပဏီကြီး ဖြစ်ပါတယ်။
''တရုတ်နိုင်ငံဟာ အဆင့်အမြင့်ဆုံး IT ဈေးကွက်တစ်ခုဖြစ်သလို ကမ္ဘာပေါ်မှာ Data တွေကို အများဆုံးထုတ်လုပ်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းအချက်အလက် အခြေခံအဆောက်အအုံကို တည်ဆောက်တဲ့ ဆယ်စုနှစ်လေးခုအတွင်းရရှိခဲ့တဲ့ အတွေ့အကြုံဟာ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဒေသတွေအတွက် အများကြီးတန်ဖိုးရှိပါတယ်'' လို့ မစ္စတာ Sun က ပြောပါတယ်။
Belt and Road စီမံကိန်းသစ်ကြီးထဲမှာ ပါဝင်ဆောင်ရွက်နေတဲ့ စီးပွားရေးကြီးတွေကို IT ဆိုင်ရာ ဖြေရှင်းချက်တွေ ပေးအပ်ဖို့အတွက် နိုဝင်ဘာလမှာ Inspur ကုမ္ပဏီဟာ ကမ္ဘာလုံးဆိုင်ရာ ဧရာမနည်းပညာကုမ္ပဏီကြီးတွေ၊ တရုတ်ငွေကြေးအဖွဲ့အစည်းကြီးတွေနဲ့ မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။
ဇော်ဝင်းကြူ(ပျဉ်းမနား)