Crowdfunding ဆိုတာ . . .
Crowdfunding - ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းဆိုတာ လုပ်ငန်းတစ်ခုခုလုပ်ဖို့ လူအများစုပြီး ရန်ပုံငွေထည့်ဝင်ကြခြင်းပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အင်တာနက်ကတစ်ဆင့် အဲဒီလိုလုပ်ကြတာဖြစ်ပြီး စာတိုက်က တစ်ဆင့်လည်း ဆက်သွယ်ပါဝင်နိုင်ကြပါတယ်။ သမားရိုးကျ ဘဏ္ဍာငွေကြေးဆိုင်ရာလုပ်ငန်းနဲ့ မတူဘဲ တစ်နည်းတစ်ဖုံလုပ်ကိုင်ကြတာပါ။
ငွေကြေးစုပေါင်းပံ့ပိုးပေးမှုလုပ်တဲ့နေရာမှာ လူသုံးမျိုးပါဝင်ပါတယ်။ ပထမတစ်မျိုးက ဘာလုပ်ချင်တယ်ဆိုတာ စတင်အကြံပြု တင်ပြလိုက်တဲ့လူ၊ ဒုတိယတစ်မျိုးကတော့ အဲဒီအကြံပြုချက်ကို စိတ်ပါဝင်စားလာပြီး လုပ်ကိုင်ချင်တဲ့သူနဲ့တတိယတစ်မျိုးကတော့ စုစုပေါင်းအကောင်အထည်ဖော် လုပ်ကိုင်ပေးမယ့်အဖွဲ့အစည်းတို့ပဲ ဖြစ်တယ်။
ရှည်လျားတဲ့သမိုင်းကြောင်း . . .
ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းနဲ့ပတ်သက်လို့ ရှည်လျားတဲ့သမိုင်းကြောင်းရှိပါတယ်။ အရင်ခေတ်တွေတုန်းက စာအုပ်ရေးသားထုတ်ဝေရေးတွေအတွက် လိုအပ်တဲ့ငွေကြေးကို ဒီနည်းနဲ့ရယူခဲ့ကြတယ်။ စာအုပ်ရေးမယ့်သူနဲ့ ထုတ်ဝေမယ့်သူက စာအုပ်အကြောင်း ကြိုတင်ကြော်ငြာလိုက်ပြီး ဖတ်ချင်ကြသူတွေက ငွေကြိုပို့ကြရမှာ ဖြစ်ပါတယ်။ ဒီလိုငွေကြိုတင်ပေးမှာယူတဲ့ စီးပွားရေးလုပ်နည်းလုပ်ဟန်ဟာ Crowdfunding - ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းနဲ့ တူတယ်လို့တော့ အတိအကျမပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စာအုပ်တကယ်ထွက်လာမှပဲ ငွေက တကယ်စီးဆင်းလာမှာ ဖြစ်တယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒီလိုကြိုမှာယူကြသူတွေရဲ့ စာရင်းကိုကြည့်ပြီး ဒီအလုပ်မှာ ပါဝင်ရင်းနှီးမြှုပ်နှံမယ့်သူတွေ အားတက်လာကာ စာအုပ်ထုတ်ဝေဖို့မှာ ပါဝင်လာကြမှာ ဖြစ်တယ်။
၁၈၅၀ ပြည့်နှစ်တုန်းက August Comte’s ဆိုတဲ့ ဒဿနိက တွေးခေါ်ပညာရှင်တစ်ဦးဟာ သူနောက်ထပ်ထုတ်မယ့်စာအုပ်အတွက် ငွေလိုနေတဲ့အတွက် အများပြည်သူဆီက ငွေရအောင် Note တွေ ထုတ်လိုက်တယ်။ အဲဒါတွေထုတ်ပြီး ငွေချေးတာဖြစ်တယ်။ သဘောကတော့ သူထုတ်မယ့်စာအုပ်အတွက် အများက ဝိုင်းပြီး ငွေကြေးပံ့ပိုးပေးကြဖို့ဖြစ်တယ်။ War Bonds လို့ခေါ်တဲ့ စစ်စရိတ်အတွက် အစိုးရက အများပြည်သူတွေကို ဘွန်းစာချုပ်တွေ ထုတ်ရောင်းချတာဟာလည်း Crowdfunding သဘောတစ်မျိုးပဲ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ၁၉ ရာစုနှစ်လောက်ရောက်လာတဲ့အခါ အနောက်ဥရောပနဲ့ မြောက်အမေရိကတို့မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။ ၁၈၈၅ ခုနှစ်အတွင်း အမေရိကန်အစိုးရဟာ Statue of Liberty (လွတ်လပ်ရေးရုပ်ထု) အတွက် အောက်ခံတည်ဆောက်ဖို့ ငွေကြေးမထောက်ပံ့နိုင်တဲ့အခါ သတင်းစာတစ်စောင်က ဦးစီးပြီး အလှူခံလိုက်တာ အလှူရှင် ၁၆၀,၀၀၀ ပါဝင်လာကြတာမျိုးလည်း ရှိဖူးပါတယ်။
လက်ရှိခေတ်က ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းပုံစံ . . .
