စစ်တုရင်သင်တန်းတစ်ခုမှာပါ။ နည်းပြဆရာက သရုပ်ပြပုံစံတစ်ခုကို တည်ဆောက်လိုက်တယ်။ ကလေးတွေကို ဘာမြင်သလဲလို့ မေးတယ်။ ကလေးတွေက အမျိုးမျိုး ဖြေကြတယ်။ ဆရာက ပြန်ဆွေးနွေးတယ်။ စစ်တုရင်အရုပ်တွေကိုကြည့်ချိန်မှာ သူတို့ရဲ့အစွမ်းသက်ရောက်ရာကို မြင်အောင်ကြည့်ဖို့ ပြောတယ်။ ပိုရှင်းသွားအောင် နောက်ထပ်ပုံစံတစ်ခုကို စစ်တုရင်သင်ခန်းစာ စာအုပ်ထဲကနေထုတ်နုတ်ပြီး စစ်တုရင်ခုံပေါ်မှာ စီလိုက်တယ်။
''ဒါ ၁၉၇၀ ပြည့်နှစ်တုန်းက ကစားခဲ့တဲ့ပွဲတစ်ပွဲကွ။ ကဲအဖြူရွှေ့လှည့်။ ဘာရွှေ့ကြမလဲ။ ''ကလေးတစ်ယောက်က အဖြေမှန်ရသွားခဲ့တယ်။ ရထားကို e8 ရွှေ့ပြီး စတေးလိုက်မယ်တဲ့။ အနက်မြင်းက e8 ကို ထိန်းထားတာမှန်ပေမဲ့ အုပ်ကွက်မိနေတဲ့အတွက် အလကား ဖြစ်သွားတယ်။ ဒီတော့ ဘုရင်နဲ့ စားလိုက်ရတယ်။ ဘုန်းကြီးကို b5 ရွှေ့ပြီး အနက်ဘုရင်ကို ခွေတယ်။ အနက်ဘုရင်ကို အကာအကွယ်ပေးရတယ်။ ဒီမှာတင် လေထဲကဘုရင်မ ကျသွားပါရော။
အဖြေမှန်ရတာဟာ ထင်ရာမြင်ရာလျှောက်ရွှေ့ပြီး ရသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးရတဲ့ အဖြေရခြင်းဟာ ရေရှည်အတွက် မကောင်းပါဘူး။ ချဉ်းကပ်မှုပုံစံမှန်ကန်ရပါမယ်။
အထောက်အကူမဲ့ လွတ်နေတဲ့အနက်ဘုရင်မကို သတိပြုမိရပါမယ်။ ကြားထဲကခံနေတဲ့ အဖြူဘုန်းကြီးကို ဖယ်ပြီး မြင်တတ်ရပါမယ်။ ကြားထဲကအတားအဆီးတွေကို ဖောက်ထွင်းပြီး ဓာတ်မှန်ရိုက်သလိုမျိုး မြင်အောင်ကြည့်နိုင်မယ်ဆိုရင် ပုန်းနေတဲ့အကွက်တွေကို ဖော်ထုတ်နိုင်မှာပါ။
ကျန်တဲ့နယ်ပယ်တွေဖြစ်တဲ့ စီးပွားရေးမှာ၊ စစ်ရေးမှာ၊ နိုင်ငံရေးမှာအလားတူပါပဲ။ အနေအထားတစ်ရပ်ကို ချဉ်းကပ်လေ့လာရာမှာ ပါဝင်ပတ်သက်နေသူတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရပါမယ်။ တချို့အပိုင်းတွေကို စိတ်ကူးထဲမှာဖယ်ရှားပြီး ကြည့်မြင်နိုင်ရပါမယ်။ ဖယ်ရှားရမယ့်အပိုင်းကို ဖယ်ပြီးကြည့်သလို ဖြစ်သွားနိုင်တဲ့ အခြေအနေကိုလည်း ပုံဖော်မြင်နိုင်ရပါမယ်။
လေ့လာမှုများဖို့လိုအပ်သလို လေ့ကျင့်မှုလည်း ရှိရမှာပါ။ ဒါဆိုရင် ဗျူဟာမြောက်အနေအထားပုံစံတွေကို အလိုလိုမြင်လာမှာ ဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းချက်ရောက်အောင်သွားဖို့ ဘာတွေကိုဖယ်ရှားရမလဲ၊ ဘာတွေကိုချန်ထားရမလဲဆိုတဲ့ မေးခွန်းတွေအတွက်လည်း အဖြေရှိလာပါလိမ့်မယ်။
မောင်မောင်လွင် (စစ်တုရင်)