ရုံးပိတ်ရက်ရာသီရောက်ပြီဆိုရင် အပျော်ရဆုံးတစ်ခုက Holiday Day Card တွေ ရောက်လာတာပါပဲ။ အရွယ်မျိုးစုံ၊ အရောင်မျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံပါတဲ့ ဒီကတ်လေးတွေဟာ တစ်နှစ်တာလုပ်ငန်းခွင်တစ်ခုလုံးအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောရာရောက်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါဟာပုဂ္ဂိုလ်ချင်း ခင်မင်ရင်းနှီးမှုကိုလည်း ပိုပြီးတိုးတက်ခိုင်မြဲစေပါတယ်။ နှုတ်ခွန်းဆက်သတဲ့ ကတ်လေးတွေကို ပို့ဖို့ရာကို အချိန်ဆွဲ၊ နှောင့်နှေးနေဖို့ အကြောင်းပြချက်မရှိပါဘူး။ အခုပဲ စလုပ်လိုက်ပါ။
စောင့်မနေပါနဲ့ . . .
အမှတ်တရလက်ဆောင်ကတ်တွေကို စောစောမှာထားတာက လိပ်စာရေးဖို့တွေ၊ သင့်ရဲ့မိတ်ဆွေဆီကို ပို့ဖို့တွေမှာ အလျင်စလိုလုပ်စရာမလိုဘဲ အချိန်ပိုရစေမှာပါ။ ဒီကတ်တွေကို ရုံးရက်ရှည်ပိတ်ရက်တွေနီးတော့မှ ပို့စရာမလိုပါဘူး။ အနားနီးမှပို့ရင် ကိုယ်လည်းတအားလောပြီး လုပ်ရမှာဖြစ်သလို ကိုယ့်မိတ်ဆွေကလည်း ကတ်ကိုအချိန်မီ လက်ခံရရှိချင်မှ ရရှိမှာဖြစ်ပါတယ်။ ကတ်တွေကို ဒီဇင်ဘာလ ပထမပတ်လောက်ကတည်းက ပို့လိုက်ပါ။ အဲဒီထက်နောက်ကျမယ်ဆိုရင် ခရစ်စမတ်ကတ်အစား နှစ်သစ်ကူးအထိမ်းအမှတ်ကတ်ကို ပို့လိုက်သင့်ပါတယ်။
အရည်အသွေးမြင့်တဲ့ ကတ်ကိုရွေးပါ . . .
အပေါစားကတ်ကို သုံးဖို့ မစဉ်းစားပါနဲ့။ ကိုယ်အသုံးပြုတဲ့ကတ်က ကိုယ့်ရဲ့မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ ဝယ်လက်တွေကို ဘယ်လောက်အလေးထားတယ်၊ ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ရောင်ပြန်ဟပ်နေစေပါတယ်။ ဒါကြောင့် အကောင်းဆုံးကတ်ကို ရွေးချယ်ပြီး ပို့ပါ။ ကတ်တကယ်ပို့မယ့်အစား Email ဒါမှမဟုတ် Social Media ကနေ ရုပ်ပုံလေးတွေ ပို့တာမျိုး ဘယ်တော့မှ မလုပ်သင့်ပါဘူး။ ကုမ္ပဏီလုပ်ငန်းတွေဟာ ရုံးနံရံတွေပေါ်မှာ ကတ်တွေကို ရက်ရှည်ရုံးပိတ်ရက်တွေမှာ ချိတ်ထားလေ့ရှိပြီး ဒါဟာ ပျော်ရွှင်မှု၊ ခင်မင်ရင်းနှီးမှုတွေကိုလည်း ဆောင်ယူပေးပါတယ်။
အသေးစိတ်ဂရုစိုက်ပြီး ရွေးချယ်ပါ . . .
ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်းတွေရဲ့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာရေး၊ စိတ်ခံစားချက်နဲ့ပတ်သက်ပြီး အလေးအနက်ထားပါ။ ဘာသာရေးနဲ့ ပတ်သက်လို့ သင့်တော်ပြီး အရောင်တအားကြီး မတောက်လွန်းတဲ့ ကတ်လှလှလေးတွေကို ရွေးချယ်ပါ။ ကိုယ့်ရဲ့ခံစားချက်၊ ယုံကြည်ချက်တွေကို ဖော်ပြတဲ့ကတ်မျိုးကို ပိုပြီးရွေးချယ်သင့်ပါတယ်။
နှုတ်ဆက်စာ ရေးရာမှာလည်း ဂရုစိုက်ပါ။ တကယ်လို့ ကိုယ့်ရဲ့မိတ်ဆွေက ခရစ်စမတ်ပွဲလုပ်ဖို့ မသေချာဘူးဆိုရင် ခရစ်စမတ်ကတ်အစား ပျော်ရွှင်ဖွယ်အားလပ်ရက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးတာက ပိုသင့်တော်ပါတယ်။
လက်ရေးနဲ့ပဲ ရေးဖြည့်ပါ . . .
