စေ့စပ်ညှိနှိုင်းတယ်ဆိုတာ ပဋိပက္ခတွေ ဖြစ်မလာရအောင်ကာကွယ်တာ၊ ဖြစ်လာခဲ့ရင်လည်း ပြေလည်အောင် ဖြေရှင်းပေးတာပါပဲ။ ပဋိပက္ခဖြေရှင်းရေးလုပ်ရာမှာ ပြဿနာအသစ်အသစ်တွေပေါ်ထွက်လာမှာကို စိုးရိမ်နေလို့တော့မရဘူး။ အစကောင်းမှ အနှောင်းသေချာဆိုသလို အစပိုင်းမှာ ကျွန်တော်တို့ဟာ ကွဲပြားခြားနားမှုတွေကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် သိရှိထားရမှဖြစ်မယ်။ အစပိုင်းတုန်းက မသိခဲ့ရတဲ့ ပြဿနာတစ်ရပ်ဟာ ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်ရဲ့ အစောပိုင်းအဆင့်တွေမှာ ပါဝင်ဖြေရှင်းခွင့်မရတဲ့အတွက် တဖြည်းဖြည်းကြီးထွားလာပြီး၊ နောက်ပိုင်း လုပ်ငန်းစဉ်အဆင့်တွေမှာ ရှေ့ဆက်လုပ်လို့ မရတော့လောက်အောင် တစ်ဆို့မှုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးရဲ့ ပထမပိုင်းမှာ ပဋိပက္ခရေချိန်မြင့်တက်နေတာဟာ မကောင်းတာမဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ပဋိပက္ခရေချိန်မြင့်တက်နေခြင်းရဲ့ အမှတ်လက္ခဏာကို အမြဲစောင့်ကြည့်နေပြီး စောစီးစွာပဲ ကြားဝင်ဖြေရှင်းပေးသွားနိုင်ဖို့ လိုပါတယ်။
ပဋိပက္ခရေချိန်မြင့်တက်လာခြင်းရဲ့ အမှတ်လက္ခဏာကတော့ ယေဘုယျအားဖြင့် အဆင့်ခြောက်ဆင့် ရှိပါတယ်။ ပထမအဆင့်က စေ့စပ်ညှိနှိုင်းဖော်တစ်ဖက်ဖက်၊ ဒါမှမဟုတ် နှစ်ဖက်စလုံးက သူတို့မျှော်လင့်ချက်အတိုင်း မရရှိနိုင်တော့ခြင်း၊ ဒုတိယအဆင့်က နှစ်ဖက်စလုံးက စကားနိုင်လုပြောဖို့အတွက်ပဲ စကားစရှာနေကြခြင်း၊ တတိယအဆင့်က ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ စတင်လာကြခြင်း၊ စတုတ္ထအဆင့်က ခြိမ်းခြောက်မှုများ ပါလာခြင်း၊ ပဉ္စမအဆင့်က တချို့ကို အပြစ်ဒဏ်ခတ်ဖို့ စွပ်စွဲလာကြခြင်း၊ ဆဋ္ဌမအဆင့်က တစ်ဖက်ကို အပြစ်ရှာရာမှာ အုပ်စုဖွဲ့ပါဝင်လာခြင်းတို့ ဖြစ်ကြပါတယ်။ ဒီလိုအခြေအနေရောက်လာပြီဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ရှင်းပါတယ်။ ပဋိပက္ခရေချိန် ပြန်လည်ကျဆင်းအောင် မဖြစ်မနေလုပ်ကြရမှာပါ။
ပဋိပက္ခရေချိန်မြင့်မားစေတဲ့ အရင်းခံအကြောင်းတရားကို ရှာဖွေရမယ်။ သူတို့ရဲ့ တကယ့်ရည်ရွယ်ချက် လိုလားချက်အစစ်အမှန်ကဘာလဲ။ ဘာဖြစ်စေချင်တာလဲ၊ ပွင့်ပွင့်လင်းလင်းမေးရမယ်။ များသောအားဖြင့် ရည်ရွယ်ချက်တွေက ကောင်းတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရည်ရွယ်ချက်ဟာ ကျွန်တော်တို့လက်ထဲရောက်လာတဲ့အခါမှာ အပေါက်အလမ်းမတည့်ဘဲ ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က သူတို့ရဲ့ ရည်ရွယ်ချက်ကို သိပြီးပြီဆိုရင် သူတို့နဲ့ ပြန်စကားပြောလို့ ရပါပြီ။ ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ဘက်က အကောင်းဆုံးလက်ခံလို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဘက်စုံအချက်အလက်အစုံနဲ့ အပြင်းအထန် စဉ်းစားဆင်ခြင်ရပါမယ်။
