ရှိတာလေးနဲ့ပဲ ဝေမျှစားတဲ့ မောင်နှံ

DecYNN1

အသက်ခပ်ကြီးကြီး ဇနီးမောင်နှံနှစ်ဦးတို့ စားသောက်ဆိုင်တစ်ခုထဲ ဝင်လာပြီး အစားအစာတချို့ မှာယူပြီးချိန်မှာပဲ သူတို့စားပွဲကို လူငယ်တစ်ဦးက သူမှာထားတဲ့ စားစရာတချို့ကို ယူပြီးရောက်လာပါတယ်။ သူစားပွဲကို ရောက်ချိန်မှာ ဦးလေးကြီးက သူတို့မှာထားတဲ့  ဟမ်ဘာဂါတစ်ခု၊ အာလူးကြော်တစ်ပွဲနဲ့ အချိုရည်တစ်ခွက်ထဲက ဟမ်ဘာဂါကို ဓားနဲ့ညီညီကလေး နှစ်ပိုင်း ပိုင်းလိုက်ပါတယ်။ ပြီးတော့မှ အာလူးကြော်ကို ညီညီမျှမျှ နှစ်ပုံပုံပြီး ဟမ်ဘာဂါဘေးမှာ ပုံထားလိုက်တယ်။ ပြီးတော့မှ အချိုရည်တစ်ခွက်ကို တစ်ကျိုက်သောက်ပြီးမှ သူ့ဇနီး အန်တီကြီးကို ကမ်းပေးလိုက်ပါတယ်။ အန်တီကြီးကလည်း တစ်ကျိုက်သောက်ပြီး ဦးလေးကြီးကို ပြန်ပေးလိုက်ပါသတဲ့။ ဒါကို မြင်တဲ့လူငယ်က စိတ်မကောင်းဖြစ်သွားပြီး ''အန်ကယ်တို့အတွက် ကျွန်တော် နောက်တစ်ပွဲမှာပေးပါရစေခင်ဗျ'' လို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမဲ့ ဦးလေးကြီးက ''ကိစ္စမရှိပါဘူးကွာ၊ တို့အဆင်ပြေပါတယ်၊ ကိုယ်တို့က ရှိတာကလေးနဲ့ မျှဝေစားနေကျပါ'' လို့ ဖြေလိုက်သတဲ့။ လူငယ်ကလည်း ကျွန်တော် ကုသိုလ်ယူပါရစေဆိုသည့်တိုင် ဒီလောက်ဆို ဝပါတယ်ကွာ၊ တို့က ဒီလောက်ပဲ စားနေကျမို့ပါလို့ ယဉ်ယဉ်ကျေးကျေးပြောပြီး ငြင်းပြန်သတဲ့။ ဒါပေမဲ့ ဦးလေးကြီးက ဟမ်ဘာဂါတစ်ဝက်နဲ့ အာလူးကြော်ကို အားပါးတရစား နေချိန်မှာ အန်တီကြီးက သူ့ဝေစုကို မစားသေးဘဲ ဘေးကထိုင်ကြည့်နေတာကို မြင်ရသတဲ့။ ဦးလေးကြီး စားစရာတွေကုန်သွားတဲ့တိုင် အန်တီကတော့ သူ့အပုံကို လက်နဲ့တောင် မထိသေးဘူးတဲ့။ ဒီတော့ လူငယ်က မနေနိုင်ဘဲ ''အန်တီက ဘာလို့မစားသေးတာလဲ'' လို့ မေးလိုက်တော့ အန်တီကြီးက သူ့ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး ''အန်တီစားဖို့ သွား စောင့်နေရလို့ပါသားရယ်'' လို့ ပြန်ဖြေလိုက်သတဲ့။ သြော် တကယ်တော့ သူတို့မောင်နှံမှာ နှစ်ယောက်စလုံးသွားမရှိကြဘဲ သွားအံပုံတစ်ခုတည်းကို နှစ်ယောက်သုံးပြီး စားကြရတာကိုး။ နောက်တစ်ပွဲမှာပေးလိုက်လည်း အတူတူစားစရာ သွား မရှိဘူးလေ။

ဥပဒေသ ။ ။ လိုအပ်ချက်အမှန်ကို မသိဘဲ လိုအပ်မည်ထင်သည်ကို ဖြည့်ဆည်းပေးခြင်းမှာ အကျိုးသက်ရောက်မှုအမှန် မရနိုင်ပါ။

အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်