ဒီကနေ့မျက်မှောက်ခေတ် Crowdfunding လုပ်ကြတာတော့ အများအားဖြင့် လူမှုမီဒီယာတွေကတစ်ဆင့် လုပ်ကြတာပါပဲ။ ပထမဦးဆုံးလူသိများလာတဲ့ ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းကို အနုပညာနယ်ပယ်နဲ့ တေးဂီတနယ်ပယ်တွေမှာ တွေ့ရတယ်။ ၁၉၉၇ ခုနှစ်ထဲမှာ ဗြိတိသျှရော့ခ်တေးဂီတအဖွဲ့Marillion တစ်ဖွဲ့လုံး အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံး လှည့်လည်နိုင်ရေးအတွက် တေးဂီတဝါသနာရှင်တွေက ဝိုင်းဝန်းပြီး ငွေကြေးပံ့ပိုးပေးခဲ့ကြတယ်။ အင်တာနက်ကတစ်ဆင့် ဝါသနာရှင်တွေက စုပေါင်းလှူလိုက်ကြတာ ဒေါ်လာခြောက်သောင်းရသွားတယ်။ ၁၉၉၇ ခုနှစ်ထဲမှာလည်း ဗြိတိသျှ ရုပ်ရှင်ဒါရိုက်တာတစ်ဦးဟာ ဒီလိုပဲကြော်ငြာပြီး အကူအညီတောင်းတဲ့အတွက် သူ့ကိုအားပေးကြတဲ့ ဝါသနာရှင်တွေက ဝိုင်းပြီး ကူညီလို့ ၁၂၀,၀၀၀ ကျော် ရသွားပြီး ရိုက်လက်စရုပ်ရှင်ကို ဆက်လက်ရိုက်နိုင်ခဲ့တယ်။
ဘယ်သူတွေလုပ်နေကြသလဲ . . .
၂၀၀၃ ခုနှစ်ထဲရောက်တော့ Crowdfunding နဲ့ ပတ်သက်တဲ့ ArtistShare ဆိုတဲ့အဖွဲ့ပေါ်လာတယ်။ ဒီအဖွဲ့ကို အနုပညာမြတ်နိုးကြသူတွေ စုပေါင်းပြီး ငွေကြေးပံ့ပိုးပေးကြတယ်။ သူ့နောက်ပိုင်းအင်တာနက်မှာ ပေါ်လာတာတွေကတော့ IndieGoGo ၊ Kickstarter နဲ့ Microventure အဖွဲ့တွေဖြစ်တယ်။
ရှေ့မှာပြောခဲ့သလိုပဲ Crowdfunding လုပ်ကြတာကတော့ ကြာလှပါပြီ။ ဒါပေမဲ့ Crowdfunding ဆိုတဲ့ စကားလုံးပေါ်လာတာကတော့ ၂၀၀၆ ခုနှစ်၊ သြဂုတ်လထဲကမှဖြစ်ပြီး Michael Sullivan ဆိုသူက စတင်အသုံးပြုခဲ့တာဖြစ်တယ်။ အဲဒီတုန်းက သူက ''အရေးကြီးတာတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ လူတွေစုပြီး ငွေကြေးစုပေါင်းပံ့ပိုးပေးလိုက်တာ (Crowdfunding) ကတော့ အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒီအပေါ်မှာ တခြားကျန်တာတွေတည်ဆောက်သွားရတာပါ''လို့ ပြောခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံ ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းပုံစံကိုလေ့လာခြင်း . . .
