Decentralization ဗဟိုမှ ချုပ်ကိုင်ခြင်းမဟုတ်သောစနစ်

လုပ်ငန်းစီမံခန့်ခွဲမှုအတွေးအခေါ်ကာလတွင် ၂၀ ရာစု ပထမနှစ်ဝက်အတွင်းက GM ကားကုမ္ပဏီက ဆန်းသစ်တီထွင်ခဲ့ပြီး ယခုအထိ အကြီးမားဆုံး အကျိုးသက်ရောက်သော စီမံခန့်ခွဲမှုကျင့်စဉ်မှာ Decentralization(ဗဟိုချုပ်ကိုင်မှု) ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ GM ၏ အမှုဆောင်၊ စီးပွားရေးစီမံခန့်ခွဲမှု အတွေးအခေါ်ပညာရှင်ကြီးများဖြစ်သော Peter Drucker နှင့် Alfred P.Sloan တို့က Organization Structure ဖွဲ့စည်းပုံကို သုံးသပ်၍ အကျိုးအများဆုံးရှိနိုင်သော ပုံစံများ၊ သဘောထားအမြင်များကို စာအုပ်ထုတ်ခဲ့သည်။ GM Corporation ကြီးမှာ ကားထုတ်လုပ်သော လုပ်ငန်း ၂၅ ခုနှင့် ကားပစ္စည်းထုတ်လုပ်သော လုပ်ငန်းအချို့ပါ ပါဝင်ပြီး ဖြစ်သလိုဖွဲ့စည်းထားခြင်း ဖြစ်ခဲ့သည်။ ပြိုကျရန် နီးစပ်သည်အထိ ဖြစ်ခဲ့သည်ဟု ဆိုသည်။

GM သည် ဘဏ္ဍာရေးကို ဗဟိုကချုပ်ကိုင်သည့်စနစ်ကို အဓိကထား၍ ကာလရှည်ကြာစွာ စီမံအုပ်ချုပ်သည်။ လစဉ်ဘတ်ဂျက်များ ရေးဆွဲထိန်းချုပ်သည်။ ထို့နောက် ကားဈေးကွက်ကို ခွဲခဲ့သည်။ GM သည် ဝယ်သူအမျိုးအစားငါးမျိုးကို ဦးတည်ထုတ်လုပ်သော ကားဈေးကွက်ငါးခုကို ခွဲရန်စီစဉ်လိုက်သည်။ နောက်တွင်  Brand တစ်ခုစီနှင့် ကားပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းသုံးခုကို သီးခြားလုပ်ငန်း Division အဖြစ်ခွဲပြီး မိမိလုပ်ငန်းများကို ထိုက်သင့်သော လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးလိုက်သည်။ ဗျူဟာအလိုအရ ဖွဲ့စည်းမှုပါ ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။

After Multifunctionalism

ယင်းအချိန်လောက်တွင်ပင် Dupont ကုမ္ပဏီကြီးကလည်း Division များခွဲ၍ ဗဟိုကချုပ်ကိုင်မှုကိုပါ ဖျက်ခဲ့သည်။ ပယ်ဖျက်ခဲ့သည့်ကြောင်း မတူကြပါ။ ကြီးထွားလွန်းပြီး ရှုပ်ထွေးမှုအခက်အခဲကြောင့် သီးခြား လုပ်ငန်းခွဲများအဖြစ် လုပ်ကိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။

Division များခွဲ၍ လုပ်ငန်းခွဲအလိုက်လုပ်သည့် Division Structure မတိုင်မီက ထိပ်မှစ၍ Function တစ်မျိုးစီအလိုက် အဆင့်ဆင့်အထက်မှ အောက်သို့ တာဝန်ယူထိန်းချုပ်သည့် Multifunctional Hierarchical ပုံစံဖြစ်ခဲ့သည်။ လုပ်ငန်းအမျိုးအစားအလိုက် အထူးပြုသည့်စနစ်ကို ‘Line ’ Management ဟုလည်း ညွှန်းဆိုသည်။