ပဋိပက္ခရေချိန်ပြန်လည်ကျဆင်းအောင် လုပ်နိုင်တဲ့ လုပ်ငန်းစဉ်မှာလည်း အဆင့်ခြောက်ဆင့်ပဲ ရှိပါတယ်။ တစ်အချက်က နားထောင်ဖို့ပါ။ နားထောင်နိုင်ဖို့ထက် ပိုပြီးကောင်းမွန်တဲ့ ဝန်ဆောင်မှုမရှိပါဘူး။ နှစ်အချက်က ထပ်တူခံစားကြည့်ပါ။ လူတွေဟာ သူတို့ ဘယ်လိုဆင်းရဲဒုက္ခတွေ ခံစားနေရတယ်ဆိုတာကို ကျွန်တော်တို့က ဆက်စပ်ပါဝင်လာပြီး ဒိုးတူပေါင်ဖက် လက်ခံစဉ်းစားပေးတယ်ဆိုရင် သူတို့ရဲ့ စိတ်ဆိုးဒေါသထွက်မှုတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပြေငြိမ်းသွားပါလိမ့်မယ်။ သုံးအချက်က ဒီစေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲကို ဘာကြောင့်လုပ်ရသလဲဆိုတဲ့ လမ်းကြောင်းအမှန်ပေါ်ကို ပြန်တက်ဖို့ပါ။ စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲတွေဟာ များသောအားဖြင့် လွတ်လွတ်လပ်လပ် စကားပြောရင်းပြောရင်းနဲ့ အမြဲတမ်းလိုလို လမ်းကြောင်းသွေဖည်သွားလေ့ ရှိပါတယ်။ အခြေခံပန်းတိုင်ကို မျက်ခြည်မပြတ်ဖို့နဲ့ ဘုံသဘောတူညီချက် ရရှိရေးတို့အတွက် တစ်ယောက်ကိုတစ်ယောက်က သတိပေးနေဖို့ လိုပါတယ်။ ဒါဟာ သူ့ဘက်ကိုယ့်ဘက် တင်းအားတွေ ဆွဲအားတွေ လျော့ပါးသွားစေနိုင်ပါတယ်။ လေးအချက်က မူလလုပ်လက်စအစီအစဉ်ကနေ ကွဲပြားခြားနားတဲ့ အစီအစဉ်အသစ်တစ်ခုကို ပြန်လည်စတင်ဖို့ ဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးရင်း ပဋိပက္ခ ရေချိန်တက်လာတယ်ဆိုတာ လုပ်လက်စအစီအစဉ်မှာ ပဋိပက္ခဖြစ်စရာ အကြောင်းတွေပါလာနေလို့ပဲ ဖြစ်ရမယ်။ ဒါကြောင့် လုပ်လက်စ၊ ဆွေးနွေးလက်စအစီအစဉ်ကို ရပ်ဆိုင်းထားပြီး တခြားအစီအစဉ်အသစ်တစ်ခုက ပြန်စကြည့်ရတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ သတိထားရမှာက အတ္တစိတ်ပဲ။ အတ္တဟာ အာဏာကို လိုလားတယ်၊ အနိုင်ရချင်တယ်၊ မူလအစီအစဉ်မှာ ကိုယ့်ဘက်က အနိုင်ရလုလုဖြစ်နေရင် ကွဲပြားခြားနားတဲ့ အစီအစဉ်အသစ်ကို မသွားချင်ပါဘူး။ ဒီအချိန်မှာ နှစ်ဖက်စလုံးက ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားနဲ့ချင့်ချိန်ပြီး ရွှေ့ပြောင်းမှု လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ နံပါတ်ငါးအချက်ကတော့ စေ့စပ်ညှိနှိုင်းမှုကို ခေတ္တရပ်နားဖို့ပါပဲ။ လူတွေဟာ ဒေါသထွက်စရာဖြစ်လာတယ်ဆိုရင် ဦးနှောက်ကနေ ကော်တီဆိုလ် (Cortisol) ဟိုမုန်းတစ်မျိုးထွက်လာတယ်လို့ဆိုပါတယ်။ ပဋိပက္ခရေချိန်မြင့်လာတဲ့အခါမှာ ကော်တီဆိုလ်ဟိုမုန်း ထွက်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဲဒီဟိုမုန်းတွေ ရှင်းလင်းသွားတဲ့အထိ အချိန်နည်းနည်း ပေးရပါလိမ့်မယ်။ ရေဝအောင်သောက်ရပါမယ်။ အာရုံပြောင်းလဲစေဖို့ ဟိုနားဒီနား လျောက်သွားလိုက်ရပါမယ်။ စေ့စပ်ညှိနှိုင်းတယ်ဆိုတာ နှစ်ဦးနှစ်ဖက်တန်း တူညီမျှမှုကို အခြေခံရတာဖြစ်ပါတယ်။ တခြားတစ်ဖက်က စိတ်ခံစားမှုမကောင်းခဲ့ရင် ကျွန်တော်တို့ရဲ့ နှစ်ဖက်နိုင်အယူအဆဟာ အပြည့်အ၀ မအောင်မြင်နိုင်ပါဘူး။ အခြားတစ်ဖက်ဟာ မူလသဘာဝအခြေအနေအတိုင်း စိတ်ခံစားမှုကောင်းမွန်နေစေရပါမယ်။ သူ့ကိုယ်သူ တန်ဖိုးထားမှုအားကောင်းနေစေဖို့ ကျွန်တော်တို့က ဖြစ်နိုင်တဲ့နည်းနဲ့ တတ်နိုင်သလောက် ကူညီရပါမယ်။
ကျွန်တော်တို့ဟာ ပဋိပက္ခတွေ လျော့ပါးသွားအောင် စေ့စပ်ညှိနှိုင်းကြတာဖြစ်ပေမဲ့ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်ရောက်လာရင် ပဋိပက္ခရေချိန်က အနည်းနဲ့အများ မြင့်လာပါမယ်။ ဒီအတွက် စိုးရိမ်စရာ မလိုပါဘူး။ အကောင်းဆုံး ကြိုတင်ပြင်ထားပြီးဖြစ်ဖို့ပဲ လိုပါတယ်။ ပဋိပက္ခတွေကို မိအောင်ဖမ်းပြီး ရေချိန်ကို စောစီးစွာ ဖြေလျှော့ပစ်ရပါမယ်။ နှစ်ဦးနှစ်ဖက် တန်းတူညီမျှမှုနဲ့ အကျိုးစီးပွားလျင်မြန်စွာရရှိစေနိုင်မယ့် အေးချမ်းတည်ငြိမ်တဲ့ ဆက်ဆံရေးစနစ် ဖြစ်ထွန်းလာစေရပါမယ်။
မင်းဗထူး