နိုင်ငံတကာ ငွေကြေးစုပေါင်းပံ့ပိုးပေးတဲ့ Website တွေရှိသလိုပဲ ထိုင်းနိုင်ငံမှာလည်း နိုင်ငံရဲ့ အလားအလာကောင်းတွေရှိတဲ့ အနုပညာနဲ့ Start-up အဝန်းအဝိုင်းကို အကူအညီလိုအပ်နေသူတွေအတွက် Asiola ဆိုတဲ့ Website တစ်ခုရှိပါတယ်။
ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံတစ်ခုလုံးကို ခြုံပြီးပြောရမယ်ဆိုရင် ဈေးကွက်က သိပ်ကို တီထွင်ဖန်တီးနိုင်မှု အားကောင်းတာကိုတွေ့ရသလို အနုပညာ၊ အစားအသောက်၊ သီးချင်းတွေနဲ့ ဖက်ရှင်အပါအဝင် Start-up တွေမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ တီထွင်ဖန်တီးမှုတွေလုပ်ဖို့ လူအများစုက စိတ်ဝင်စားတာကိုတွေ့ရတာကြောင့် ဒီလို Website ကို လုပ်ဖြစ်ကြောင်း Asiola ရဲ့ CEO နဲ့ Founder ဖြစ်သူ Jon Lor ကဆိုပါတယ်။
Asiola က လူတွေအတွက် စိတ်ဝင်စားစဖွယ်ဖြစ်သလို အဓိပ္ပာယ်လည်းရှိတဲ့ Content တွေ ရရှိနိုင်အောင် လုပ်ပေးတဲ့ ပထမဆုံးနဲ့ အဓိကကျတဲ့ Mission တစ်ခုဖြစ်တယ်လို့ သူ့ရဲ့ CEO Lor ကဆိုပါတယ်။
အလုပ်လုပ်တဲ့ပုံစံ . . .
ပုံမှန် ငွေကြေးစုပေါင်းပံ့ပိုးပေးရုံတင်လုပ်တဲ့ Website သက်သက်မဟုတ်ဘဲ စိတ်ကူးကောင်းတွေကို အကောင်အထည်ဖော်ပေးတဲ့ Website တစ်ခုဖြစ်ပါတယ်။ Asiola အဖွဲ့သားတွေနဲ့ project Manager တွေက အနုပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အသေးစိတ်ကအစ Campaign လုပ်ဖို့နဲ့ လုပ်ပြီးနောက်ပိုင်းကိစ္စတွေအထိပါ ပါဝင်ကူညီတာဖြစ်ပါတယ်။
Asiola က ကိုယ့်စိတ်ကူးတွေတင်ပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုရဖို့ရုံ လုပ်ပေးထားတဲ့ Platform မဟုတ်ဘဲ Idea ကိုဖန်တီးတဲ့သူတွေအတွက် သူတို့စိတ်ကူးအကောင်အထည်ပေါ်ဖို့ Campaign တစ်လျှောက် ရင်းနှီးမြှုပ်နှံသူတွေကို ဘယ်လို Reward တွေ ပြန်ပေးမယ်ဆိုတာကအစ ကိုယ့်စိတ်ကူးကို ဘယ်လိုဘယ်ပုံကြော်ငြာမလဲဆိုတာနဲ့ ပတ်သက်လို့ Video ရော၊ Content တွေကိုပါ ဝိုင်းဝန်းကူညီစဉ်းစားကာ ပံ့ပိုးပေးတာဖြစ်ပါတယ်။ Campaign အောင်အောင်မြင်မြင်နဲ့ ရင်းနှီးငွေရရှိသွားခဲ့ရင်လည်း Logistics ကို ဘယ်လိုဖြည့်ဆည်းစီမံမလဲ၊ Campaign အတွက် Reward တွေပြန်ပေးတာကရော ကောင်းကောင်းစီမံနေရဲ့လား၊ ရင်းနှီးငွေထည့်ပေးသူတွေအားလုံးရော သူတို့ပေးရတာနဲ့ ညီမျှတာကို ပြန်ရရဲ့လား စသဖြင့် အစအဆုံးကူညီပေးတာဖြစ်ပါတယ်။
လက်ရှိအနေအထား . . .