လက်ဆောင်ကတ်တွေကို ကြိုမှာထားမယ်ဆိုရင် ကတ်ပေါ်မှာ ကိုယ့်နာမည်ကို စာလုံးလှလှလေးတွေနဲ့ ပုံဖော်ထားဖို့ အချိန်ရစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကတ်ပေါ်မှာ လက်မှတ်ရေးထိုးရင်တော့ ကိုယ့်ရဲ့လက်ရေးမူနဲ့ပဲ အမြဲတမ်း ရေးထိုးသင့်ပါတယ်။
လက်ဆောင်ကတ်တွေ ကိုယ့်ဆီကို ရောက်ရောက်ချင်း ကိုယ့်မိတ်ဆွေရဲ့လိပ်စာကို ကတ်ပေါ်မှာ လက်ရေးနဲ့ ရေးပါ။ ပုံနှိပ်စာလုံးတွေနဲ့ ရေးတာကို ကိုယ့်ရဲ့မိတ်ဆွေက ဘယ်လောက်ပဲ အဆင်ပြေတယ်ပြောပြော ရှောင်သင့်ပါတယ်။ ကိုယ့်မှာ စာအိတ်ပေါ် လိပ်စာရေးဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်များနေတယ်ဆိုရင်တောင် ကိုယ့်ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အကူအညီတောင်းပါ။ ဒါမှမဟုတ်လည်း လိပ်စာရေးပေးဖို့ လူတစ်ယောက်ကို ငှားလိုက်ပါ။
စာအိတ်ပေါ်မှာ လိပ်စာရေးပြီးပြီဆို သူ့ရဲ့ နာမည်ရှေ့မှာ ဦး၊ ဒေါ်၊ ဒေါက်တာစတဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတွေကိုပါ ထည့်ရေးပါ။ ကိုယ်ပို့တဲ့လူတိုင်းဆီကို လက်ရှိကိုယ့်လုပ်ငန်းရဲ့လိပ်စာပါဖို့ကိုလည်း ဂရုစိုက်ပါ။ ပို့ရမယ့် လူမကျန်စေခဲ့ဖို့ကိုလည်း ဂရုစိုက်ရပါမယ်။
ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ တံဆိပ်ခေါင်းမျိုးကိုသုံးပါ . . .
စာပို့ခ ပိုကုန်မှာကို စိုးရိမ်မနေပါနဲ့။ ကိုယ့်ရဲ့စာအိတ်လှလှလေးကို ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ တံဆိပ်ခေါင်းမျိုးတွေနဲ့ ထပ်လောင်းအလှဆင်လိုက်ပါ။ ဒါဟာ ခင်မင်ရင်းနှီးမှုကို ပိုပြီးရရှိစေမယ့် အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
စာတိုရေးပါ . . .
ကတ်ပေါ်မှာ ကိုယ့်နာမည်၊ ကုမ္ပဏီနာမည်တွေကို ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ ပုံနှိပ်တယ်ဆိုရင်တောင် စာတိုတစ်ကြောင်း နှစ်ကြောင်းလောက် ထည့်ရေးသင့်ပါတယ်။ ခင်မင်ရင်းနှီးခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ စိတ်ရောကိုယ်ပါ ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်တဲ့ အကြောင်းရေးပါ။ ဒီစာတိုလေးတွေမပါဘဲ ပို့လိုက်တဲ့စာဟာ ပျော်ရွှင်မှုကို ပေးစွမ်းတာထက် မဖြစ်မနေမို့ ပို့ရတာဆိုတဲ့ ပုံမျိုးပေါ်သွားစေနိုင်ပါတယ်။ ကိုယ့်လိပ်စာ ပြောင်းသွားတယ်ဆိုရင် ကိုယ့်ရဲ့ နောက်ဆုံးလိပ်စာကတ်ကိုပါ စာအိတ်ထဲ ထည့်ပေးလိုက်ပါ။
လမ်းရိုးလမ်းစဉ်အတိုင်းပဲလုပ်ပါ။ အမှတ်တရ လက်ဆောင်ကတ်က သေးချင်သေးမယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့မိတ်ဆွေတွေကို တန်ဖိုးထားကြောင်းပြတဲ့ တန်ဖိုးကတော့ မသေးသွားဘဲ ခင်မင်ရင်းနှီးမှုတွေကို တိုးပွားစေမှာဖြစ်ပါတယ်။