Divisionalization နှင့် Decentralization သည် တာဝန်နှင့်ဆုံးဖြတ်ချက်ချခြင်းကို အောက်ဆုံးတွင် အလုပ်လုပ်နေသောဖြစ်စဉ် အကုန်သိသူများထံသို့ တွန်းပို့သကဲ့သို့ပင် ဖြစ်သည်။ မန်နေဂျာများက မိမိတို့လုပ်ငန်းကို ကိုယ်တိုင်တာဝန်ယူရ၍ စိတ်တက်ကြွကြပြီး ယခင်ကကဲ့သို့ အထက်အောက် အပြန်အလှန်လုပ်ကိုင်ရသောအချိန်များ လျော့နည်းသွားကာ ဗျူဟာချခြင်းနှင့် လုပ်ငန်းလုပ်ဆောင်ခြင်းကို ခွဲခြားသွားသည်။ ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိကြီးများမှာ လုပ်ငန်းလုပ်ခြင်းတွင် တိုက်ရိုက်မပါဝင်တော့ သည့်အပြင် ယင်းလုပ်ငန်းကို ပီပီပြင်ပြင်လည်း မသိသဖြင့် ဝင်ပါရန်အဆင်မပြေပေ။ အမှုဆောင်ကြီးများက ပေါ်လစီကိုသာ Divisional Executive များ မပါဘဲ ချမှတ်ဆုံးဖြတ်ကြသည်။

ဗဟိုချုပ်ကိုင်မှုလိုအပ်သည့် လုပ်ငန်းအချို့

ယနေ့အချိန်အခါတွင် အချို့ကုမ္ပဏီများသည် ဗဟိုချုပ်ကိုင်မှုကို သုံးနေဆဲဖြစ်သည်ကို တွေ့ရသည်။ ဂျပန်စီးပွားရေးအဖွဲ့အစည်းများသည် စက်ရုံဝန်ထမ်းများအား စွမ်းဆောင်မှုအခွင့်အလမ်းများကို ပေးထားသော်လည်း ကော်ပိုရေးရှင်းအနေနှင့် ဗဟိုချုပ်ကိုင်မှုရှိဆဲ ဖြစ်သည်။ ဂျပန်လုပ်ငန်းများအနေဖြင့် စုပေါင်းဆုံးဖြတ်သောအစဉ်အလာရှိနေသဖြင့် အနောက်နိုင်ငံများကဲ့သို့ အထက်အောက်ကွာဟမှု မရှိလှပါ။ အထူးသဖြင့် ရေနံနှင့်သတ္တုတူးဖော်သည့်လုပ်ငန်းများတွင် နည်းပညာမှာ ဗဟိုကထိန်းချုပ်၍ အဆုံးအဖြတ်ကိုလည်း ဗဟိုက ပြုလုပ်ရသည်။

ဖွဲ့စည်းပုံနှင့်ပတ်သက်၍ Team Building နှင့် Decentralization ဘက်သို့ အားကောင်းလာသည်မှန်သော်လည်း အချို့မှာ အာဏာသုံးမှုအဆင့်ဆင့်ပုံစံကို သုံးနေဆဲဖြစ်သည်။ သို့ရာတွင် အဆင့်နည်းသည့်ပုံစံကို ပညာရှင် Drucker က တိုက်တွန်းသည်။ အဆင့်များခြင်းမှာ သတင်းပို့ဆောင်မှုလမ်းတွင် ပျောက်ဆုံးမှုရှိနိုင်ခြင်းကြောင့် ဖြစ်သည်။ သူ့အနေဖြင့် စီးပွားရေးလုပ်ငန်းကို အကောင်းဆုံးဖွဲ့စည်းမှုပုံစံတစ်မျိုးတည်း မဖြစ်နိုင်၊ အခြေအနေလိုအပ်ချက်ကိုကြည့်၍ အလျှော့အတင်းလုပ်ရမည်ဟု ဆိုသည်။

ယခုခေတ် IT ဖြစ်ထွန်းမှုအသစ်များကြောင့် အလုပ်တစ်နေရာတည်းလုပ်ရန်မလိုဘဲ နေရာခွဲများက ဆက်သွယ်ဆောင်ရွက်နိုင်သော၊ ဗဟိုချုပ်ကိုင်မှု မလိုအပ်တော့သော အခြေအနေများ ပိုရှိလာသည်။ မိမိကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်ခွင့်များ ရရှိသဖြင့် အလုပ်လုပ်သူများ ပို၍တက်ကြွကာ စိတ်ပါလက်ပါ လုပ်ကိုင်လာသည့်ကောင်းကျိုးကို တွေ့နိုင်သည်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ - ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)