လက်ရှိ Beta အဆင့်အခြေအနေမှာတော့ Asiola မှာ Campaign ၁၅ ခုလောက်ရှိပြီး Website ပေါ်မှာ ပြထားပါတယ်။ အဲဒီထဲက တစ်ဝက်လောက်က လိုအပ်တဲ့ငွေကြေးရပြီးဖြစ်သလို တချို့လောက်က သူတို့ရချင်တဲ့ ငွေကြေးမရခဲ့တာမျိုးလည်းရှိတယ်လို့ တွေ့ရပါတယ်။ Asiola ရဲ့ လက်ရှိ Campaign တွေထဲက တော်တော်များများဟာ သက်ဆိုင်ရာနယ်ပယ်က နာမည်ရပြီးသားသူတွေက လုပ်နေတာဖြစ်ပါတယ်။ ဥပမာ - ထိုင်း Hip-Hop အဖွဲ့ Thaitanium ရဲ့ Thaitay Rap Bootcamp Project ဆိုရင် ငွေအရင်းအနှီး ပြည့်သွားပြီးဖြစ်ပါတယ်။ Asiola ရဲ့တည်ထောင်သူ Lor ရဲ့အစီအစဉ်က အစပိုင်းမှာတော့ အဲဒီနာမည်ကျော်တွေကို နောက်ကထောက်ပံ့တဲ့ ကော်မတီတွေနဲ့ သူတို့ရဲ့ပရိသတ်တွေကို ဒီလို ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းအစီအစဉ်ကို အရင်ပြောကာ စတင်ခဲ့တာဖြစ်ပါတယ်။
Target ထားတဲ့အသိုင်းအဝိုင်း . . .
အစပိုင်းမှာတော့ ငွေကြေးစုပေါင်းပံ့ပိုးခြင်းအကြောင်းကို ကြားဖူးနားဝရှိသလို ကျွန်တော်တို့အတူလုပ်နေတဲ့ အနုပညာရှင်တွေရဲ့ ပရိသတ်တွေလည်းဖြစ်တဲ့ လူနည်းစုကိုပဲ Target ထားထားပါသေးတယ်။ ဥပမာ - Thaitanium Yellow Fang ၊ Hugo နဲ့ Montonn Jira တို့ရဲ့ ပရိသတ်တွေကိုပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာကတော့ အဲဒီပရိသတ်တွေကတစ်ဆင့် ငွေကြေးစုပေါင်းပံ့ပိုးခြင်းအကြောင်းကို သူတို့သူငယ်ချင်း၊ မိသားစုတွေကို ပြောပြကာ သူတို့နှစ်သက်တဲ့ Campaign တွေထဲပါဝင်လာအောင် ဆွဲဆောင်ပေးနိုင်ဖို့ဖြစ်ပါတယ်လို့ Jon lor က ပြောပါတယ်။
Asiola ရဲ့ Campaign တွေက ထိုင်းနိုင်ငံလူအနည်းစုလောက်သာ ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းအကြောင်းကို နားလည်သေးတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ လက်ရှိနာမည်ကြီး ငွေကြေးစုပေါင်းပံ့ပိုးမှုပြုလုပ်ခဲ့တဲ့ Campaign တွေရဲ့ ကတိအတိုင်းမလုပ်ပေးနိုင်၊ ဖြစ်မြောက်မလာမှုတွေကြောင့်လည်း လူတွေက နောက်ပိုင်းအာရုံစိုက်မှု နည်းလာကြတာဖြစ်ပါတယ်။ Lor က လူတွေကို သူလက်ရှိလုပ်နေတဲ့ Business Model ရဲ့ ကောင်းမွန်တဲ့အတွေ့အကြုံကို ပိုမိုနားလည်လာကြအောင် ရည်ညွှန်းချက်တွေနဲ့ ပါဝင်မှုတွေ အတိုင်းအတာ တစ်ခုအထိ လိုနေသေးတယ်လို့ ထင်ပါတယ်။
ဒီလိုပုံစံအသစ်နဲ့ငွေကြေးစုပေါင်းပံ့ပိုးခြင်းက အတော်လည်း အသစ်အဆန်းဖြစ်နေသေးတာကြောင့် Consumer အနည်းအကျဉ်းလောက်က ဒီအကြောင်းကို နားလည်ပါသေးတယ်။ အဲဒီနားလည်တဲ့လူတွေကပဲ Model ရဲ့ ထိရောက်မှုကိုမြင်နိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလတွေက ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်း Campaign တွေက အစီအစဉ်မှာ အားနည်းချက်တွေရှိတာကြောင့်ပဲဖြစ်ဖြစ် Project တွေနောက်ကလူတွေက ပြောသလို မလုပ်နိုင်တာတွေကြောင့်ပဲဖြစ်ဖြစ် အကောင်အထည် မပေါ်လာတာတွေအများကြီးရှိပါတယ်။
တချို့အလုပ်မဖြစ်တဲ့ Campaign လုပ်သူတွေဆိုရင် သူတို့ပိုက်ဆံကိုသုံးလိုက်ကြပြီး ဘာသံမှတောင် ပြန်မကြားရတော့တာမျိုးတွေလည်းရှိပါတယ်။
Asiola ကတော့ အနုပညာရှင်တွေရော၊ လုပ်ငန်းတွေကပါ ကျွန်တော်တို့ကို တစ်ခုခု သက်သေပြစရာရှိမှ ပံ့ပိုးမှုပေးပါတယ်လို့ Jon Lor က ဆိုပါတယ်။
ဥပမာအားဖြင့် Indie Band တစ်ခုဖြစ်တဲ့ Yellow Fang ဆိုရင် သူတို့ရဲ့ အယ်လ်ဘမ်အသစ်အတွက် ငွေကြေး စုပေါင်းပံ့ပိုးခြင်းကိုလိုနေခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း ပိုက်ဆံအရင်ပေးလိုက်ပြီး သူတို့အလုပ်ကို ဆက်လုပ်စေတာမျိုးမဟုတ်ဘဲ သူတို့သီချင်းတွေ အားလုံးပြီးသွားပြီဆိုတာသိတာနဲ့တစ်ပြိုင်နက်တည်း ပိုက်ဆံပေးပါမယ်။ အဲဒီပိုက်ဆံကို သူတို့အယ်လ်ဘမ် ပိုများများထုတ်နိုင်သလို Music Video ရိုက်တာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် လုပ်ချင်တာလုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့သီချင်းတွေမပြနိုင်ဘဲနဲ့တော့ သူတို့ကို ကျွန်တော်တို့ ငွေကြေးပံ့ပိုးပေးမှာမဟုတ်ပါဘူး။ ဒီလိုလုပ်တာကလည်း ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းဆိုတာကို လူတွေ ပိုနားလည်လာအောင်လုပ်တဲ့နေရာမှာ အရေးကြီးပါတယ်လို့ သူက ပြောပါတယ်။
ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းကိုသာ လူပိုသိလာခဲ့ပြီး ပိုတွင်ကျယ်လာရင် သူ့ရဲ့ လုပ်ငန်းလုပ်ပုံလုပ်နည်းက ကောင်းသောပြောင်းလဲခြင်းတွေကို ယူဆောင်လာနိုင်ပေးမယ်လို့Lor က ယုံထားပါတယ်။ လူတွေက သူတို့ပိုက်ဆံသုံးပြီး တိုင်းတာနိုင်တဲ့အပြောင်းအလဲတစ်ခုကိုလုပ်နိုင်မယ်၊ ပြီးတော့ အဲဒီတစ်ခုက ဖြစ်မြောက်သလား၊ မဖြစ်မြောက်ဘူးလားဆိုတာကိုလည်း မြင်တွေ့နိုင်ပါမယ်။ ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းဆိုတာက အပြောင်းအလဲလုပ်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါက တစ်ဦးတစ်ယောက်အတွက်မဟုတ်ဘူး အများအတွက်ဖြစ်ကာ မတူခြားနားခြင်းတစ်ခုကို ပူးပေါင်းလုပ်ဆောင်ခြင်းပါပဲ။ ဒီလို စုပေါင်းပံ့ပိုးပေးတာထက် ပိုစွမ်းအားရှိတာက ကမ္ဘာမှာ အနည်းငယ်ပဲရှိပါတယ်လို့ သူကပြောပါတယ်။
ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းရဲ့ အလားအလာ . . .
စိတ်ကူးတစ်ခုကို အကောင်အထည်ဖော်ဖို့ဆိုတာနဲ့ ဖြစ်မြောက်အောင်မြင်အောင် မောင်းနှင်းဖို့ဆိုတာက တစ်ဦးတစ်ယောက်တည်းအင်အားနဲ့ဆိုရင် မဖြစ်နိုင်ပါဘူး။ ပူးပေါင်းပါဝင်ပံ့ပိုးပေးသူတွေနဲ့သာဆိုရင် မြန်မြန်ခရီးပေါက်အောင်မြင်မှာပါ။ ဥပမာ - Oculus Rift ဆိုတဲ့ Virtual reality Headset ကို ထုတ်နိုင်ခဲ့တဲ့အကြောင်းက သက်သေပါပဲ။ Kickstarter Website က Campaign တစ်ခုဖြစ်တဲ့ Oculus Rift ထုတ်လုပ်ရေးဟာ အစပိုင်းမှာတော့ ဒေါ်လာ ၂၅၀,၀၀၀ ကိုရည်မှန်းထားပြီးစတင်ခဲ့တာဖြစ်ပေမဲ့ တကယ်တော့ ဒေါ်လာ ၂ ဒဿမ ၅ သန်းရရှိခဲ့ပြီးအောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်း Facebook ကနေ ဒေါ်လာနှစ်ဘီလီယံနဲ့ ဝယ်ယူခဲ့ရတဲ့အထိ အောင်မြင်မှုသာဓကတွေ ရှိနေတာပါ။
ဒါကြောင့် စိတ်ကူးကောင်းနဲ့အစီအစဉ်ကောင်း ထုတ်နိုင်သူတွေကို ရင်းနှီးမတည်ငွေသာ စုပေါင်းပံ့ပိုးပေးနိုင်ကြမယ်ဆိုရင် လူငယ်အများစုနဲ့စတင်လာနေတဲ့ Start-up တွေအတွက်နဲ့ Rntreprenuership အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာမယ်ဆိုတာ မလွဲပါဘူး။ ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းနဲ့ပတ်သက်လို့ အဆုံးသတ်အနေနဲ့ Forbes’ Asia ကရွေးချယ်တဲ့ ကဏ္ဍအသီးသီးက ၂၀၁၆ ခုနှစ်အတွက် အသက် ၃၀ အောက် Entreprenuer စာရင်းထဲမှာ ပါဝင်ခဲ့သူ ကိုရဲမြတ်မင်းနဲ့ ကိုရဲဝင့်ကိုတို့နှစ်ယောက်ကို ငွေကြေးစုပေါင်းပံ့ပိုးပေးခြင်းနဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့တာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
ကိုရဲမြတ်မင်း
Founder & CEO
NEX Co Ltd
စွန့်ဦးတီထွင်သူတွေနဲ့ အသစ်တီထွင်သူတွေ အားလုံးအတွက် သူတို့ရဲ့ Start-up တွေကို တည်ထောင်နိုင်ဖို့ Crowdfunding က နည်းလမ်းကောင်း တစ်ခုဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။ စိတ်ကူးစိတ်သန်းကောင်းတွေ ရှိတဲ့လူတွေ အများကြီးရှိနေပေမဲ့ သူတို့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့အတွက် ရင်းနှီးမတည်ငွေ မရှိကြပါဘူး။ Crowdfunding က စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်စေမှာ အသေအချာပါပဲ။ ပြီးတော့ ဒီနည်းလမ်းက ကိုယ့်စိတ်ကူးကို လူဘယ်လောက်က ကြိုက်နှစ်သက်သလဲဆိုတာကိုသိနိုင်ဖို့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်နေတာပါ။ ကိုယ့်အစီအစဉ်သာ စနစ်တကျ အောင်မြင်အကောင်အထည်ပေါ်လာရင် သူတို့က ကိုယ့်ရဲ့ Customer တွေလည်း ဖြစ်လာနိုင်ပါတယ်။
ကိုရဲဝင့်ကို
Co-Founder
Bindez
Crowdfunding က ပရဟိတကို အခြေခံတယ်လို့ ထင်ပါတယ်။ Crowdfunding ရဲ့အားသာချက်က လူတစ်ဦးတစ်ယောက်ထဲကနေ အများကြီးထည့်စရာမလိုဘဲ လူအများစုကနေ ထည့်သွားတယ်။ ကျွန်တော်သိခဲ့ရသလောက် Kitcktarter ကနေပြီးတော့ Funding ရခဲ့တဲ့ Product ထုတ်တဲ့ Campaign တွေရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီထုတ်ကုန်ကို ရောင်းလို့ရတဲ့ငွေနဲ့ ဆက်ပြီးလည်ပတ်ခဲ့တယ်။ Crowdfunding က Business တွေအတွက် စစချင်းတော့ အတိုင်းအတာတစ်ခုထိအောင်မြင်နိုင်မယ်။ အဲဒီနောက်ပိုင်းမှာတော့ ကိုယ်တိုင်ကြိုးစားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း Crowdfunding ရှာနေလို့မရပါဘူး။
Idea တစ်ခု၊ လုပ်ငန်းတစ်ခုစလုပ်ရင် ရင်းနှီးမြှုပ်နှံဖို့ဆိုတာ ရင်းနှီးမြှုပ်နှံတဲ့သူတွေက ဘာပြန်ရမလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ ဥပမာ - ဘောလ်ပင်ထုတ်တဲ့ကုမ္ပဏီက Crowdfunding လုပ်မယ်ဆိုရင် ထုတ်ပြီးတဲ့အချိန်မှာ ဘောလ်ပင်တစ်ချောင်းပြန်ပေးရတာဖြစ်ဖြစ်၊ တခြားပေးတာဖြစ်ဖြစ်ရှိတယ်။ မြန်မာပြည်မှာ လုပ်ဖူးတဲ့သူတွေလည်းမရှိသေးတော့ အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာတော့ ပြောရခက်ပါတယ်။ ကျွန်တော်ထင်တာကတော့ တစ်ယောက်ယောက်က စမ်းလုပ်ကြည့်ပြီးမှပဲ ရလဒ်ကို အကဲခတ်လို့ ရနိုင်မယ်လို့ထင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လုပ်သွားမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ အခက်အခဲတွေရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ တချို့ Hardware Product တွေက ပြဿနာမရှိပေမယ့် Software Product တွေကတော့ လူတွေရဲ့ ယုံကြည်မှုရဖို့အတွက် အခက်အခဲရှိမယ်လို့ ထင်ပါတယ်။
အယ်ဒီတာအဖွဲ့